Saturday, February 21, 2015

အရန်အင်အား

မောင်ဆွေသက်
ခရစ်နှစ် ၂ဝ၁၅ ခုနှစ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် အရေးအကြီးဆုံးကာလ ဖြစ်ပါသည်။
သာမန်အချိန်တွင် အနေအေး၍ ခပ်ဝေးဝေးနေ လေ့ရှိသော မြန်မာတစ်မျိုးသားလုံးသည် အရေးကြုံလျှင် စည်းလုံးသော၊ ညီညွတ်သော၊ ကျောချင်းကပ်၍ အရပ် ရှစ်မျက်နှာ ရှိရှိသမျှရန်ကိုတွန်းလှန်ရန် အသင့်ရှိသော လူမျိုးဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တောင်ပေါ်မြေပြန့်နေရာ အနှံ့နေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးသည် အမျိုးထိလျှင် မချိအောင်နာတတ်သူများ၊ သွေးစည်းညီညွတ်သူများဟူ၍လည်း ဂုဏ်ယူမဆုံး ရှိခဲ့ကြသည်။
ထို့ကြောင့်လည်း မြို့ကြီးမြို့ငယ်၊ လမ်းသွယ်လမ်းမ သွားလာလှုပ်ရှားရင်း တွေ့ကြသူ၊ ဆုံကြသူအားလုံး ရင်ထဲမှာ အကြောင်းအရာတစ်ခုတည်းသာ ရှိနေကြ သည်။
လောက်ကိုင်ဒေသဆူပူမှုများ၊ တိုက်ပွဲများ။
နိုင်ငံတော်အစိုးရထံမှ တရားဝင်ထုတ်ပြန်သော သတင်းများ မကြားသိရခင်ကပင် ဖေ့စ်ဘွတ်သတင်းများ သိကြရသည်။
ဟုတ်ပါသည်။ ''လောက်ကိုင်ဒေသ တည်ငြိမ်အေး ချမ်းရေး တပ်မတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိ'' ဟူသော သတင်းအပြည့်အစုံကို ၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်မြေဖြစ်သော သံလွင်မြစ်အရှေ့ခြမ်း ကိုးကန့်ဒေသ မြေပုံနှင့်တကွ ထုတ်ပြန်သော သတင်းကို အသေးစိတ်မသိရသေးခင် ၁၂ ရက်နေ့ မနက်မှာ ကျွန်တော်နှင့်တစ်ချိန်က လက်တွဲ ၍ တိုက်ပွဲဝင်ခဲ့ဖူးသော ရဲဘော်ရဲဘက် လုပ်ဖော်ကိုင် ဘက်တစ်ဦး ကျွန်တော့်အိမ်သို့ ရောက်လာသည်။
၁၉၇၂ ခုနှစ် ၁၉၇၇ ခုနှစ်အထိ ဖိုးဂေါ်ရခါး(ခေါ်) အမှတ်(၄)ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူးတာဝန်ယူ ခဲ့စဉ်က အတူလက်တွဲခဲ့သော ဗိုလ်မှူးခင်မောင်မြင့် (စစ်တက္ကသိုလ်-၁ဝ)က အိမ်ကို ရောက်လာသည်။ ၁၂ ရက်နေ့တွင် ဖြစ်ပါ၏။ လောက်ကိုင်ဒေသ သတင်း ကိုပြောသည်။
