Thursday, March 5, 2015

တိရစ္ဆာန်ထွက်အစားအစာမှ တစ်ဆင့် လူသို့ကူးစက်စေနိုင်သော ရောဂါများအကြောင်း



ဒေါက်တာ မြင့်မြင့်မွှန်း
ယနေ့ ကမ္ဘာကြီးမှာ လူဦးရေ တိုးပွားနှုန်းဟာ ကြိုတင် ခန့်မှန်းထားတဲ့ ပမာဏ ထက်ကို ပိုမိုများပြားနေ ပါတယ်။ အဲဒီလို တစ်စထက် တစ်စ တိုးတက်နေတဲ့ လူဦးရေနှင့် အညီ စားနပ်ရိက္ခာ လိုအပ်ချက် ကလည်း များပြားလာ ပါတယ်။ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး အတွက် စိုက်ပျိုးရေး ကဏ္ဍကနေ ပိုမို တိုးတက်ကောင်း မွန်အောင် ကြိုးပမ်း လာသလို မွေးမြူရေးကဏ္ဍကလည်း ကြက်၊ ဝက်၊ နွားစတဲ့ တိရစ္ဆာန်တွေကို လူသားတွေရဲ့ စားနပ်ရိက္ခာအတွက် ပိုမိုမွေးမြူလာကြပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့စီးပွားရေးကို တစ်ဖက် တစ်လမ်းကနေ အထောက်အကူဖြစ်စေပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နိုင်ခြင်း အားဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရုံမျှမကဘဲ ပြည်ပကိုပါ တင်ပို့လာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားဝင်ငွေကို လည်း တိုးပြီး ရှာဖွေပေးလာနိုင်မှာဖြစ်ပါတယ်။

