ညောင်ရေသွန်းပွဲတော်သည် မြန်မာ ၁၂ လ ရာသီပွဲတော်တွင်ပါဝင်သော
ဗုဒ္ဓဘာသာဝင်များ၏ ထူးမြတ်သော ပွဲတော်ဖြစ်သည်။ ညောင်ရေသွန်း ပွဲတော်ကို မြန်မာလရာသီဖြစ်သည့်
ကဆုန်လတွင် ကျင်းပလေ့ရှိပါသည်။
ကဆုန်လကို ရေပြတ်သောလဟု လည်းကောင်း၊ ရေသွန်းလဟု လည်းကောင်း
ပညာရှိ တို့က အနက်ဖွင့်ကြပါသည်။ ကဆုန်လတွင်ပွင့်သော ရာသီပန်းကား စံကားပန်း၊ ရာသီမှာ
ဗြိစ္ဆာရာသီ၊ ရာသီ ရုပ်မှာ နွားလား၊ စန်းယှဉ်နက္ခတ်မှာ ဝိသာခါနက္ခတ် ဖြစ်ပေသည်။ ညောင်ရေသွန်းပွဲတော်ကျင်းပသောနေ့သည်
ကဆုန် လပြည့်နေ့ဖြစ်သည်။ ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး
ထူးခြား ချက်များမှာ (၁) ဘုရားအလောင်းတော် သုမေ ဓာရှင်ရသေ့သည် လွန်ခဲ့သော လေးသင်္ချေနှင့်
ကမ္ဘာ တစ်သိန်းထက်က ယခု ဘဒ္ဒကမ္ဘာတွင်လေးဆူမြတ် ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ်ဧကန်အမှန်
ဖြစ်ပေလိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယကဗျာဒိတ်ကိုခံယူရရှိသောနေ့ဖြစ်ခြင်း၊
(၂) မဟာသက္က ရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ့တွင် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို
ဖွားမြင်တော်မူခြင်း၊ (၃) မဟာ သက္ကရာဇ် ၁ဝ၃ခုနှစ် ကဆုန်လပြည့်နေ့တွင် နေမဝင်မီ ဒေဝပုတ္တမာရ်ကိုအောင်မြင်တော်မူ၍
ညဥ့်ဦး ယံ ပုဗ္ဗေနိ ဝါသာနုဿတိ ဥာဏ်တော်ကို လည်းကောင်း၊ မဇ္ဈိမယံတွင် ပုဗ္ဗေစက္ခု ဥာဏ်တော်ကို
လည်းကောင်း၊ ပစ္ဆိမယံ တွင် အာသဝက္ခယဥာဏ်တော်ကို လည်းကောင်း ရရှိတော်မူပြီး လောကသုံးပါးတွင်
အတုမရှိသော ဘုရား အဖြစ်သို့ ရောက်တော်မူခြင်း၊ (၄) မြတ်စွာဘုရား ရှင် ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက်
၄၅ နှစ် ကာလ ပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူကာ
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် နိဗ္ဗာန်စံဝင်တော်
မူခြင်းတို့ဖြစ် လေသည်။
ထိုကဲ့သို့ ထူးမြတ်သော ကဆုန်လပြည့်နေ့တွင်
ဂေါတမဘုရားရှင်သည် ဗောဓိညောင်ပင်တွင် ပွင့်တော် မူခဲ့၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်ပိုင်း
ဗုဒ္ဓ ဘာသာဝင်အပေါင်းတို့သည် ဘုရားဖြစ်တော်မူသော နေ့ထူး နေ့မြတ်ကို အာရုံပြု၍ မဟာဗောဓိညောင်ပင်ကို