ခလရ (၄)တွင်အတူ လက်တွဲခဲ့ဖူးသော ဗိုလ်မှူး နိုင်စောနန်း (ချင်းအမျိုးသား)နှင့် ဗိုလ်မှူး သိမ်းဆွေ (ပန်းတောင်သား) တို့ထံ ရောက်ခဲ့ကြောင်း၊ ကိုးကန့် ဒေသမှ တိုက်ပွဲသတင်းကြားသမျှ ပြောမိကြကြောင်း၊ လွတ်လပ်ရေးရကတည်းက မငြိမ်းချမ်းခဲ့သော တိုင်း ပြည်မှာ ငြိမ်းချမ်းရေးရတော့မည်ဟု မျှော်လင့်နေချိန်မှာ ကိုးကန့်ဒေသမှ ဆူပူမှုများသတင်းကြားရသဖြင့် မခံချင် စိတ် ဖြစ်ကြကြောင်း ပြောသည်။
''ကျွန်တော်တို့ကိုခေါ်ရင် သွားတိုက်ကြရအောင်လို့ ပြောမိကြသေးတယ်'' ဟု ပြောလာသောစကားကို နားထောင်ရင်း သူ့မျက်နှာကို ကြည့်လျက်ငေးနေမိသည်၊ တွေးနေမိသည်။
ကျွန်တော် အသက်ရှစ်ဆယ်ရှိပြီ၊ သူတို့သူတို့ အသက်တွေလည်း ခြောက်ဆယ့်ငါးနှစ်-ခုနစ်ဆယ်ရှိကြပြီ။ ကျွန်တော့်ကို ပြောနေသော ဗိုလ်မှူးခင်မောင်မြင့်သည် သန်စွမ်းသူ မဟုတ်၊ တင်ပါးဆုံရိုးကိုခွဲ၍ ပေါင်ရင်းက အရိုးကို အစားထိုးကုသထားရသူဖြစ်သည်။ လမ်းကို သွက်သွက်မလျှောက်နိုင်၊ စိတ်ဓာတ်ကတော့ပြင်းသည်။
သူ့စကားကြားလျက် သူ့မျက်နှာကိုကြည့်ရင်း သူ့ရင်တွင်းကို ထိုးဖောက်မြင်ရသလိုသူတို့သူတို့ စစ်သား ဟောင်းကြီးတွေ၏စိတ်ကို နားလည်နေမိခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်တွင် ဒေါက်တာ ခင်စန္ဒာဝင်းနှင့် တယ်လီဖုန်းပြောဖြစ်သည်။ မြေးလေး ကိုဇွဲအတွက် ဝမ်းသာကြောင်း ပြောခြင်းဖြစ်ပါသည်။ ကိုဇွဲအကြောင်းပြောပြီးသည်နှင့်စန္ဒာက အရေးတကြီး ပြောလာသည်။
''အန်ကယ့်ကို စန္ဒာပြောရဦးမယ်၊ ကိုးကန့်ဒေသ က တိုက်ပွဲသတင်းတွေကြားရပြီး စိတ်မကောင်း ဖြစ်မိ တယ်အန်ကယ်ရယ် ''ကိုယ့်ရဲဘော်တွေ'' ထိခိုက်ကျဆုံး တဲ့သတင်း ကြားရတာ တကယ်စိတ်မကောင်းဘူး၊ ဘယ်သောဘယ်အခါပဲဖြစ်ဖြစ် စစ်သားဆိုရင် စန္ဒာတို့ သွေးသားလို ခံစားရတဲ့စိတ်က အရိုးထဲစွဲနေတာမို့ နေပြည်တော်ကို စန္ဒာသတင်းပို့ထားတယ်''
''ထိခိုက်ကျဆုံးသူတွေကို စန္ဒာကူညီချင်တယ် ဆိုတဲ့အကြောင်း လှမ်းပြီးတင်ပြထားတယ်၊ reply တော့မရသေးပါဘူး'' ဟု ပြောလာသည်။
နောက်တစ်နေ့ ၁၄ ရက်နေ့မနက် စန္ဒာဝင်းက ဖုန်းဆက်လာပြန်သည်။
