Friday, February 20, 2015

ပေါင်းကူးဆက်သွယ်ပေးမည့် အုပ်ချုပ်ရေးယန္တရား


လာမည့်နှစ်ကုန်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပကာ အစိုးရ တစ်ရပ်ကို ပြန်လည်ဖွဲ့စည်းတော့မည် ဖြစ်သည်။၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် စတင်သည်နှင့် စိတ်သစ်၊ လူသစ်၊ ဖွဲ့စည်းပုံအသစ်ဖြင့် ပြည်သူများ လိုလားသည့် အုပ်ချုပ်မှုယန္တရား ဖြစ်စေရန် ပြောင်းလဲတော့မည်။


ထိုသို့ အစိုးရတစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား၊ ဒီမိုကရေစီအစိုးရ သက်တမ်းတစ်ခု နှင့် တစ်ခုအကြား အကူးအပြောင်း ကာလ၌ သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ကဏ္ဍအလိုက် မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ နည်းဗျူဟာများ အကောင်ထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင် နိုင်ရန် ယခင် တစ်ခေတ်တစ်ခါ ပါလီ မန်ဒီမိုကရေစီခေတ်က ရှိခဲ့သည့် အတွင်းဝန်များရုံးကို ပြန်လည်ဖွဲ့စည်း တော့မည်ဖြစ်သည်။
ဝန်ထမ်း အဖွဲ့အစည်းများမှ အကြီးအမှူးများသည် အစိုးရ အုပ်ချုပ်ရေးယန္တရားကို ဦးဆောင် မောင်းနှင်မည့် Key Driver များ ဖြစ်ရာ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ညွှန် ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန် ကြားရေးမှူး (၆၆)ဦး ပါဝင်သည့် အဆင့်မြင့်အရာရှိကြီးများ အထူး မွမ်းမံသင်တန်းကို နိုင်ငံတော်သမ္မတ ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်၌ တစ်လကြာဖွင့်လှစ်ခဲ့သည်။ ယင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် သင်တန်း သား အဆင့်မြင့် အရာရှိကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့သည်။
ဒေါက်တာစန်းလွင် (ဒုတိယဝန်ကြီး)
သမ္မတရုံးဝန်ကြီးဌာန
ဝန်ကြီး၊ ဒုတိယဝန်ကြီးဆိုတာကအစိုးရသက်တမ်းတစ်ခု ပြီးသွားတဲ့ အခါမှာ အပြောင်းအလဲရှိနိုင်ပါတယ်။ အဲဒီတော့ နောင်ဆက်ခံမယ့် ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေဟာ သက်ဆိုင်ရာ သူတို့ ဝန်ကြီးဌာနရဲ့ မူဝါဒတွေကို နားလည်သဘောပေါက်ဖို့အတွက် လိုအပ်ပါတယ်။ ဒါတွေကို ရှင်းလင်း တင်ပြပေးနိုင်ဖို့အတွက် အခုလက်ရှိ အတွင်းဝန်ကိုဆက်ခံမယ့် အရာရှိကြီး တွေမှာ တာဝန်ရှိပါတယ်။ ဝန်ကြီး အလွှဲအပြောင်းမှာ ဝန်ကြီးဌာနကို တာဝန်ခံပြီး စီမံခန့်ခွဲဖို့အတွက်လည်း တာဝန်ရှိသူတွေ ဖြစ်ပါတယ်။
ဒီသင်တန်းမှာ အကြောင်းအရာ ခေါင်းစဉ်(၂ဝ)ကျော်ကို ပို့ချပေးပါ တယ်။ အဓိက သင်ကြားပို့ချပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ Public Policy(ပြည်သူ့ရေးရာမူဝါဒ)၊ Public Administration(ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု)၊ Management and Leadership (စီမံခန့်ခွဲမှုနှင့်ခေါင်း ဆောင်မှု)၊ Clean Government and Good Governance (သန့်ရှင်း သောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး)၊Decentralization (ဗဟိုချုပ်ကိုင်မှုလျှော့ချရေး) စတဲ့ ခေါင်းစဉ်အမျိုးအမည် (၂ဝ)ကျော် ပါတယ်။ ဒီခေါင်းစဉ်တွေကို နားလည် သဘောပေါက်ခြင်းအားဖြင့် နောင် တစ်ချိန်ကျရင် အမြဲတမ်းအတွင်းဝန် ရာထူးကို တာဝန်လွှဲပြောင်းယူကြမယ့် သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအနေနဲ့ မိမိတို့လုပ်ငန်းတာဝန်တွေ ကို လွှဲပြောင်းယူတဲ့အခါမှာ ဘယ်လို စီမံခန့်ခွဲပြီးတော့ လွှဲပြောင်းပေးမယ်၊ အမြဲတမ်းအတွင်းဝန်အနေနဲ့ တာဝန် ခံပြီး ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေရဲ့ အောက်မှာလုပ်ငန်းတွေကို တာဝန်ခံပြီး ဘယ်လိုစီမံခန့်ခွဲရမလဲ၊ ကျန်တဲ့ဝန်ကြီး ဌာနတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက် ရမလဲဆိုတာတွေကို ဒီသင်တန်းပြီးတဲ့ အခါမှာ သိမြင်နားလည်သွားလိမ့်မယ် လို့ ယုံကြည်ပါတယ်။
ဦးစံရွှေအောင်
ညွှန်ကြားရေးမှူးချုပ်
နယ်စပ်ရေးရာဝန်ကြီးဌာန
ဒီသင်တန်းမှာ အဓိကကတော့ ဒီမို ကရေစီစနစ်ကို သွားတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ စနစ်တစ်ခုနဲ့ တစ်ခု၊ အစိုးရ တစ်ခုနဲ့တစ်ခု အပြောင်းအလဲမှာ အပြည်ပြည်ဆိုင်ရာကအတိုင်း အစိုးရ ယန္တရားကြီးတစ်ခုကို ထိန်းသိမ်းဖို့ ဝန်ကြီးဌာနတွေမှာ အတွင်းဝန်စနစ်တွေ၊ အတွင်းဝန်ရာထူးတွေကို ခန့်ဖို့အတွက် စနစ်တကျလိုအပ်တဲ့ အချက်တွေကို လေ့ကျင့်ပေးတဲ့သင်တန်း ဖြစ်ပါတယ်။
ဒီသင်တန်းမှာ ဝန်ကြီးဌာနတစ်ခုမှာ အရေးတကြီးလိုအပ်တဲ့ ဝန်ထမ်းများ ကို စီမံခန့်ခွဲမှုအပိုင်း၊ ဦးဆောင်မှုအပိုင်း၊ နိုင်ငံတော်အစိုးရက မူဝါဒချမှတ်ချက် တွေကို အကောင်အထည်ဖော်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင် သာမှုစတဲ့အပိုင်းတွေကို ဝန်ကြီးတွေက စနစ်တကျနဲ့ သင်ပေးပြီးတော့ အတွင်း ဝန်ရုံးဖွဲ့စည်းတဲ့အခါမှာ စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို အသေး စိတ်သင်ပေးပါတယ်။
ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ဝန်ထမ်းအဖွဲ့အစည်းကို အရှိန်အဟုန် နဲ့ ဆက်လက်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အခုဒီကိစ္စတွေကို စနစ်တကျစီစဉ်နေ ပါတယ်။ ဒီသင်တန်းမှာ သင်ကြားခဲ့တဲ့ ပညာရပ်တွေကို နိုင်ငံတော်အစိုးရအဖွဲ့ က ညွှန်ကြားတဲ့အခါမှာ စတင်ပြီး အသုံးပြုပါမယ်။
ဦးကျော်ဆန်း
ညွှန်ကြားရေးမှူးချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အထူးအားဖြင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ လုပ်ငန်းတာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေ ကို သင်ကြားတယ်။ ဖွဲ့စည်းမှုနဲ့ စီမံ ခန့်ခွဲမှုတွေ၊ အုပ်ချုပ်ရေးပိုင်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်၊ သန့်ရှင်း တဲ့အစိုးရဖြစ်ပေါ်လာရေး အရေးကြီးပုံ၊ တာဝန်ရှိမှု၊ တာဝန်ခံမှုတွေ၊ ဒီအဖွဲ့ အစည်းတွေရဲ့ အကြီးအမှူးအဖြစ် တာဝန်ယူပြီး မိမိလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တဲ့နေရာမှာ ပြည်သူကို အခြေပြုပြီး ပြည်သူအကျိုးရှိမယ့် ရလဒ်ကောင်းတွေ ပေါ်ထွက်လာ အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ အုပ်ချုပ်ရေးနည်းနာ နိဿယ တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အတွင်းဝန်များရုံးတွေ ဖွဲ့စည်းပြီးတဲ့ အခါ နောက်ဖြစ်ပေါ်လာမယ့် အစိုးရ အဖွဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ အတွင်းဝန်ရုံးတွေအကြားမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးဖို့ဆိုတဲ့ ကဏ္ဍတွေပါတယ်။