ယနေ့ကမ္ဘာကြီးဟာ IT ခေတ်လို့ ပြောနိုင်သလိုပဲ Technology (နည်းပညာ) များလည်း အလွန်ပဲ တိုးတက်လာပါတယ်။ ထိုနည်းတူစွာပဲတစ်ခါမှမဖြစ်ဖူး၊ မကြားဖူးတဲ့ ရောဂါအဆန်းအပြားတွေလည်းဖြစ်ပွား လာတာကို တွေ့ရပါတယ်။ရောဂါပိုးတွေရဲ့ မျိုးဗီဇများ ထွန်းကားလာပြီး ထိန်းချုပ်ရခက်ခဲတဲ့ကပ်ရောဂါ အသွင် ရောဂါများဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြရပါ တယ်။ ဒါ့ကြောင့်တိုးတက်နေတဲ့ နည်းပညာအသစ် အဆန်းတွေကို အသုံးပြုပြီး ဒီလိုရောဂါတွေမဖြစ် အောင် ထိန်းချုပ်ဖို့ပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ ထို့နည်းတူ တိရစ္ဆာန်ထွက်ပစ္စည်းများ တိုးတက် ထုတ်လုပ်ရာတွင်လည်း စားသုံးသူပြည်သူလူထုတွေ အတွက် ဘေးအန္တရာယ်ကင်းရှင်းသောထုတ်ကုန်များ ဖြစ်စေရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်အသုံးပြု ကြရမှာ ဖြစ်ပါတယ်။
ယနေ့နိုင်ငံတော်အစိုးရလက်ထက်မှာမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း လျက်ရှိပါတယ်။ မွေးမြူရေးကဏ္ဍတိုးတက်ဖို့အတွက် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်စေ ခြင်း၊ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မွေးမြူရေးချေးငွေများ ထုတ်ချေးခြင်း စတာတွေကို လုပ်ဆောင်နေပါတယ်။ နိုင်ငံတော်အစိုးရ က အဲဒီလို ပံ့ပိုးမှုတွေပေးနေတဲ့အတွက် မွေးမြူရေး ပညာရှင်တွေကလည်း နည်းပညာဆိုင်ရာပံ့ပိုးမှုများကို ပေးကြရမှာဖြစ် ပါတယ်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ဖို့အတွက် မွေးမြူရေးသမားတွေမှာ မွေးမြူရေးနဲ့ ပတ်သက်တဲ့အသိပညာတွေ ကောင်းစွာတတ်ကျွမ်း နားလည်နေဖို့ လိုပါတယ်။ ထို့အတူပဲ ပြည်သူလူထု အတွက် ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအစာတွေ ထုတ်လုပ်ဖို့အတွက်ကလည်း ထုတ်လုပ်သူ စီးပွားရေး သမားတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ စားသုံး သူ ပြည်သူတွေအနေနဲ့လည်းကျန်းမာရေးဆိုင်ရာ အသိ ပညာဗဟုသုတတွေကို သိရှိထားဖို့ အရေးကြီး လှပါတယ်။ သို့မှသာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးစတဲ့ ကဏ္ဍအသီးသီးမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။
အကယ်၍ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေး အသိပညာ၊ ဗဟုသုတနည်းပါးရင်နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးစတာတွေကို ထိခိုက်နိုင်တဲ့အပြင် လူ့အသက်များဆုံးရှုံးရခြင်းကိုလည်း ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုတွေကို မကြုံတွေ့ မခံစားရစေဖို့ သိသင့်သိထိုက်တဲ့ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်းများကနေ လူတွေကိုကူးစက်စေနိုင်တဲ့ ရောဂါ များအကြောင်းကို ကျန်းမာရေးအသိပညာ ဗဟုသုတရရှိ စေဖို့ တင်ပြချင်ပါတယ်။ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း များမှ လူကိုကူးစက်စေနိုင်တဲ့ ရောဂါပိုးအမျိုးအစား အမြောက်အမြားရှိပါတယ်။ အဲဒါတွေကတော့ ဗက်တီးရီး ယား၊ ဗိုင်းရပ်(စ်) ကပ်ပါးသန်ကောင်များနဲ့ပရိုတိုဇွာများ ဖြစ်ကြပါတယ်။
တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကနေ လူ တွေကို ကူးစက်စေနိုင်တဲ့ ဗက်တီးရီးယားပိုးတွေကတော့ တီဘီရောဂါဖြစ်စေတဲ့ ကျူဘာကူလိုစစ်၊ သားလျှော ရောဂါဖြစ်စေတဲ့ ဘရူဆဲလိုစစ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် အစာအဆိပ်သင့်ခြင်းတွေကိုဖြစ်စေတဲ့ အီးကိုလိုင်၊ ဆဲမိုနဲလား၊ ကင်ပိုင်လိုဘက်တာ၊ ကလော့စထရီးဒီးယန်း၊ စတက်ဖိုင်လိုကော့ကပ်၊ စထရက်ပတိုကော့ကပ် စတာ တွေပဲဖြစ်ပါတယ်။ ဒီရောဂါပိုးတွေဟာကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ၊ သိုး၊ ဆိတ်စတဲ့ တိရစ္ဆာန်အားလုံးမှာရှိနေနိုင် သလို လူတွေကိုလည်း အချိန်မရွေးကူး စက်စေနိုင်ပါတယ်။ဘယ်လို ကူးစက်စေနိုင်သလဲဆိုရင် ဒီတိရစ္ဆာန်တွေက ထွက်တဲ့ အညစ်အကြေး၊ မစင်စတာတွေကို တိုက်ရိုက် ထိတွေ့ရင်ပဲဖြစ်ဖြစ်၊ ရောဂါပိုးပါတဲ့ တိရစ္ဆာန်ထွက်ပစ္စည်း (ဥပမာအသား၊ နို့၊ )နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အစားအစာများ (ဥပမာဟန်ဘာဂါ)ကို စားမိရင်ပဲဖြစ်ဖြစ် ကူးစက်နိုင် ပါတယ်။ အသားတွေကို ကျက်အောင်ချက်ပြုတ်မစား ဘူးဆိုရင်လည်း ဒီရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်ရဲ့ မစင်အညစ်အကြေးတွေမှာပါတဲ့ ပိုးတွေဟာ အသားတွေကို သားသတ်ရုံမှစ၍ရောင်းချသူ၊ ထိုမှ တစ်ဆင့် စားသုံးသူတွေထံကို အဆင့်ဆင့်ကူးစက်လာ တာဖြစ်ပါတယ်။