''အန်ကယ့်ကို ပြောစရာရှိလို့ပါ။ နေပြည်တော်ကို စန္ဒာသတင်းပို့ထားတာ ချက်ချင်းအကြောင်းပြန် လာတယ်။ ဒီနေ့ နေ့လယ် ၁နာရီ ရန်ကုန်တိုင်းစစ် ဌာနချုပ်မှာ အလှူငွေလက်ခံမယ်လို့ ပြောပါတယ်။ အခုသိသိချင်း ဖုန်းဆက်လိုက်တာပါ''ဟုဆိုသည်။
''ပြီးတော့ အန်ကယ်ရယ်၊ အန်ကယ်ကျော်ထင် (ဗိုလ်ချုပ်ကြီး) မိသားစုလည်း သတိရလို့ စန္ဒာဆက် လိုက်တယ်၊ သမီးငယ်က ဆယ့်ငါးသိန်းလှူချင်တယ်၊ သူကအဝေးရောက်နေလို့ ငွေစိုက်လှူထားပါလို့ ပြော တယ်အန်ကယ်ရယ်'' ဟူသော အသံလေးက ကြည်နေသည်၊ ပီတိသံလေးပါနေသည်၊ ယမန်နေ့ကလို ဒေါသသံလေး ပျောက်သွားပြီ။
''နောက်တစ်ယောက်လည်း ရှိသေးတယ်၊ သူ ကလည်း လှူချင်တယ်၊ အဖေဆုံးသွားပြီ၊ စစ်သားသမီး ဆိုတော့ သွေးကရှိတာပေါ့ အန်ကယ်ရယ်၊ ငွေတစ်သိန်း လှူချင်တယ်၊ စိုက်ထားပေးပါ၊ လဆန်းကျ လခထုတ်ရင် ပြန်ဆပ်ပါ့မယ်လို့ ပြောတယ်'' ဆိုသော စကားက ကျွန်တော့်ရင်ကို လှုပ်ခါသွားစေပါတော့သည်။
စန္ဒာက ငွေစိုက်ထားလိုက်၊ အန်ကယ်က သူ့ကို ခေါ်လာခဲ့မယ်ဟု ပြောပြီး လိပ်စာတောင်းရသည်၊ နံနက်ဆယ့်တစ်နာရီခွဲအချိန် ရန်ကင်းသို့ ဝင်ခေါ်သော အခါ ကွယ်လွန်သူ ဒုဗိုလ်မှူးကြီး ရဲဆွေ၏သမီး ဝင်းဝင်း ဆွေ ဖြစ်နေသည်။
လက်ထဲမှာ အဆင်သင့်မရှိသော်လည်း လစာငွေ ကြိုတင်ထုတ်ပြီး စွန့်လွှတ်စွန့်စားသူတို့၊ တိုက်ပွဲဝင်နေ သူတို့ကို လှူဒါန်းသော စေတနာတန်ဖိုးက ကြီးလှ ပါပေသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမသို့ ရောက်သောအခါ အလှူငွေနှင့် ပစ္စည်းပေးအပ်လှူဒါန်း ပွဲအတွက် ပြင်ဆင်မှုများ နာရီပိုင်းအတွင်း လုပ်ကိုင်ကြ ရသော်လည်း ၁၂ နာရီမှာ အဆင်သင့်ဖြစ်နေပြီ။ အခမ်း အနားမစမီ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးတွေ၊ စစ်သည်တွေ ပျားပန်းခပ်မျှ လှုပ်ရှားနေကြသလို တိုင်းမှူးကြီးတို့ ဇနီး မောင်နှံကလည်း အလှူရှင်တွေကို နှုတ်ဆက်နေသည်။ တက်ရောက်လာသူတွေထဲမှာတော့ ကျွန်တော်နှင့် မသက်ဆွေက အသက်အကြီးဆုံးဖြစ်ပါသည်။ ရာထူး အဆင့်ကို ပဓာနမထားဘဲ အသက်အရွယ်ကို လေးစား သမှုပြုကြသော တိုင်းမှူးကြီးနှင့် ဇနီးမှအစ စစ်သည် အားလုံး၊ စစ်သမီးတွေ၊ ရဲမေတွေအားလုံးကို ကျေးဇူး တွေတင်နေမိရပါသည်။
