Saturday, February 28, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၈

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားရုံ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အားပေးချီးမြှင့်သည်။


ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမျိုးသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး ဘောလုံး အသင်းနှင့် ကရင်ပြည်နယ်ဘောလုံးအသင်း ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေး သည်။
ဒုတိယသမ္မတနှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးမြသိမ်း၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ အမျိုးသားဘောလုံး ပြိုင်ပွဲ တတိယဆုရ ပဲခူးတိုင်းဒေသကြီးအသင်းမှ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကလည်းကောင်း၊ ဒုတိယဆုရ  ကရင်ပြည်နယ် အသင်းအားကစားသမားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက လည်းကောင်း၊ ပထမဆုရ မန္တလေးတိုင်းဒေသကြီးအသင်းအားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ကလည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်သည်။
ယင်းနောက် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ တတိယ တံခွန်စိုက်ဆုရ ပဲခူးတိုင်းဒေသကြီးအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက လည်းကောင်း၊ ဒုတိယတံခွန်စိုက်ဆုရ မန္တလေးတိုင်းဒေသကြီး အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုရ ရန်ကုန်တိုင်း ဒေသကြီးအသင်းအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်းကောင်း၊ တံခွန်စိုက်ဆု ဖလားများကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် စစ်တီးဝိုင်းမှဦးဆောင်၍ အလံချအဖွဲ့နှင့် အလံသယ်အဖွဲ့တို့သည် ကွင်းအတွင်းသို့ ၀င်ရောက်နေရာယူပြီး ပြိုင်ပွဲဝင်အားကစားသမားများ ဆက်လက် နေရာယူကြသည်။
ထို့နောက် ဒုတိယသမ္မတ က အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာတွင်  ဖေဖော်ဝါရီလ ၁၃ ရက်က စတင်ကျင်းပခဲ့သည့် စတုတ္ထ အကြိမ် အမျိုးသားအားကစားပွဲတော်၏ ပြိုင်ပွဲ တစ်လျောက်လုံးတွင် ပြိုင်ပွဲဝင် အားကစားသမားများသည် သန့်ရှင်းစင်ကြယ်သည့် အားကစား စိတ်ဓာတ် များနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့ ကိုယ်စားပြုသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၏ ဂုဏ်ရောင်ကို အားကစားဖြင့် ထွန်းပြောင်စေခဲ့ကြသည်ကို တွေ့ရှိ ရသည့်အတွက် အထူး ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။
ယခုအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများ၏ ဆုံဆည်းမှုသည် သာမန်ဆုံဆည်းမှုမဟုတ်ဘဲ သန့်ရှင်း မွန်မြတ်သည့် အားကစားစိတ်ဓာတ်ကို အခြေခံပြီး တရားမျှတသည့် ယှဉ်ပြိုင်မှုများနှင့် ရင်းနှီးချစ်ကြည်စွာ ဆုံဆည်းမှုပင်ဖြစ်ပါကြောင်း၊ အားကစားသဘာဝအရ အရှုံးနှင့် အနိုင်ဆိုသည်မှာ အမြဲဒွန်တွဲ ရှိနေတတ်သော်လည်း နယ်ပယ်အသီးသီးက အားကစား အဖွဲ့အားလုံး ရရှိလိုက်သည့် အားကစားအပေါ်တွင် အခြေခံသည့် ညီရင်းအစ်ကို မောင်နှမစိတ်ဓာတ်နှင့် တစ်ယောက် အတွက် အများ၊ အများအတွက် တစ်ယောက် ဆိုသည့် စည်းလုံးညီညွှတ်မှုများသည် တန်ဖိုးမဖြတ်နိုင်သည့် အမြတ်အဖြစ် ထာဝရ ကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း။
ယခုပြိုင်ပွဲဖြစ်မြောက်အောင်မြင်ရန် ကဏ္ဍအသီးသီးက ကြီးကြပ်ဆောင်ရွက် ပေးကြသည့် ပုဂ္ဂိုလ်များ၊ အားကစားပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ကြသော အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်များ၊ ဂျူရီများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ကစားသမားများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကို မှတ်တမ်း တင်ပြောကြားလိုကြောင်း။
စင်ကာပူနိုင်ငံတွင် မကြာမီကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၈) ကြိမ်မြောက် အာဆီယံမသန်မစွမ်း အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်ပြီး ကြိုတင်ပြင် ဆင်သည့်အနေဖြင့် ယခုအမျိုး သားအားကစားပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည့်အတွက် ရည်ရွယ်ချက် များအတိုင်း ပေါက်မြောက်အောင်မြင်ရန် အရှိန်အဟုန်မပြတ် ဆက်လက်လေ့ ကျင့်ပြင်ဆင် သွားကြ ရန် တိုက်တွန်းလိုပါကြောင်း။
လေ့ကျင့်သားပြည့်ဝမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု၊ ကာယကြံ့ခိုင်မှု၊ ဉာဏ်ရည် ထက်မြက်မှု၊ စည်းလုံးညီညွှတ်မှု၊ ဇွဲလုံ့လရှိမှု၊ စည်းကမ်းလိုက်နာမှု၊ စာရိတ္တကောင်းမွန်မှု စသည့် အားကစားသမား ဂုဏ်ရည်များနှင့် ပြည့်စုံသည့် နိုင်ငံဂုဏ်ဆောင် အားကစား မောင်မယ် အကျော်အမော်များအဖြစ် အောင်မြင်မှုများ ဆွတ်ခူးနိုင်ပါစေဟု ဆုမွန် ကောင်းတောင်းလိုက်ပါကြောင်း။
ယခုပြိုင်ပွဲမှ ရရှိခဲ့သည့် သွေးစည်းညီညွှတ်ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု တစ်နံတစ်လျားက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ယခုထက်ပိုမိုသည့် စည်းလုံး ညီညွှတ်မှု၊ အပြန်အလှန် နားလည်မှု၊ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းသည့် အမြင်ချင်းဖလှယ်မှုများဖြင့် အားကစားကဏ္ဍမှသည် မြင့်မားသည့် လူမှုအသိုက်အဝန်း ဆီသို့ လှမ်းချီရင်း နိုင်ငံတော်၏ ဂုဏ်ကို အားကစားနှင့် အစွမ်းကုန်မြှင့်တင်ဆောင်ရွက် နိုင်ကြစေ ဟုဆန္ဒပြုရင်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား အောင်မြင်စွာ ပိတ်သိမ်း ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အားကစားဝန်ကြီးဌာန အလံချအဖွဲ့က စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော်အလံကို တိုင်ထိပ်မှချ၍ အလံသယ်အဖွဲ့က ကွင်းအတွင်းမှ ပြန်လည် သယ်ဆောင်သည်။
ဆက်လက်၍ တေးသံရှင် ချမ်းချမ်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင် များ၊ အားကစားသမားများက ဂီတစာဆို ဟင်္သာတမြင့်ငွေရေးသားသော သွေးချင်းတို့ရေ နှုတ်ဆက်သည် သီချင်းဖြင့် ကပြဖျော်ဖြေ သီဆိုခဲ့သည်။


No comments:

Post a Comment