ညောင်သက်ရှည်စေရန်နှင့် သာသနာတော်အဓွန့်ရှည်စေ ရန်အ တွက် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်
ပင်ကို ရေသွန်းလောင်းကြသည်။
ပုဂံခေတ်ပုထိုးကျောက်စာတို့တွင် ကုဆုန်လဟု
အရေးများသည်။ ကုဆုန်၊ ကဆုန်ဟူသောလ၏အခေါ် မှာ အလွန်ရှေးကျသည်ကို ထောက်သော် မြန်မာနိုင်ငံသို့
သာသနာရောက်ရှိသည့်အချိန်မှစ၍ ညောင်ရေသွန်းပွဲ တော်ကျင်းပခြင်း အလေ့အထလည်းတစ်ပြိုင်တည်း
ဖြစ်ပေါ်လာသည်ဟုယူဆရပြီး ရှေးခေတ်ဘုရင်များ၊ တိုင်းသူပြည် သားများပါဝင်၍ စည်ကားသိုက်မြိုက်စွာ
ကျင်းပလာသည်မှာ ပုဂံခေတ်ထေရဝါဒသာ သနာတော် ထွန်းကား လာကတည်းက ယနေ့မန္တလေးယဉ်ကျေးမှုခေတ်
တိုင်အောင်ပင် ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မဟာနွယ်စဉ်ရပ်ကွက် ဗောဓိကုန်းရပ်တွင် တည်ရှိသော ဗောဓိပင်ဘုရားသည် မဇ္ဈိမဒေသဗုဒ္ဓဂယာရှိမဟာဗောဓိ
စေတီတော်ပုံစံအတိုင်း တည်ထားကိုးကွယ်ခဲ့သည့် ဗောဓိ ပင်ဘုရားဖြစ်သည်။ ထိုဗောဓိပင်သည်
ဗုဒ္ဓဂယာ ဘုရား ရှင်ပွင့်တော်မူရာအရပ်မှ မဟာဗောဓိ ညောင်ပင်ကြီး ၏မျိုးဆက်အစစ်ဖြစ်ပါသည်။
စေတီလေးမျိုးရှိသည့်အနက် ပရိဘောဂစေတီ အမျိုးအစား တွင်ပါဝင်သည့် မဟာဗောဓိ ညောင်ပင်ကို
မင်းတုန်းမင်းတရားကြီးကိုယ်တိုင် စိုက်ပျိုး လှူဒါန်းခဲ့ကြောင်းကို ထိုဘုရားကျောင်းဝင်းအတွင်းရှိ
ဆီးဘန်နီဆရာတော် ရေးထိုးခဲ့သည့်ကျောက်စာတွင် ဖော်ပြထားသည်။
ပစ္စယံသုံးဆင့်ကို စေတီများတည်သည့်ပုံစံအတိုင်း
အဆင့်ဆင့်တည်လုပ်ထားရှိပြီး အထက်ပစ္စယံအလယ် ခေါင်တည့်တည့်တွင် စိုက်ပျိုးထားခြင်းဖြစ်ကာ
စေတီတော် တစ်ဆူပမာပစ္စယံတင်၍ စိုက်ပျိုးထားရှိခဲ့ခြင်း ဖြစ်သည်။ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက်လည်း
မဟာဗောဓိ ကျောင်းတိုက်ရှိဆရာတော်များကိုလည်း ဘွဲ့တံဆိပ်တော် များနှင့် ကျောင်းတော်လှူဒါန်းခဲ့ပါသည်။
မဟာရံ မီးတား နှင့်တကွ အုတ်ဇရပ်တော်ရှစ်ခု မျက်နှာ တစ်ဖက်လျှင် ရေကန်နှစ်ကန်စီကိုပါ
တူးဖော်လှူဒါန်းခဲ့သဖြင့် စုစုပေါင်း ရှစ်ကန်ကို ယနေ့တိုင်တွေ့မြင် နိုင်ပါသည်။
ယခုအချိန်ထိ ညောင်ရေသွန်းပွဲတော်ကို ကဆုန်
လပြည့်နေ့တိုင်း ကျင်းပလျက်ရှိရာ ဗောဓိပင်ဘုရား သည် မန္တလေးမြို့သက်နှင့်အတူ နှစ်ပေါင်း၁၅ဝကျော်တိုင်
တည် ရှိခဲ့ပြီး ဖြစ်ပါသည်။
ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပနိုင်ရန်နှင့်
အရှည်တည်တံ့စေရန်အတွက် နာယကဆရာတော်ကြီး များဖြစ်သည့် ဗန်းမော်ကျောင်းဆရာတော်၊ စီးတော်မြင်း
ဝန်ကျောင်းဆရာတော်၊ မဟာဗောဓိပင်ဆရာတော်၊ ဗောဓိ ပရိယတ္တိဆရာတော်လေးပါးမှ ဦးဆောင်ကြီးကြပ်
၍ နာယကကြီးလေးဦး၊ ဂေါပကအဖွဲ့ဝင် သုံးဦး၊ အလုပ်အမှု ဆောင် ၂၇ ဦးတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်
လျက်ရှိပါသည်။ ပွဲတော်ရက်အတွင်း မဟာနွယ်စဉ် ရပ်ကွက်ကြီး တွင်ပါဝင်သော ရပ်ကွက်ငယ် ကိုးရပ်ကွက်မှ
တစ်ရပ်ကွက်လျှင် သုံးဦးနှုန်းဖြင့် စုပေါင်း၍ ညောင်ရေ သွန်းနိုင်ရန်နှင့် ရန်ပုံငွေရရှိစေရန်
ပူးပေါင်းဆောင်ရွက် ကြပါသည်။
ညောင်ရေသွန်းပွဲကိုလည်း မန္တလေးမြို့သူ
မြို့သား များ နှစ်စဉ်ပါဝင်၍ ကုသိုလ်ပြုခဲ့ကြပါသည်။ ရှေးယခင် က မဟာအောင်မြေမြို့နယ်အတွင်းရှိ
ရပ်ကွက်ကြီးများမှ ဦးဆောင်၍ ယိမ်းအဖွဲ့များဖြစ်သည့် လယ်သမားယိမ်း၊ ဦးရွှေရိုး ဒေါ်မိုးအက၊
ဖိုးသူတော်ယိမ်း၊ သူငယ်တော် ယိမ်း၊ ဆင်အက၊ ဗျာပါဆံအက၊ အိုးစည်ဒိုးပတ်အက၊ တိုးနရားအကများဖြင့်
နံနက်ခင်းအချိန်မှ ကြိုတင် ပြင်ဆင်၍ ညောင်ရေသွန်းလောင်းခဲ့ကြကြောင်းကို လည်း သိရှိခဲ့ရပါသည်။
လမ်းဘေးဝဲယာတစ်လျှောက် တွင်လည်း မုန့်ပဲသရေစာနှင့် အချိုရည်များကို စတုဒိသာ တိုက်ကျွေးဧည့်ခံ
ကြပါသည်။ ထိုအချိန်တွင် ဗောဓိကုန်း ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားမကျန် လူအုပ်ကြီးမှာ
ကြက်ပျံမကျ စည်ကားလှပါသည်။ ယခုအခါတွင် ညောင် ရေသွန်းပွဲတော်ကို ရေသွန်းလောင်း သပ္ပာယ်ရင်း
ရေစက် ရေပေါက်ကလေးများက မိန်းမပျိုများကို စိုရွှဲစေပြီး မန္တလေးမြို့၏ ဒုတိယသင်္ကြန်ပွဲတော်
သဖွယ် ရေပက်သည့် အလေ့အထ ပေါ်ပေါက်ခဲ့ပါသည်။
ဗောဓိညောင်ပင်အစစ်ဖြစ်၍ ကဆုန်လပြည့်နေ့ညနေ
ရောက်တိုင်း မိုးနတ်မင်းကပင်တိမ်ဖွဲ့ကာ မိုးလေ ဆင်၍ ညောင်ရေသွန်းခြင်းအမှုကို လူသားများနှင့်အပြိုင်ကုသိုလ်
ပြုသည်ဟု မန္တလေးသူ၊ မန္တလေးသားများက ယုံကြည် ယူဆလျက် ယနေ့တိုင် ဗောဓိပင်ကို ညောင်ရေသွန်း
လောင်းကာ ကုသိုလ်ပြု ပူဇော်လျက်ရှိကြပေရာ ဗုဒ္ဓ သာသနာတော်ရှိနေသမျှကာလပတ်လုံး ဘာသာရေး
ဆိုင်ရာပွဲတော်များ မှေးမှိန်ပျောက်ကွယ်သွားမည် မဟုတ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment