Monday, March 30, 2015

ကျွန်တော်နဲ့ မင်္ဂလာမန္တလေး (ဆောင်းပါး)

ကျွန်တော်ဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို စိတ် ဝင်စားတယ်။ အားပေးတယ်။ တတ်နိုင်တဲ့ဘက်က လုပ်ပေးချင်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု နှုန်းဟာ နှစ်နှစ်ဆက်တိုက် မြင့်မားခဲ့တယ်။ ရှစ်ရာခိုင် နှုန်းအထိ မြင့်မားခဲ့တယ်။ ဥရောပနိုင်ငံတွေမှာဆို နှစ်ရာ ခိုင်နှုန်းရအောင် အတော်ကြိုးစားနေကြရတာကို တွေ့ ရတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှုရဲ့ အသီးအပွင့်တွေကို သာမန် ပြည်သူတွေက မခံစားရဘူး။ ကိန်းဂဏန်းအရသာ တိုးတက်နေပြီး လက်တွေ့ဘဝနဲ့ ကင်းဝေးနေတယ်လို့ ဝေဖန်ကြတယ်။


ဒီကိစ္စက စီးပွားရေးပညာရဲ့ အဓိက စိန်ခေါ်မှုပဲ။ တိုင်းထွာချက်တွေက ရလာတဲ့အဖြေနဲ့ လက်တွေ့အနေအထားတွေ မထင်ဟပ်နိုင်တဲ့ ကိစ္စဖြစ် တယ်။ ဂျီဒီပီကိန်းဂဏန်းတွေ လှပနေပေမယ့် လက် တွေ့အနေမှာ မသိသာဘူးလို့ ဝေဖန်နေကြတယ်။ ကိန်း ဂဏန်းတွေနဲ့ လက်တွေနဲ့ လက်တွေ့ဘဝ ဆက်စပ်မှု ရှိအောင် ဆောင်ရွက်ဖို့လိုနေတာတော့အမှန်ပါ။

တလောက ကျွန်တော်မန္တလေးရောက်ခဲ့တယ်။ ဖိတ်ကြားသူက မန္တလေးမြို့မှာ ဖော်ထုတ်ခဲ့တဲ့ မင်္ဂလာ မန္တလေးစီမံချက်ကို ဦးစီးနေတဲ့ ဦးကျော်ကျော်ဝင်း။ ဒီစီမံချက်ကို ဟိုလွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက တစ်ခေါက်ရောက်ဖူးတယ်။ ဒီတုန်းကစီမံချက် အစပဲ ရှိသေးတယ်။ စီမံချက်ရုံးမှာ စီမံချက်နဲ့ပတ်သက်ပြီး ကျွန်တော့်ကို ပုံစံငယ်တွေနဲ့ ရှင်းပြခဲ့တယ်။ ပုံစံငယ်ထဲ မှာတော့ သိပ်လှတယ်။ လက်တွေ့မြင်ကွင်းကတော့ ပုံစံတစ်မျိုး၊ ရွှံ့တွေ ဗွက်တွေနဲ့အပြည့်။ ဒုတိယအကြိမ် လွန်ခဲ့တဲ့ ခြောက်လလောက်က တစ်ခေါက်ပြန်ရောက် တယ်။ ကျွန်တော်လုံးဝမမှတ်မိတော့ဘူး။ ပထမအကြိမ် တွေ့ခဲ့တဲ့ ပုံစံငယ်ထဲကအတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ရတယ်။ ညဘက်စီမံချက်ဝင်းထဲ လမ်းလျှောက် တဲ့အခါ နိုင်ငံခြားရောက်နေသလို ခံစားရတယ်။

ဒီတစ်ခေါက်တော့ စီမံချက်ပြီးဆုံးလို့ ဖွင့်ပွဲအခမ်း အနားလုပ်တဲ့ပွဲ။ ကြီးကြီးကျယ်ကျယ်လုပ်တာ။ ရန်ကုန် က မန္တလေးကို ရွှေမြန်မာလေယာဉ်နဲ့သွားဖို့ စီစဉ်ထား တဲ့အတွက် ကွင်းကို နံနက်စောစောရောက်တယ်။ ကျွန် တော်ရယ်၊ ဇနီးရယ်၊ ဘီတူးဘီကအဖွဲ့သားတွေ အစုံ အလင်။ ပစ္စည်းချိန်နေရင်း မင်းသမီးတွေ၊ အဆိုတော် တွေတွေ့တယ်။ ရန်ကုန်ကနာမည်ကြီးလုပ်ငန်းရှင်တွေ လည်းတွေ့ရတယ်။ သူတို့အားလုံး ဒီပွဲကိုသွားကြမယ့် သူတွေ၊ မန္တလေးရောက်တော့ ကျွန်တော်တို့ကို ဦးကျော် ကျော်ဝင်းစီစဉ်ထားတဲ့ ကားကလာကြိုနေတယ်။ ဘီတူး ဘီက ဦးတင်ဇံကျော်က ကြိုတင်ရောက်နှင့်နေတာမို့ လာကြိုတယ်။

ကျွန်တော်က မန္တလေးမလာခင်ကတည်းက အကူအညီတစ်ခုတောင်းခဲ့တယ်။ လေယာဉ်ကွင်းက မင်္ဂလာမန္တလေး စီမံချက်အဆောက်အအုံတွေဆီအသွား လမ်းခရီးမှာ အင်းဝမြို့ကိုဝင်ချင်တယ်လို့ ပြောခဲ့တယ်။ ခက်တာက ရန်ကုန်ကထွက်တဲ့လေယာဉ်က တစ်နာရီ ကျော်ကျော်နောက်ကျမှ ထွက်ဖြစ်တယ်။ ဒါကြောင့် မန္တလေးတံတားဦး လေယာဉ်ကွင်းရောက်တော့ မိုး တောင်ချုပ်နေပြီ။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်းသွား ချင်တာမို့ အင်းဝမြို့ထဲဝင်ခဲ့တယ်။ ထူးခြားတဲ့ အဆောက်အအုံတွေကို မမြင်မကန်း လက်နှိပ်ဓာတ်မီး တွေသုံးပြီး ကြည့်ခဲ့တယ်။ ပထမဦးဆုံး ဗားကရာ ကျောင်းတော်ကြီးက မန္တလေး ရွှေကျောင်းတော်ကြီး လိုပဲ သိပ်ခမ်းနားတာ။ ကျွန်းသစ်တိုင်ကြီးတွေက လည်းအကြီးကြီးတွေ။ ဒါပေမယ့် ပြုပြင်မွမ်းမံမှုကောင်း လို့ထင်ပါရဲ့။ တောင့်တောင့်တင်းတင်းနဲ့ တလောက ကျွန်တော်ရောက်ခဲ့တဲ့ ပခုက္ကူမြို့က ကျောင်းတော်ကြီးနဲ့ယှဉ်ကြည့်တော့ အတော်ကွာတယ်။ ပခုက္ကူမြို့က ကျောင်းတော်ကြီးက ဂရုစိုက်တဲ့သူမရှိသလိုဘဲ။ ဘာမှ ပြုပြင်မွမ်းမံထားတာမရှိဘူး။ အင်းဝကျောင်းကြီးကတော့ သပ်သပ်ရပ်ရပ် ထည်ထည်ဝါဝါနဲ့ စောင့်ရှောက်ပေးတဲ့ သူတွေကို ကျေးဇူးတင်ရတယ်။ ပြုလုပ်ပေးတဲ့ ကုသိုလ် အတွက် သာဓုခေါ်မိတယ်။ ဗားကရာကျောင်းကနေ နန်းမတော်မယ်နုတည်ထောင်ခဲ့တဲ့ အုတ်ကျောင်းကြီးကို ရောက်ခဲ့တယ်။

ကျောင်းတော်ကြီးက ထုထည်ကြီးကြီးနဲ့ ခမ်းနားတယ်။ အမှန်တော့ အင်းဝမြို့ဟာ ရှေးဟောင်း မြို့တစ်မြို့ဖြစ်တယ်။ အင်းဝ-ပင်းယ- မန္တလေးနဲ့ စစ်ကိုင်း ဟာ မြန်မာ့ယဉ်ကျေးမှုဒေသတစ်ခုဖြစ်တယ်။ ထူးခြားတဲ့ သမိုင်းအမွေအနှစ်တွေအပြည့်။ ဒါကြောင့် မန္တလေးကို လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ အင်းဝမြို့ကို လာရောက်နေကြတာ တွေ့ရတယ်။ အင်းဝမှာ ကြည့်စရာ၊ လေ့လာစရာတွေကအပြည့်။ မြို့ရိုးကြီးရှိနေပေမယ့် မြို့ရိုး အရှေ့ကရှိတဲ့ ကျုံးကြီးကတော့ ကောနေပြီ။ မြို့ဝင်မုခ် ဦးကြီးကလည်း ခမ်းနားလှတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကျော်က ကျွန်တော်တို့ မိသားစု အင်းဝမြို့ကို တစ်ခေါက် ရောက်ခဲ့တယ်။ ဒီတုန်းက မြန်မာလူငယ်ဧည့်ကြိုတစ်ဦးက လိုက်ပြတယ်။ ကျွန်တော်ဝါသနာပါတဲ့ ရှေးဟောင်းပစ္စည်း တွေလည်းဝယ်ခဲ့တယ်။

အင်းဝမြို့ကထွက်ပြီး မင်္ဂလာ မန္တလေးစီမံချက်ရှိရာ နေရာကို သွားခဲ့ကြတယ်။ ရန်ကုန်က ဧည့်သည်တွေကို ဦးကျော်ကျော်ဝင်းနဲ့ သူ့ရဲ့ဇနီး ဒေါ်သန်းသန်းအေးက ယူနန်ဟော့ပေါ့ဆိုင်မှာ ညစာကျွေးတယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ဆိုင်က အစားအသောက်တွေနဲ့ မတူဘူး၊ ထူးခြားတဲ့ တရုတ်အမွှေးအကြိုင် ထည့်ထားတာမို့ အရသာထူးတယ်။ ကျွန်တော်က ပင်လယ်စာပဲစားလို့ ငါး၊ ပုစွန်၊ ကဏန်း တွေ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးရတာ မြိန်လိုက်တာ။ စားသောက်ပြီးတည်းခိုတဲ့ စီဒိုးနားဟိုတယ် ကို သွားခဲ့ကြတယ်။

နောက်တစ်နေ့မနက်မှာ ဖွင့်ပွဲအခမ်းနားကို မနက် စောစောလုပ်မှာမို့ အချိန်မီထွက်ခဲ့ကြတယ်။ မင်္ဂလာ မန္တလေးစီမံချက်က ၄၆ ဧကကျော်ရှိတယ်။

အခုချိန်မှာ တော့ စီးပွားရေးအဆောက်အအုံတွေက ပြီးစီးနေပြီ။ ရန်ကုန်က နာမည်ကြီး စီးတီးမတ်တို့၊ ကျန်တဲ့ဆိုင်ကြီး တွေဖွင့်လှစ်ထားတယ်။ ထူးခြားချက်တစ်ရပ်က ဒီစီး ပွားရေးဇုန်အတွင်းမှာ လမ်းလျှောက်ပြီး သွားလာနိုင်ဖို့ လူသွားလမ်းတွေလုပ်ပေးထားတယ်။ မော်တော်ယာဉ် ကင်းလွတ်တဲ့ဇုန်ဖြစ်တယ်။ ဒါမျိုးကို ဥရောပနိုင်ငံတွေ မှာသာတွေ့ရတာ။ အခုလိုမြန်မာပြည်မှာ မျက်ဝါးထင် ထင်မြင်လိုက်ရတော့ တစ်ဖက်ကအံ့သြရသလို တစ်ဖက် ကလည်း စီမံချက်ကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်တဲ့ ဦးကျော်ကျော်ဝင်းနဲ့ မိသားစုကို ချီးကျူးမိတယ်။

ဖွင့်ပွဲအခမ်းအနားကို ထူးခြားအောင်ဆောင်ရွက် ထားတယ်။ စီမံချက်ဇုန်အတွက် အချက်အချာကျတဲ့ နေရာတွေမှာ ဖွင့်ပွဲဖဲကြိုးကို တစ်ပြိုင်နက်ဖြတ်နိုင်အောင် စီစဉ်ထားတယ်။ ကျွန်တော်နဲ့အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်၊ မြို့တော်ဝန်နဲ့ ဦးကျော်ကျော်ဝင်း တို့ ပါဝင်ကြတယ်။ ဖဲကြိုးဖြတ်ပြီး စီမံချက်ဇုန်အထွက် ဧည့်သည်တော်တွေနဲ့အတူ လှည့်ပတ်ကြည့်ကြတယ်။ ဆိုင်တွေကလည်း စုံစုံလင်လင်။Shop house လို့ခေါ်တဲ့ အောက်ထပ်မှာဆိုင်ခန်းဖွင့်နိုင်ပြီး အပေါ်ထပ်မှာတော့ လူနေအိမ်လုပ်ထားတဲ့ အဆောက်အအုံတွေလည်းတွေ့ မြင်ရတယ်။ ဒီအဆောက်အအုံများကို စင်ကာပူမြို့မှာ တွေ့မြင်ရတာ။ ဖွင့်ပွဲအပြီး ဧည့်သည်တော်တွေကို နံနက် စာဧည့်ခံတယ်။ လူစုံတက်စုံနဲ့ စည်စည်ကားကား၊ ဝန်ကြီး ချုပ်က ဒီစီမံချက်နဲ့ပတ်သက်ပြီး အလွန်ကျေနပ်နေတာ တွေ့ရတယ်။

