Friday, February 20, 2015

ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးပြုတဲ့ ပညာရေးဥပဒေတစ်ရပ်ဖြစ်လာဖို့ ၀ိုင်းဝန်းအကြုံပြုပေးပါ

မြန်မာ့အနာဂတ်ပညာရေးကို ထုဆစ်ပုံဖော်မည့် အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်ပေးဖို့ ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် National Network for Education Reform (NNER)နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့မှ
ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့်ဦးအောင်မှိုင်းဆန်းတို့ လက်မှတ်ရေးထိုးတင်သွင်းထားသည့် ''အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း''ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကိုတင်သွင်းနိုင်ခဲ့လို့ တည်ငြိမ်အေးချမ်းမှုပျက်ပြားမှာကို စိုးရိမ်သောကရောက်နေကြတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း အထိုက်အလျောက် စိတ်သက်သာမှုရရှိသွား ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ သတင်းစာတွေမှာ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ ပူးပေါင်းရေးဆွဲထားတယ်ဆိုတဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကျွန်တော်နဲ့မိတ်ဆွေတွေ စုဝေးဖတ်ရှုကြပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ သတင်းစာတွေမှာလည်း အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်လိုတဲ့ဥပဒေ(မူကြမ်း)ပါ ပြင်ဆင်ဖြည့်စွက်တဲ့ ပြဋ္ဌာန်းချက်များနဲ့တည်ဆဲ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေ နှိုင်းယှဉ်တဲ့ဇယား ပါရှိလာတဲ့အတွက် ကျွန်တော်နဲ့ မိတ်ဆွေတွေ ထပ်မံတွေ့ဆုံကြပြီး ဆွေးနွေးပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဘက်လိုက်ခြင်း၊ ဆန့်ကျင်ခြင်းမပြုဘဲ အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ အမျိုးသားပညာရေး ဥပဒေတစ်ခုကို ရေရှည်တည်တံ့ ခိုင်မြဲစေလိုတဲ့စိတ်၊ သမိုင်းမှာ အမည်းစက်မကျန်စေလိုတဲ့စိတ်၊ နိုင်ငံရဲ့အနာဂတ်မှာ ခေါင်းဆောင်ကောင်းတွေပေါ်ထွန်းလာဖို့ ဖော်ဆောင်ပေးမယ့် အမျိုးသားပညာရေးမူဝါဒတစ်ခုကို ခိုင်ခိုင်မာမာပေါ် ထွက်စေလိုတဲ့ စိတ်ကောင်းစေတနာနဲ့ ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင်ရန်ဆိုတဲ့ တရားဝင်ဖိတ်ခေါ်မှုကြောင့် အကြံပြုချင်တာလေးတွေ ရွေးနုတ်ရေးသားလိုက်ပါတယ်။
တည်ဆဲဥပဒေအခန်း (၁)အပိုဒ်(၁) အပိုဒ်ခွဲ(၁)မှာပါတဲ့ ဤဥပဒေကို အမျိုးသားပညာရေးဥပဒေဟု ခေါ်တွင်စေရမည်ဆိုတာကို အခုပြင်ဆင်လိုတဲ့ ဥပဒေကြမ်းရဲ့ အပိုဒ် (၁)အပိုဒ်ခွဲ( ၁) (ခ)မှာ ဤဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည် လို့ထပ်မံဖြည့်စွက်ထားတာ တွေ့ရပါတယ်။ ဒီဖော်ပြချက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးဆိုတာ သတိပြုမိလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁ဝ၅ မှာ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊ သတ်မှတ်ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ရရှိပြီးသကဲ့သို့ ဥပဒေဖြစ် လာရမည်ဟု ဖော်ပြထားပါတယ်။ဒါကြောင့် ဒီအချက်ဟာ မလိုအပ်ဘဲနဲ့ ထည့်ထားတာသာဖြစ်ပါတယ်။ ဖြုတ်ပယ်ရမယ့် အချက်ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ အကြံပြုလိုတာက အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဇ)အား ပုဒ်မခွဲ (ဌ)အဖြစ် အစားထိုးတဲ့ကိစ္စဖြစ်ပါတယ်။ တည်ဆဲဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဇ)မှာ သင်ယူလိုသူ၏ဆန္ဒကို အခြေခံပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ၏ သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင် ခွင့်စနစ်ကို ကျင့်သုံးစေရေးဆိုပြီး ပါရှိပါတယ်။ဒါက နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့အတိုင်း ကျောင်းသားတွေက ရွေးချယ်ပိုင်ခွင့်ရှိကြသလို ကျောင်းကလည်းမိမိကျောင်းရဲ့ စံနှုန်းများအရရွေးချယ်လက်ခံခွင့်ကိုယ်စီရှိနေကြတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်တက်ချင်ရင် အောက်စဖို့ဒ်တက္ကသိုလ်က သတ်မှတ်တဲ့စံကိုတော့ ပြည့်မီရမှာဖြစ်ပါတယ်။
အဲဒီအချက်ကို အခုပြင်ဆင်လိုတဲ့ ဥပဒေကြမ်းမှာ တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့်တက္ကသိုလ်ကို ကျောင်းသား ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန်/ တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာအထက် တန်းစာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်ယူမည့်ဘာသာရပ်၏ လိုအပ်ချက်အရ ကျောင်းသားများ၏ လေ့လာသင်ယူထားရှိမှုအပေါ် အခြေခံရွေးချယ်ရန်၊ ကျောင်းသားများရဲ့ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များကို တက္ကသိုလ်က ဖြည့်ဆည်းပေးသည့် စနစ်ထားရှိရေးဆိုပြီး တွေ့ရပါတယ်။ ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိတာ မှန်ပေမယ့် ကျောင်းသားရဲ့ ပညာအရည်အချင်းနဲ့ ရမှတ်အဆင့်အတန်းမမီ၊ မညီရင် အခက်အခဲရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးတက္ကသိုလ် ဝင်ခွင့်အမှတ်မရရှိတဲ့ ကျောင်းသားက ဆရာဝန်လိုင်းကို လိုက်ဖို့ဆုံးဖြတ်ခဲ့တယ် ဆိုပါစို့။ ရမှတ်နဲ့အရည်အချင်း နည်းတာကြောင့် ရမှတ်မြင့်ပြီး အဆင့်မြင့်တဲ့ပညာရပ် ကိုသင်ယူဖို့အခက်အခဲဖြစ်နိုင်ပါတယ်ဆိုတာ လက်ရှိပညာ သင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် သတိပြုနိုင်တဲ့ အချက်မျိုးပါ။ပညာထူးချွန်တဲ့ ကျောင်းသားနဲ့ ပညာရည်နိမ့်ပြီး စာကြိုးစားမှုမရှိတဲ့ ကျောင်းသားကို တန်းတူအခွင့်အရေးပေးလိုက်သလို ဖြစ်မှာကို စိုးရိမ်မိပါတယ်။ ကျောင်းသားက တက်ချင် တိုင်းသာ လက်ခံရမယ်ဆိုရင် ဆေးတက္ကသိုလ်မှာ လူတွေစုပုံနေတော့မှာပေါ့။
နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာရှိတဲ့ တက္ကသိုလ်တွေမှာလည်း သူတို့ဆီကို ပညာသင်ကြားလိုသူတွေအနေနဲ့ အရင်ဆုံးဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရပါတယ်။ တက္ကသိုလ်ကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းပြည့်မီတဲ့သူတွေသာ ကျောင်းတက်ခွင့်ရကြပါတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကတော့ တက္ကသိုလ်တစ်ခုနဲ့တစ်ခုမတူကြပါဘူး၊ တချို့တက္ကသိုလ်က အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့်ဖြစ်တဲ့ TOEFL ၊ IELTSတို့နဲ့သတ်မှတ်သလို တချို့လည်း GCE ၊ SATတို့နဲ့ သတ်မှတ်ကြပါတယ်။
ဒါကိုကြည့်ရင် ကျောင်းသားများအနေနဲ့ မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်များကိုလျှောက်ထားခွင့် ရှိတယ်ဆိုတဲ့ အခွင့်အရေး ကျင့်သုံးသလို တက္ကသိုလ်များကလည်း မိမိကျောင်းမှာ တက်ရောက်လိုတဲ့ ကျောင်းသားတွေထဲက သူတို့သတ်မှတ်ထားတဲ့ အရည်အချင်းများပြည့်မီသူကိုပဲ ရွေးချယ်စိစစ်ပြီး တက်ရောက်ခွင့်ကိုပြုပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကျင့်သုံးတာတွေ့ရတဲ့အတွက် ဒီမိုကရေစီစံနဲ့ပဲကြည့်ကြည့်၊ လူ့အခွင့်အရေးအနေနဲ့ပဲကြည့်ကြည့် မျှတတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ကျောင်းလျှောက်ထားလိုသူကလည်း လွတ်လပ်စွာကျောင်းကိုလျှောက်ထားနိုင်သလို၊ လက်ခံမယ့် ကျောင်းကလည်း ကိုယ့်ကျောင်း မှာလာတက်မယ့်သူတွေကို ကျောင်းရဲ့သတ်မှတ်ချက်နဲ့အညီ ဆန်ခါတင်ရွေး ချယ်ကြတာပါ။
နောက်ထပ်အကြံပြုလိုတာတစ်ခုကတော့ ပြင်ဆင်တဲ့ ဥပဒေကြမ်း ပုဒ်မ ၂၂ မှာပါတဲ့ အမျိုးသားပညာရေးဥပဒေအခန်း (၄) အပိုဒ်(ခ) အပိုဒ်ခွဲ (ဇဇ)မှာ (ဆရာ၊ ဆရာမများသည်) မိမိနှစ်သက်ရာကျောင်း သို့မဟုတ် ဒေသများကို လွတ်လပ်စွာ ရွေးချယ်လျှောက်ထားခွင့်နှင့် ပြောင်းရွှေ့ပိုင်ခွင့်ရှိရမည် ဆိုတဲ့အချက်ဖြစ်ပါတယ်။ မိမိနှစ်သက်ရာကျောင်းကိုသာ ရွေးချယ်ခွင့်ပြု မယ်ဆိုရင် အကြိုက်ချင်းတူချိန်မှာ ဘယ်လိုခွဲခြားတာဝန်ပေးကြမလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်က နာမည်ကြီးကျောင်း ဒဂုံ (၁)မှာ အမှန်တကယ်ခန့်ထားရမည့် ဆရာဆရာမ ဦးရေ ၁ဝဝ ရှိတယ်ဆိုပါစို့။ လျှောက်ထားသူ ၁ဝဝဝ ကျော်ရှိနေရင်၊ တစ်ကျောင်းထဲမှာ ဒီလိုသာ စုပုံနေရင် ဘယ်လိုစဉ်းစား ဆောင်ရွက်ကြမှာလဲ။ ဟိုး..စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းပြ ဆရာ၊ ဆရာမသုံးဦး လိုအပ်နေချိန်မှာ တစ်ဦးမှ လျှောက်ထားလာခြင်းမရှိရင် ဘယ်လိုဖြေရှင်းဆောင်ရွက်ကြမှာလဲ။ ပြောင်းရွှေ့ခွင့်နဲ့ ပတ်သက်လို့ နယ်စပ်ဒေသတွေကို လိုအပ်ချက်အရ ချက်ချင်းပြောင်းရွှေ့ရမယ်ဆိုရင် ဘယ်လိုစဉ်းစားကြမှာလဲ၊ မသွားချင်ဘူးဆိုတဲ့ ငြင်းဆိုချက်တစ်ခုတည်းနဲ့ဒီလိုပဲ ဆရာ ဆရာမတွေရဲ့ ဆန္ဒကို ဦးစားပေးပြီး မိမိနိုင်ငံသား၊တိုင်းရင်း
သားကျောင်းသား၊ ကျောင်းသူ တွေအပေါ် မျက်နှာလွှဲခဲပစ်လုပ်ရမှာလား၊ သူတို့ကို ပစ်ထားလိုက်တော့မှာလား ဆိုတာတွေထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။
ပြီးတော့လည်း ပုဒ်မ ၂၂ အခန်း (၄) အပိုဒ်(င)အပိုဒ်ခွဲ (ကက) မှာ ပါတဲ့ မိခင်ဘာသာစကားကို ရွေးချယ်အသုံးပြုနိုင်ရန်အတွက် ကျောင်းအလိုက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခွင့်ရှိသည်ဆိုတဲ့အပိုဒ်၊ ပုဒ်မ ၂၂ အခန်း (၄) အပိုဒ် (င)အပိုဒ်ခွဲ(ခခ)မှာပါတဲ့ မိခင်ဘာသာစကားတစ်ခုကို ရွေးချယ်ပြီး ပါက မြန်မာစာနှင့် အင်္ဂလိပ်စာကို ဒုတိယဘာသာစကား လေ့လာနည်းများ အသုံးပြုပြီး ကျန်ဘာသာရပ်များကို မိခင်ဘာသာစကားအဖြစ် သင်ကြားသင်ယူခွင့်ရှိသည်ဆိုတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်တွေ သတိမမူမိဘဲ ပါသွားတာလား၊ ဆန္ဒစောတာလား၊ တမင်ပဲ မဖြစ်သင့်မှန်းသိလျက်နဲ့ ဘေးပယောဂကြောင့် ထည့်သွင်းလိုက်တာလားလို့ ကျွန်တော်တို့အားလုံး အထပ်ထပ်အခါခါ ဆွေးနွေးမိပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီပြင်ဆင်ချက်ဟာ အမျိုးသားရေးအတွက် သတိပြုစရာဖြစ်နေပါတယ်။ ဘာသာရေးဆိုင်ရာ အယူသည်းမှု၊ လွှမ်းမိုးမှုတွေကို ဆွဲသွင်းနေတာမျိုး၊ ဝှက်ဖဲသဘောလုပ်ထည့်ထားတာကို မမြင်နိုင်တာမျိုးစတဲ့ နောက်ကွယ်ကအချက်တွေကိုလည်း မြင်အောင်၊ တွေ့အောင်ရှာကြဖို့လိုပါတယ်။ ဘာသာရေးကျောင်းတွေ တရားမဝင်မှိုလိုပေါက်မှာလည်း တစ်ဖက်က စဉ်းစား စေချင်ပါတယ်။ ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကို လွတ်လွတ်လပ်လပ်ယူသင့်၊ မသင့်စဉ်းစားချင့်ချိန်ရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအကျိုးအပြစ်တွေကို ရေးဆွဲခဲ့ချိန်မှာ သတိမမူမိလို့ထည့်သွင်း ခဲ့တယ်လို့ပဲ ရိုးရိုးသားသားယူဆချင်ပါတယ်။ ဒေသခံဘာသာစကား သင်ယူခွင့်မှာလည်း မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ/ မြန်မာစကား ပျောက် မသွားဖို့စဉ်းစားပေးဖို့လိုပါတယ်။
ယခင်တော်လှန်ရေးကောင်စီအစိုးရ တာဝန်ယူခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော် ၃ဝ နီးပါးက မြန်မာစာကို ဦးစားပေးစေလိုတဲ့အတွက် သင်ကြားရေးမှာ မြန်မာမှုပြုခဲ့ကြပြီး အင်္ဂလိပ်စာကို ပဉ္စမတန်းကျမှသာသင်ကြားခဲ့ကြ ရတဲ့ ယနေ့အချိန်မှာအသက် ၃ဝ ကျော်နဲ့ အသက် ၆ဝ ဝန်းကျင်ရောက် ရှိနေကြတဲ့ စာရေးသူတို့ အရွယ်အတော်များများဟာ အင်္ဂလိပ်စာအားနည်း ကြပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ဝါသနာအလျောက် ဒါမှမဟုတ် လူကြီးမိဘများက အမြော်အမြင်နဲ့ စီမံပေးနိုင်ခဲ့ကြလို့သာ ယနေ့ ဂလို ဘယ်လိုက်ဇေးရှင်းခေတ်မှာ နိုင်ငံခြားသားတွေနဲ့ ကျွမ်းကျင်စွာပြောဆို ဆက်ဆံနိုင်သူတွေ ရှိနေကြတာဖြစ်ပါတယ်။
နောက်ထပ်စဉ်းစားရမှာကတော့ မိခင်ဘာသာစကားကို သတ်မှတ်ဖို့ကိစ္စပါ။ အခု NNERနဲ့ ကျောင်းသားများရေးထားတဲ့ ဥပဒေမှာ မိခင်စကားလို့ ပြောထားတဲ့အတွက် တရုတ်လူမျိုး၊ ဘင်္ဂလီလူမျိုးများက အဲ့ဒီဘာသာ စကားနဲ့ပဲ စာသင်ခွင့်ရမှာဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်ဟာ ဘူးသီးတောင်/ မောင်တောလိုဒေသတွေ၊ ကိုးကန့်လိုဒေသတွေမှာ အလွန်အန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် တိုင်းရင်း သားများ၏ မိခင်ဘာသာစကားကိုပဲ သတ်သတ်မှတ်မှတ်ခွင့်ပြုတာ ဖြစ်သင့် ပါတယ်။
နောက်ထပ်အကြံပြုလိုတဲ့အချက်က အခန်း(၆)ပုဒ်မ ၃၄ ဖြစ်တဲ့ကျောင်း အမျိုးအစားကို အောက်ပါအတိုင်း သတ်မှတ်သည် ဆိုတဲ့အပိုဒ်မှာ အသစ်ဖြည့်စွက်ထားတဲ့ ပုဒ်မခွဲ (ည)အဖြစ် အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကျောင်းများကို အမျိုးအစားအသစ် ထပ်ဖြည့်ထားပါတယ်။ ဒီဖြည့်စွက်ချက်ဟာ ဒီအတိုင်းဖတ်ရင် မသိသာပေမယ့် NNER နဲ့ ကျောင်းသားများက ပယ်ဖျက်လိုက်တဲ့ ပုဒ်မ ၆၈(ခ)နဲ့ ဆက်စပ်လိုက်ရင် အင်မတန်အန္တရာယ်ကြီးပါတယ်။ ပုဒ်မ ၆၈(ခ)က ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များက ကျောင်းတွေဖွင့်ချင်ရင် ဝန်ကြီးဌာနများက ထုတ်ပြန်ထားတဲ့ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်များနဲ့အညီ ဖွင့်လှစ်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်တို့က ပုဒ်မ ၆၈(ခ)ကို ဖျက်ပြီး ပုဒ်မ ၃၄ မှာ ဘာသာရေးကျောင်းတွေကို ထပ်ဖြည့်လိုက်တဲ့အတွက် ဘာသာရေးအဖွဲ့အစည်းတွေက ဘယ်သူ့ကြီးကြပ်မှုမှမပါဘဲ ကျောင်းတွေကြိုက်သလို ဖွင့်ခွင့်ရတဲ့အပြင် အစိုးရကပါ ထောက်ပံ့ပေးရမယ့် အခြေအနေဖြစ်သွားပါပြီ။ဘာသာရေးအဖွဲ့တွေကဖွင့်တဲ့ကျောင်းတွေကို အမျိုးသားပညာရေးကဏ္ဍမှာ ထည့်သွင်းခြင်းအားဖြင့် ကျောင်းသားထုအတွင်းကို ဘာသာရေးအစွန်းရောက် အယူအဆတွေ သွတ်သွင်းလာပြီး ပညာရေးကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ အိမ်နီးချင်းနိုင်ငံများ အခြေ အနေ၊ ရှေ့ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေတွေကို တွက်ဆပြီး မြင်ရမှာဖြစ်ပါတယ်။ လူချင်းအတူတူ၊ သူလည်းလူ၊ ငါလည်းလူ၊ ဘာသာမတူ၊ လူမျိုးမခွဲဘဲ ဆက်ဆံမယ်၊ ကမ္ဘာ့ရွာဖြစ်နေပြီ စသည်ဖြင့် ခပ်မှိန်မှိန် တွေးခေါ်လို့မဖြစ်နိုင်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေသဘာဝကို ထည့်သွင်းတွက်ချက် စဉ်းစားဖို့လိုပါတယ်။ ဘယ်သူမှ သမိုင်းတရားခံအဖြစ်ခံချင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဘက်စုံထောင့်စုံက စဉ်းစားစေချင်ပါတယ်။
ဒီဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ၊ ကျောင်းသားမိဘတွေစတဲ့ ပြည်သူတစ်ရပ်လုံးက ဆွေးနွေးဖို့လိုပါတယ်။ လူမုန်းမှာစိုးလို့ ပြောမနေချင်တော့ပါဘူး၊ နောင်မှပြင်လည်းရပါတယ်ဆိုပြီး တွေ့ရှိချက်တွေ၊ မဖြစ်သင့်တာတွေကို ရင်ထဲသိမ်းထားလိုက်လို့လည်း မဖြစ်ပြန်ပါဘူး။ ခုရှုပ်မှနောင်ရှင်း ဆိုတာလို ပြည်သူတစ်ရပ်လုံး မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဥပဒေတစ်ရပ်ဖြစ် တာမို့ သေချာကျေလည်မှ ပြဋ္ဌာန်းပြီး အရှည်တည်တံ့အောင် ဝိုင်းဝန်းလုပ်ကြ စေလိုပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်ထုတ် သတင်းစာတွေမှာလည်း လွှတ်တော်အသီးသီးက ပြည်သူများအနေဖြင့် အကြံပြုချက်တွေ ပေးပို့ကြဖို့ ပေးပို့ရမယ့်လိပ်စာတွေအသေးစိတ်ဖော်ပြပြီး တောင်းခံထားတာကို တွေ့ရှိရပါတယ်။
ပြည်သူတွေရဲ့ အကြံပြုချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဉာဏ်အမြော်အမြင်ကြီးစွာနဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် တစ်တိုင်း တစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အားလုံးလက်ခံတဲ့၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးထားတဲ့၊ အနာဂတ်ကာလမှာ မှတ်ကျောက်အတင်ခံနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ပေါ်လာအောင် အားလုံးက ဝိုင်းဝန်းပါဝင်ဆွေးနွေးကြပြီး အကြံပြုပေးကြစေလိုပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အများရဲ့ဆန္ဒကိုလေးစားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။

သက်နိုင်ညွှန့်

No comments:

Post a Comment