စုစုပေါင်းအလှူရှင် ၆ဝ ဦးက ကျပ်သိန်းပေါင်း ၃၃၆၂သိန်းနှင့် အမေရိကန်ဒေါ်လာ ၂ဝဝဝ လှူကြသည် ကို တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လက်ခံသည်။ သိန်း ၁ဝဝ မှ ၅ဝဝ အတွင်း လှူသူ ၁၁ ဦးရှိသည်။ ကျောက်မဲဆရာတော် ဦးသုဇာတအပါအဝင် ငွေကျပ် တစ်သိန်း လှူဒါန်းသူ ၁ဝ ဦးရှိသည်။ သိန်း ၁၅ သိန်းမှ ၅၅သိန်းအတွင်း လှူဒါန်းသူ ၁၄ ဦးရှိရာ ဒေါက်တာ ခင်စန္ဒာဝင်းမိသားစု၊ ဗိုလ်ချုပ်ကြီးကျော်ထင်မိသားစု နှင့် ဗိုလ်ချုပ်သန်းဦး ဇနီးဒေါ်မြင့်မြင့်သန်းတို့လည်း ပါသည်။
ကျွန်တော်တို့ကတော့ အရေးပေါ်လျှင်သုံးဖို့ ကျန်းမာ ရေးအတွက် အသင့်ထားသော ငွေလေးနှင့် သားဖြစ်သူ ကိုနိုင်ဦးဆွေ၊ မြေးဖြစ်သူ ကိုဆွေဟိန်းတို့ရှိသမျှ စုလိုက်ပြီး ငွေကျပ်ဆယ်သိန်း လှူလိုက်ပါသည်။ ကျပ်ဆယ်သိန်းဆိုတာ ကျွန်တော်တို့အဖို့ တနင့်တပိုး ဖြစ်သော်လည်း အများနှင့်ယှဉ်တော့ ဘာမှမပြော လောက်ပါ။
သို့သော် လှူဒါန်းပွဲမှအပြန် ရင်မှာပိုက်လာရသော ရွှေရောင်ပေါင်ခတ်ထားသည့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်စာတန်းနှင့် တိုင်းတံဆိပ်ပါသော ဂုဏ်ပြုလွှာက တန်ဖိုးကြီးလှပါပေသည်။
ထိုညက ရုပ်မြင်သံကြားသတင်းများ စောင့်ကြည့် ခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့တွင် ဦးဦးဖျားဖျားကျင်းပသော အလှူငွေ ပေးအပ်လက်ခံပွဲသတင်းများ ကြည့်လိုက်ရသည်။
လှူဒါန်းငွေနည်းနည်းသာ လှူနိုင်ခဲ့သော ကျွန်တော် စစ်သားဟောင်းကြီး ရင်ထဲမှာ လုပ်အားပေးလှူလိုသော စိတ်ဆန္ဒက ပြင်းပြလို့လာသည်။
ရှေ့တန်းသို့ သွားရောက်ကူညီလိုကြသည်ဟု လာ ပြောသော ဗိုလ်မှူးခင်မောင်မြင့်၊ ဗိုလ်မှူးနိုင်စောနန်း၊ ဗိုလ်မှူးသိမ်းဆွေတို့သာမက ၁၉၇၂ ခုမှ ၁၉၇၇ ခုနှစ် အထိ စစ်မြေပြင်တာဝန် ထမ်းဆောင်ခဲ့ကြသော ကျွန်တော့်ရဲဘော်တွေ အများအပြားလိုက်ပါကြလိမ့် မည်ဟု ယုံကြည်သည်။
သည်အကြံကို ဒေါက်တာခင်စန္ဒာဝင်းအား ပြော ဖြစ်ပြန်သည်။