အမှန်တော့ ဒီစီမံချက်ဟာ နိုင်ငံတော် အစိုးရ အကောင်အထည်ဖော်နေတဲ့ PPP လို့ခေါ်တဲ့ Public Private Partnership နိုင်ငံတော် အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို ကောင်း ကောင်းမွန်မွန်သရုပ်ဖော်နိုင်တဲ့စီမံချက်ဖြစ်တယ်။ ဦးကျော် ကျော်ဝင်းရဲ့ နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မန္တလေးစည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းအကောင် အထည်ဖော်ခဲ့တဲ့ စီမံချက်ဖြစ်တယ်။ ဝန်ကြီးချုပ်က သူရဲ့ တိုင်းဒေသကြီးအတွက် အိပ်မက်တွေကိုပြောပြတယ်။ အမှန်တော့ မန္တလေးဟာ ကျွန်တော်တို့ နိုင်ငံအတွက် အလွန်အရေးကြီးအဖိုးတန်တဲ့ ဒေသဖြစ်ပါတယ်။ စီးပွား ရေး အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်ကို ဆက်သွယ်ရေးလွယ်ကူမှုရှိတာကြောင့် စီးပွားရေးအခွင့်အလမ်းတွေ အများကြီးရှိတယ်။ ရှေးဟောင်းအမွေအနှစ်တွေကြောင့် ကမ္ဘာလှည့်ခရီး သည်များကိုဆွဲဆောင်မှုအပြည့်ရှိတယ်။ အခုဆိုရင် မန္တလေးကတစ်ဆင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ် နိုင်ငံနဲ့ တိုက်ရိုက်ပျံသန်းနိုင်ပြီဖြစ်တယ်။ ဖွင့်ပွဲပြီးတော့ ဟိုတယ်ပြန်အဝတ်အစားလဲပြီး မန္တလေးတောင်ပေါ် တက်ခဲ့တယ်။ ဘုရားဖူးပြီး အမရပူရမြို့ကိုသွားခဲ့တယ်။ ဇနီးအတွက် ပြည်တွင်းဖြစ်အဝတ်အထည်တွေ သွား ဝယ်တာ။ နေ့လယ်စာကိုတော့ မြို့ပြင်ရွာတစ်ရွာမှာ ရှိတဲ့ မြန်မာထမင်းဆိုင်မှာစားဖြစ်တယ်။ အဝစား ငွေကျပ် ၂ဝဝဝ၊ ဟင်းကမျိုးစုံ၊ ပိုပြီးထူးခြားတာက ဟင်း ရံတွေ။ ဒီလိုဖွင့်ထားတဲ့ဆိုင်တွေဟာ ကမ္ဘာလှည့် ခရီးသည်တွေအတွက် အလွန်ဆွဲဆောင်မှုရှိတယ်။

