Saturday, February 28, 2015

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၌ စတင်ကြားနာ ဆွေးနွေး ဆောင်ရွက်နေပြီဖြစ်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ကြရန် သတိပေးကြေညာချက်

နေပြည်တော် ဖေဖေါ်ဝါရီ ၂၈
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုများအရ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု
ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)မှ ကိုယ်စားလှယ်များပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေပြုရေးအာဏာရှိသည့် လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းအပေါ် ကြားနာမည့် အစီအစဉ်ကို ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ ပြီး ဖြစ်ပါသည်။
ယင်းကဲ့သို့ ဆန္ဒပြကျောင်းသားတို့၏ တောင်းဆိုချက်အရ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ လွှတ်တော်တွင် စတင်ကြားနာ ဆွေးနွေးဆောင်ရွက်နေပြီဖြစ်ရာ ဆန္ဒပြကျောင်းသားများအနေဖြင့် ဆန္ဒထုတ်ဖော်မှုများအား ရပ်ဆိုင်းထားရန် လိုအပ်ပါသည်။ သို့သော် ဆန္ဒပြကျောင်းသားများသည် ထပ်မံ၍ အင်အား စုစည်းပြီး ရန်ကုန်မြို့သို့ ဦးတည် ချီတက်ဆန္ဒပြရန် စီစဉ်နေကြကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရသည် အဖြစ် နိုင်ဆုံး လိုက်လျောခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လွှတ်တော်တွင် တင်ပြဆွေးနွေးနေကြစဉ် ဆန္ဒပြကျောင်းသားများ အနေဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းထားရမည် ဖြစ်ပါသည်။
ထပ်မံပြီး ရန်ကုန်မြို့သို့ ဦးတည်ချီတက် ဆန္ဒပြမည်ဆိုပါက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းရာ မရောက်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဦးတည်ရာ ရောက်စေမည် ဖြစ်ပါသည်။ သို့ပါ၍ ဆန္ဒပြမှုများ ရပ်ဆိုင်းကြပါရန်နှင့် လိုက်နာမှုမရှိဘဲ ဆက်လက် သပိတ်မှောက် လှုပ်ရှားမှုများ ပြုလုပ်လာပါက နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန


No comments:

Post a Comment