သားသတ်ရုံအလုပ်သမားများရဲ့ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်လုပ်ဆောင်မှုမရှိခြင်း၊ အသားကိုသိုလှောင် ထိန်းသိမ်းရာတွင် စနစ်တကျမရှိခြင်း၊ ပြင်ဆင်ချက်ပြုတ် ရာတွင် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။ တီဘီရောဂါပိုးကတော့ အသက်ရှူလမ်း ကြောင်းကနေ ကူးစက်နိုင်သလို ရောဂါပိုးပါတဲ့နို့ကို သေချာကျိုချက်မသောက်ရင်လည်း ကူးစက်နိုင်ပါတယ်။သားလျှောရောဂါပိုးကတော့ ရောဂါရှိတဲ့တိရစ္ဆာန်ရဲ့ Vaginal discharge ကို တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်နိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရမယ်ဆိုရင် လူတွေမှာခံစားရမယ့် ရောဂါလက္ခဏာတွေကတော့ ဗိုက်နာမယ်၊ အန်မယ်၊ ဝမ်း လျှောမယ်၊ ဖျားမယ်၊ တစ်ခါတစ်ရံ အသက်အန္တရာယ်ကို ပါ ထိခိုက်စေနိုင်ပါတယ်။
လူကိုကူးစက်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကတော့ ယနေ့နာမည်ကြီးနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ အင်ဖလူရန်ဇာဗိုင်း ရပ်စ်ပဲ ဖြစ်ပါတယ်။ ဒီရောဂါ ပိုးဟာရောဂါပိုးရှိတဲ့ တိရစ္ဆာန်မှတိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်နိုင်ပါ တယ်။ ဆောင်းခိုငှက်များ၊ ဘဲများမှာ ဒီရောဂါပိုးဟာရောဂါ လက္ခဏာမပြဘဲ အချိန်ကြာကြာသယ်ဆောင်ထားနိုင် ပါတယ်။ ရောဂါပိုးရှိတဲ့ကြက်ရဲ့ မစင်အညစ်အကြေး၊ နှာရည်၊ မျက်ရည်စတာတွေကနေ လူကိုကူးစက်နိုင် သလို လေထဲကနေလည်းကူးစက်နိုင်ပါတယ်။ ရောဂါပိုး ကပ်ငြိနေတဲ့ ကြက်ဥကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါ တယ်။ ဒီရောဂါပိုး ကူးစက်ခံရမယ်ဆိုရင်တော့ လူတွေ မှာ တုပ်ကွေးရောဂါလက္ခဏာတွေဖြစ်တဲ့ အဖျားတက် ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ မျက်ခမ်း ရောင်ခြင်း၊ အသက်ရှူရခက်ခြင်းများ ခံစားရပြီး အသက် အန္တရာယ်ထိခိုက်နိုင်တဲ့အထိ အခြေအနေဆိုးရွားနိုင် ပါတယ်။
တိရစ္ဆာန်ကနေလူကို ကူးစက်စေနိုင်တဲ့ကပ်ပါး ကောင် ရောဂါတွေကတော့ သန်လုံးကောင်၊ သန်ပြား ကောင်၊ အဆစ်ပါတဲ့သန်ကောင် နဲ့ ပရိုတိုဇွာဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ ဒီကပ်ပါးကောင်တွေကိုတော့ တိရစ္ဆာန်တွေကို တိုက်ရိုက် ထိတွေ့လို့ပဲ ဖြစ်ဖြစ်၊ တိရစ္ဆာန် တွေရဲ့ အညစ်အကြေးမှာပါတဲ့ သန်ဥတွေနဲ့ထိတွေ့ မိတဲ့ အစားအစာတွေကို စားမိလို့ပဲဖြစ်ဖြစ် ကူးစက်စေ နိုင်ပါတယ်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်များနဲ့ လက်ပွန်းတတီး နေထိုင်လေ့ရှိတဲ့ ကလေးငယ်များ မှာ ကပ်ပါးသန်ကောင် စွဲကပ်ခံရတဲ့အခါ ပိန်ချုံးချည့်နဲ့ခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ ယားယံခြင်းနဲ့ အခြားသော အရေပြားရောဂါလက္ခဏာများဖြစ်စေနိုင်ပါတယ်။ လူကို ကူးစက်စေနိုင်တဲ့ ပရိုတိုဇွာရောဂါပိုးကတော့ ခရစ် ပတိုစပိုရီးဒီယမ်းရောဂါပိုးပဲ ဖြစ်ပါတယ်။
ဒီရောဂါပိုး ဟာဆိုရင် နွားရဲ့မစင်ကနေတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါပိုးပါတဲ့ သောက်ရေနဲ့ အစား အစာမှတစ်ဆင့် လူကိုကူးစက်စေနိုင်ပါတယ်။ ရောဂါ လက္ခဏာအနေနဲ့ကတော့ ဖျားခြင်း၊ အန်ခြင်း၊ ဝမ်လျှော ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။
တိရစ္ဆာန်များမှ လူကိုရောဂါမကူးစက်စေရန် တိရစ္ဆာန်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ မွေးမြူကြရမှာဖြစ် သလို တိရစ္ဆာန်များနဲ့ ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကိုသေချာစွာ ဆေးကြောကြရ မှာဖြစ်ပါတယ်။ ကူးစက်ရော ဂါကြောင့် သေဆုံးတဲ့ တိရစ္ဆာန်ရဲ့ အသားများကို ကိုင်တွယ်ခြင်း၊ လှီးဖြတ် ရောင်းချခြင်း၊ စားသောက်ခြင်း များကိုလည်း ရှောင်ကြဉ် ကြရမှာဖြစ်ပါတယ်။ အသားတွေကိုလည်း စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားသောက်ကြရမှာဖြစ် ပါတယ်။ နွားနို့ကိုလည်း ပွက်ပွက်ဆူအောင် ကျိုချက် သောက်သင့်ပါတယ်။ ဤနည်းအားဖြင့် တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများမှတစ်ဆင့် လူကိုကူးစက်စေ နိုင်သောရောဂါများကို ကာကွယ်ကြရမှာဖြစ်ပါတယ်။

No comments:

Post a Comment