Thursday, February 26, 2015

ပညာရေးလှိုင်းထန်ထစေ

မျိုးသာထက်
National Network for Education Reform (NNER)နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီတို့မှ ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်း တို့ လက်မှတ်ရေးထိုးတင်သွင်းထားသည့်
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရေးသားသည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်များသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆ မဟုတ်ပါ။ အမျိုးသားပညာရေးဥပဒေကို စိတ်ဝင်စားသူများအနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လှိုင်း သုံးလှိုင်းဖြင့် နိုင်ငံကို ကြိုးစားပြောင်းကြည့်သည်။ ပြည်တွင်းပြည်ပက ထောက်ခံမှုတချို့ရသော်လည်း ပြည်သူအများစုလိုအင်ကား ကြီးနေဆဲဖြစ်သည်။ နှစ်ပေါင်း များစွာက အပျက်အစီး၊ အကျအပေါက်များကို ငါးနှစ် နှင့်လုပ်မရ ပြင်မရသည်ကတော့ သေချာသည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသားပညာရေးဥပဒေ အကြောင်းပြု ကျောင်းသားသပိတ်သည် ကြီးထွားခဲ့ သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအတွက် ခံတုံးတစ်တုံး ဖြစ်လာသည်။ ကျောင်းသားသပိတ်များ၏အစ တိုင်း ပြည်၏ ပညာရေးမှာ နှစ်ပေါင်းများစွာကြာကတည်းက ကောင်းစေရန် ကြိုးစားရင်း၊ စမ်းသပ်ရင်း၊ ပြင်ဆင်ရင်း နှင့်ပင် ကျဆုံးခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် အမျိုးသားပညာရေးဥပဒေကို အတည်ပြုခဲ့သည်။ ၂ဝ၁၄ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁ (၃ဝ-၉-၂ဝ၁၄)ဖြင့် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများလိုလားသည့် ဥပဒေမျိုး မဟုတ်သဖြင့် ကျောင်းသားများက ပြင်ဆင်ပေးရန် ပြောသည်။ နောက်တော့ သပိတ်မှောက်သည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ညှိနှိုင်း ပါရန် အစိုးရကိုရက်ပေါင်း ၆ဝ အချိန်ပေးသည်။ သမ္မတ ဦးသိန်းစိန် အစိုးရသည် တုတ်တုတ်မျှ မလှုပ်ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် နိုင်ငံလုံးချီ ကျောင်းသားသပိတ်ကို မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်ခြင်းဖြင့် စတင်လိုက်သည်။
မန္တလေးတာထွက်သပိတ်သည် လမ်းမှ မြို့ရွာများ သို့ ဝင်သည်၊ တရားဟောသည်။ အစိုးရဘက်က တား သည်၊ ဆီးသည်၊ သတိပေးသည်။ သို့တိုင်ကား ကျောင်း သားများက ရှေ့သို့ ဆက်လက်ချီတက်ကြသည်။ ကျောင်းသားများကို မိဘပြည်သူများက ထောက်ခံ ကြသည်။ အစိုးရနှင့်နီးသူများက ကျောင်းသားများကို တားဆီးသလို သတိပေးကြသည်။ သပိတ်ကို ဆက် မသွားကြပါရန် ဆိုင်ရာမြို့အလိုက် တားဆီးနိုင်ပါရန် ကြိုးစားကြည့်ကြသည်။ အစိုးရလျှော့လိုက်ပြီ။ သမ္မတ ဦးသိန်းစိန်အစိုးရသည် ၂ဝ၁ဝ အထွေထွေရွေးကောက် ပွဲမှလာသော အစိုးရဖြစ်သည်။ အငြင်းပွားဖွယ် ရွေးကောက်ပွဲဟု ပြည်တွင်းပြည်ပ အကဲခတ်များက သုံးသပ်ကြသော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်မှ ပေါ်ပေါက်ခဲ့သော အစိုးရကား သေချာသည်။ ရက် ပေါင်း ၆ဝ ကို နည်းလမ်းဟောင်းဖြင့် စဉ်းစားရင်း လျစ်လျူရှုခဲ့သော သမ္မတ ဦးသိန်းစိန်အစိုးရသည် ရန်ကုန်ဝင်လာမည့် သပိတ်စစ်ကြောင်းများအရေးကို သေသေချာချာ တွက်စစ်ပုံရသည်။ စေ့စပ်ညှိနှိုင်းရေး စကားပြောသည်၊ စကားပြောသလို ညှိနှိုင်းရေးကိုလည်း လက်တွေ့လုပ်သည်။