မြန်မာနိုင်ငံမှာ အရင်က ပါလီမန် ဒီမိုကရေစီခေတ်မှာ အတွင်းဝန်ဆိုတာ ရှိခဲ့ပါတယ်။ ဒီအတွင်းဝန်ဆိုတာက ပြည်သူ့ဝန်ထမ်းတွေကနေ လေ့ကျင့်၊ တဖြည်းဖြည်း တက်လာပြီး စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးအရာရှိတွေဖြစ်ပါတယ်။ ဝန်ကြီးဌာန နယ်ပယ်အသီးသီးမှာ အကုန်လုံးအုပ်ချုပ်နိုင်စွမ်းရှိအောင် သူတို့ကို လေ့ကျင့်သင်ကြားပေးထား တယ်။ ဒါတွေက ရှိခဲ့တယ်။ အဲဒီကနေ ပြီး အုပ်ချုပ်ရေးခေတ်စနစ်တွေ ပြောင်းလာတဲ့ အခုဒီအချိန် ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်ထူထောင်တဲ့ အချိန်မှာ အတွင်းဝန်တွေရဲ့ကဏ္ဍက လိုအပ်လာပြီလို့ နိုင်ငံတော်ကသုံးသပ် လာတယ်။ ဒါကြောင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ကြမယ့် ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းဆောင် ရွက်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ကြားထဲမှာ အတွင်းဝန်ရုံးကို ဖွဲ့စည်း ပေးလိုက်တာဟာ ပေါင်းစပ်ပေးတဲ့ ပေါင်းကူးသဖွယ်ဖြစ်လာမှာ ဖြစ်ပါ တယ်။ လုပ်ငန်းဆောင်ရွက်မှုတွေ ပိုပြီး လွယ်ကူလာမယ်။ နောင်ပေါ်လာမယ့် အစိုးရရဲ့ ယန္တရားထဲမှာသူတို့က တင်ပြ နိုင်မယ်။ ကြားထဲမှာလည်း လွှတ်တော် ကိုလည်း အစီရင်ခံတင်ပြတာတွေ ဆောင်ရွက်လာနိုင်မယ်လို့ရည်ရွယ်ပြီး အတွင်းဝန်ရုံးကို ဖွဲ့စည်းတာဖြစ်ပါ တယ်။ အုပ်ချုပ်ရေးစနစ်ရဲ့ အကောင် အထည်ဖော်မှုဟာ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးပုံသဏ္ဌာန် ယန္တရားပြောင်းလဲ လာတာနဲ့အညီ ချောမွေ့တဲ့ယန္တရား ဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှာလည်း ဒီလိုပါပဲ။ တိုင်းဒေသကြီးနဲ့ ခရိုင်အဆင့် မှာ ဗဟိုထားပြီး ပြည်သူကို ဗဟိုပြုတဲ့ စနစ်နဲ့ အုပ်ချုပ်သွားဖို့အတွက် စီမံ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီ အတွက်ရည်ရွယ်ပြီး သင်တန်းတွေ ပို့ချနေတယ်။ ယန္တရားတွေကို ပြောင်းဖို့ အတွက် ခြေလှမ်းအသစ်တွေကို စပြီး ပြင်ဆင်နေတာဖြစ်ပါတယ်။ အခုက တော့ စတင်ဆောင်ရွက်နေပြီဖြစ်တဲ့ အတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာအောင် နိုင်ငံတော် သမ္မတရဲ့ မူဝါဒတွေနဲ့အညီ အားလုံး ဝိုင်းပြီး ကြိုးစားဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
ဦးထွန်းထွန်းနိုင်
ညွှန်ကြားရေးမှူးချုပ်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန
ဒီသင်တန်းက ဗဟုသုတအသိပညာ တွေ အများကြီးရပြီး ကောင်းမွန်တဲ့ သင်တန်းဖြစ်ပါတယ်။ ဖွင့်ဖို့လည်း ကောင်းတဲ့သင်တန်း ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေကနေ အသီးသီး တာဝန်ယူဆောင်ရွက်လာတာ ကြာပါ ပြီ။ ဒီလိုသင်တန်းမျိုးကို တက်ရောက် တဲ့အတွက် တစ်နေရာတည်းမှာ၊ တစ်ချိန်တည်းမှာ သက်ဆိုင်ရာဌာန အသီးသီးရဲ့ ဆွေးနွေးပို့ချချက်တွေက အားလုံးတန်းတူ ရရှိတာဖြစ်ပါတယ်။ ဒီသင်တန်းက အမြဲတမ်း အတွင်းဝန် (Permanent Secretary) ကို ရွေးချယ်တာ ရှိပါမယ်။ လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတတွေကိုရရှိတာ ဖြစ်ပါတယ်။ သင်တန်းမှာ သက်ဆိုင် ရာဝန်ကြီးဌာနတွေက ပြည်ထောင်စု ဝန်ကြီးတွေ၊ ဥက္ကဋ္ဌတွေနဲ့ ဒုတိယ ဝန်ကြီးများကိုယ်တိုင် ပို့ချပေးသလို နိုင်ငံတကာဘက်ကလည်း Open Government Partnership နဲ့ ပတ်သက်လို့ ဆွေးနွေးတာမျိုး၊ UNDP နဲ့ World Bank က လာရောက်ပို့ချပေးတာမျိုးတွေလည်း ရှိတော့ နိုင်ငံတကာအတွေ့အကြုံ၊ ဗဟုသုတလည်းရရှိပါတယ်။
အမြဲတမ်းအတွင်းဝန်ဆိုတာ သက် ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှာ ကိုယ်စားပြုပြီး ရွေးချယ်တင်မြှောက် လို့ရောက်ရှိလာရတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ နိုင်ငံအတွက် လုပ်ကိုင်ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ Middle Man တွေလည်း ဖြစ်ပါတယ်။ ရောက်ရှိ လာတဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီး တွေနဲ့ အမြဲတမ်းတာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေကြားမှာ လုပ်ငန်း ကဏ္ဍတွေ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ဖို့အတွက် အမြဲတမ်း အတွင်းဝန်က ဆောင်ရွက်ရမှာပါ။ အတွင်းဝန်တွေဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကနေ ဆက်စပ်လုပ် ကိုင်နေရတဲ့ အခြားဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းကဏ္ဍတွေကိုလည်း သိရှိခဲ့ရ ပါတယ်။ နိုင်ငံတော်က ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ လည်း လေ့လာသိရှိရပါတယ်။ အတွင်းဝန်ရဲ့ကဏ္ဍဟာ ဘယ်အပိုင်း၊ ဘယ်ကဏ္ဍတွေကို ဆောင်ရွက်ရမယ် ဆိုတဲ့ Practice and Procedure ဟာ အရေးကြီးပါတယ်။ ဒီအတွက် လည်း ရေးဆွဲဆောင်ရွက်နေကြပါပြီ။ ဒီလို Practice and Procedure ရှိမှလည်း ဆောင်ရွက်ရမယ့် အခြေ အနေတွေကို နည်းစနစ်ကျကျဆောင် ရွက်နိုင်မှာပါ။ ချက်ချင်းအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မကြာမီမှာလည်း လုပ်ထုံးလုပ်နည်း တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အတူ အတွင်း ဝန်တွေဟာလည်း ထိန်းကျောင်း လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း တွေဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဆိုတာကလည်း ပြည်သူပါပဲ။ ပြည်သူ့ အကျိုးဆိုတာကလည်း နိုင်ငံ့ဝန်ထမ်း တွေရဲ့အကျိုးပါပဲ။ ဒါကြောင့် နိုင်ငံ့ ဝန်ထမ်းတွေက လိုအပ်တဲ့အသိပညာ၊ အတတ်ပညာတွေကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ဆည်းပူး လေ့လာပြီး ကျရာတာဝန်ကို ထမ်း ဆောင်ကြရမှာဖြစ်ပါတယ်။ 

No comments:

Post a Comment