မန္တလေးမြို့ကိုအပြန် ရှေးဟောင်း လက်ရာတွေ ရောင်းချတဲ့ဆိုင်ကိုရောက်ခဲ့တယ်။ ဆိုင်ရှင် တွေက ကျွန်တော့်ကိုသိနေကြတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တွေဖြစ်နေတာ ကျွန်တော်ကြိုက်တဲ့ သစ်ထွင်း ပန်းချီကားတစ်ချပ်ကို လက်ဆောင်ပေးခဲ့ တယ်။ နေ့လယ်ဘက်မှာ မန္တလေးမြို့မှာရှိတဲ့MG အများ ပိုင်ကုမ္ပဏီက အမှုဆောင် ဒါရိုက်တာအဖွဲ့တွေနဲ့ တွေ့ပြန်တယ်။ ကျွန်တော်က ကုမ္ပဏီတွေကို စီမံအုပ် ချုပ်နိုင်ဖို့ အကြံÓဏ်တွေ၊ အကူအညီတွေပေးနေတာ။ တစ်နိုင်ငံလုံး စီးပွားရေးတိုးတက်နိုင်ဖို့ လုပ်ငန်းတစ်ခုချင်းတိုးတက်မှဖြစ်မှာ။ ကျွန်တော်ဟာ မြန်မာနိုင်ငံက စီးပွားရေးထူးချွန်သူများ ဖော်ထုတ်ရေးစီမံချက်ကို ဘီတူး ဘီမဂ္ဂဇင်းနဲ့တွဲပြီး လုပ်နေတာ နှစ်နှစ်ကျော်ခဲ့ပြီ။ အခွင့် အရေးရတိုင်း စီးပွားရေးလောကမှာ ထဲထဲဝင်ဝင် လုပ်နေသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး သူတို့ရဲ့ဘဝဖြစ် စဉ်တွေကို ဖော်ထုတ်ခဲ့တယ်။ ဒီလိုဖော်ထုတ်ပြီး ဖတ်ရှု သူတွေအားကျစေချင်တဲ့ အတုယူစေချင်တဲ့ စေတနာနဲ့ လုပ်ခဲ့တာဖြစ်တယ်။ ဒီတစ်ခေါက်တော့ ငွေကျားပျံ လုပ်ငန်းရှင် ဦးတင်လတ်နဲ့ တွေ့ဆုံခဲ့တယ်။ သူ့ရဲ့ဘဝ ဖြစ်စဉ်တွေဟာ စိတ်ဝင်စားစရာအပြည့်။

တွေ့ဆုံပြီးတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး မင်္ဂလာ မန္တလေးဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုညစာစားပွဲ ကို သွားခဲ့ကြတယ်။ ညစာစားပွဲကို ကားရပ်နားရာသီးသန့် လုပ်ထားတဲ့ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ မိုး မြင်လေမြင် ရှုခင်းကသာယာလိုက်တာ။ မန္တလေး တစ်မြို့လုံးမြင်ရတယ်။ စောစောကစီမံချက်နှင့် ပတ် သက်ပြီး ပြောဖို့ကျန်သွားတာတစ်ခုရှိတယ်။ ဒီစီမံချက် အတွင်း ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်တဲ့ Pullmal ဟိုတယ်ရှိတယ်။ အချောသပ်နေတာဖြစ်တယ်။

ညစာစားပွဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဒုတိယတိုင်းမှူးတို့ တက်ရောက်ခဲ့တယ်။ ကျွန်တော့်ကို မိန့်ခွန်းပြောဖို့စီစဉ်ထားတာမို့ စီမံချက် နဲ့ပတ်သက်ပြီး ကျေနပ်အားရမိကြောင်းကို ဖော်ထုတ်ခဲ့ ပါတယ်။ ရန်ကုန်က လာတဲ့အဆိုတော်တွေ၊ ရုပ်ရှင် မင်းသမီးတွေက ဧည့်ခံကြတယ်။ တီးကြမှုတ်ကြနဲ့ တက်ရောက်လာသူတွေက အားလုံးပျော်ရွှင်နေကြတာ ကို တွေ့ရလို့ပီတိဖြစ်မိတယ်။

အမှန်တော့ မင်္ဂလာမန္တလေး စီမံချက်ကို မြန်မာပြည် အနှံ့မှာရှိစေချင်လိုက်တာ။ မူဆယ်မြို့မှာတော့ ဦးကျော် ကျော်ဝင်းတို့ကိုယ်တိုင်စပြီး အကောင်အထည်ဖော်နေ ကြပြီ။ ဒီစီမံချက်တွေအများကြီး ဖော်ထုတ်နိုင်ရင် သိပ်ကောင်းမှာ။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်တွေမှာဖော်ထုတ်သင့်တယ်။ စီမံ ချက်တွေကြောင့် လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ မြန်မာတွေလုပ်နိုင်တယ်ဆိုတာကိုလည်း သိစေချင်တယ်။ အားလုံး ဟာ ဆန္ဒနဲ့စေတနာသာဖြစ်ပါတယ်။


ပါမောက္ခဒေါက်တာအောင်ထွန်းသက်

No comments:

Post a Comment