''သိပ်ကောင်းတဲ့ အကြံပဲအန်ကယ်၊ စန္ဒာနဲ့ အန်ကယ် က စိတ်သဘောချင်းတူကြတယ်၊ စန္ဒာကျန်းမာရေး ကောင်းတယ်၊ စန္ဒာလည်းလိုက်မယ်၊ Medical Cover ပေးဖို့ ကူညီချင်တယ်'' ဟု ချက်ချင်းတုံ့ပြန်လာပါတော့ သည်။
ကျန်းမာရေးကောင်းလျက် အသက်အရွယ်အရ အငြိမ်းစားယူကြရတော့ စန္ဒဝင်းတို့လို ဆရာဝန်တွေ ဆရာမတွေက ဆေးကုသမှုတာဝန်နှင့် လုပ်အားပေး ကြမည်။
ကျွန်တော်တို့က လူငယ်တွေလိုတော့ တောင်ပေါ် တက်ပြီး လှံစွပ်ထိုးတိုက်ပွဲ မဝင်နိုင်တော့ပါ။
သို့သော် ---
ကွမ်းလုံ- ဟိုပန် - ချင်းရွှေဟော် - လွယ်ပင်းရဲ- လွယ်မန်းခါး - ပညတ်ထန် - ဟိုက်ကမ်းပါးလိုနေရာ မျိုးတွေမှာ စခန်းထိန်းတာဝန်တွေဝင်ယူမည်။
လူငယ်လူရွယ်စစ်သည်တွေက လက်ချင်းဆက်ကာ ရင်ပေါင်တန်းတပ်ဖြန့်၍ ချီတက်သွား လျှင် တောက်ရွှေ- လောက်ကိုင်- တာရွှေထန် - ကုန်းကြမ်း- လော်ကွာကျိုင်း - မော်ထိုက် စသည့် စသည့် စတုရန်းမိုင် (၂ဝဝဝ)သာရှိသော ကိုးကန့်ဒေသတစ်ခုလုံး တပ်မတော်သားများ နှင့် ပြည့်သွားမည်။
မိတ်ဆွေအိမ်နီးချင်းနိုင်ငံမှလည်း မိတ်ဆွေ ကောင်းပီသစွာ နယ်စပ်ဖြတ်ကျော်အဝင်မခံဘဲ တားဆီး ပေးထားပါလျှင် ဖုန်ကြားရှင်ဦးစီးသော ကိုးကန့်တိမ်း ရှောင်အဖွဲ့တို့ပြေးစရာမြေမရှိနိုင်တော့မှာ သေချာသည်။
သံလွင်မြစ်ထဲခုန်ဆင်းကြမည်လား၊ ပြည်ပမှ ကူညီ သူတို့လာခေါ်မည့် ရဟတ်ယာဉ်များနှင့် တိုင်းတစ်ပါးသို့ ထွက်ပြေးကြမည်လား။
ကိုးကန့်နယ်မြေနှင့် ကိုးကန့်တိုင်းရင်းသားတွေက ပြည်ထောင်စုထဲမှာ ဘေးကင်းစွာကျန်ရှိနေပါလိမ့်မည်။
ထို့ကြောင့် အရေးကြီးလျှင် သွေးစည်းသော မြန်မာစိတ်ဓာတ်နှင့် ကျွန်တော်တို့ကို စခန်းထိန်း တာဝန်တွေယူခွင့်ပြုပါ။ လုံခြုံရေး တာဝန်တွေယူခွင့်ပြုပါ။ ဆေးဝါးကုသမှုတွေ တာဝန်ယူခွင့်ပြုပါဟူ၍ အစိုးရထံသို့လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်းကောင်း တင်ပြလိုက်ရပါသည်။
အသက်ကြီးသော်လည်း စိတ်ဓာတ်မပျက်စီးသေး သော ကျွန်တော်တို့ကို စိတ်ချယုံကြည်စွာ တာဝန်ပေး စေလိုပါသည်။
ကျွန်တော်တို့အားလုံး ရွတ်ဆိုခဲ့ကြသော သစ္စာလေး ချက် မမေ့နိုင်ကြသေးပါခင်ဗျား။ ။

No comments:

Post a Comment