ဇန်နဝါရီလ ၂၈ ရက်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် သပိတ်မှောက် ကျောင်းသားခေါင်း ဆောင်များ ဆွေးနွေးကြပြီး အမျိုးသားပညာရေးဥပဒေကို အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာကွန်ရက်(NNER) နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဖေဖော်ဝါရီလ ၁ ရက် တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြ သည်။ လေးပွင့်ဆိုင်များ အလျှော့အတင်းနှင့်သွားရင်း နောက်ဆုံးတွင် ကျောင်းသားများလိုလားချက်ကို အစိုးရ သည် လိုက်လျောခဲ့သည်။ အစိုးရကတစ်ခုသာ အရေး ဆိုသည်။ ကျောင်းသားစစ်ကြောင်းများ ရန်ကုန်ကို မဝင် နှင့်။ ကျောင်းသားများကား အစိုးရကို မယုံကြည်ပုံ ရသည်၊ ထို့ကြောင့် ထုံ့ပိုင်း ထုံ့ပိုင်းနှင့် ဆက်လက်ချီတက်ပြီးမှ အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း ထွက်ပြီးချိန်တွင် သပိတ်ကို ဖေဖော်ဝါရီလ ၂၈ ရက် အထိ (လက်ရှိ) ရပ်ထားမည်ဟု ဆိုခဲ့သည်။
ဥပဒေမူကြမ်းအပေါ် သဘောထား
ဒီမိုကရေစီသို့ သွားနေသည့်ခေတ်တွင် ကျောင်းသား များက ဒီမိုကရေစီပညာရေးကို တောင်းသည်။ ဒီမိုကရေစီ ပညာရေးမှာ သီးခြားပညာရေးတစ်ခုလားဟု မိတ်ဆွေ တစ်ဦးက ကျွန်တော့်ကို မေးဖူးသည်။ ဒီမိုကရေစီ ပညာရေးမှာ ဒီမိုကရေစီသဘောသဘာဝအတိုင်း လွတ်လပ်မှုကို အခြေတည်ထားသော ပညာရေးကို ဆိုလိုကြောင်း ကျွန်တော်ရှင်းရဖူးသည်။ အစိုးရသတင်းစာ များတွင် ပညာရေးမူကြမ်းကို ထည့်သောအခါ ဖတ်သူ များက ဝေဖန်ကြသည်။ ကြိုက်သူလည်းရှိသည်၊ မကြိုက်သူ လည်းရှိသည်။ ကောင်းလှချည်လားဟု ပြောသူများရှိသလို လွန်လွန်းလှချည်းလားဟု ဝေဖန်သူလည်းရှိသည်။ အစိုးရ သတင်းစာက ဖိတ်ခေါ်ထားသဖြင့် လက်သံပြောင်သူတို့က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း မှ အစအနများကို အပ်နဲ့ဆွသည်၊ အထအနကောက်ကြ သည်။ ဟိုလိုဆိုလျှင်မခက်လား၊ သည်လိုဆိုလျှင် မလွယ်ပါ့ လားဟု ဆိုကြသည်။ နှစ်ပေါင်းများစွာ အချုပ်အကိုင်နှင့် နေထိုင်လာကြသဖြင့် တက္ကသိုလ်ကျောင်း သားများက လွတ်လွတ်လပ်လပ် တောင်းဆိုလိုက်သည့်အခါ လွတ်လပ် လှချည်လား၊ ကောင်းပါ့မလားဟု ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များအပါအဝင် အစိုးရက စိတ်ပူပန်သည်။ တစ်ဖက် တွင်လည်း စစ်အုပ်ချုပ်ပုံခေတ် မဟုတ်သဖြင့် ကျောင်းသား တွေကို သတိနှင့်ဆက်ဆံပုံရသည်။ အစိုးရသက်တမ်းမှာ တစ်နှစ်သာ ကျန်တော့ပေရာ အထွက်ကောင်းဖို့အရေး ကလည်း ကြီးနေပါသည်။ ဤသို့ဖြင့် အစိုးရသည် သတင်းစာမှ တစ်ဆင့် ဥပဒေမူကြမ်း အပြစ်အနာအဆာ တို့ကို ပြည်သူအများ စာဖတ်သူအား ကြည့်စေရှုစေခြင်း ဖြစ်သည်။
ပညာရေးလှိုင်းထန်ပါစေ သမ္မတဦးသိန်းစိန်အစိုးရက လှိုင်းဆိုသော စကားလုံးကို ကြိုက်သည်ဟု ယူဆမိသဖြင့် ကျွန်တော်လည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်စခန်းဖြင့် အရလှမ်းနေခြင်းကို ပညာရေးလှိုင်း ထန်ခြင်းဟု ဆိုချင်သည်။ လှိုင်းသဘာဝက အားကြီးသည်၊ တစ်ဖက်တွင် အန္တရာယ်လည်းရှိသည်။ ကောင်းသည့် ဘက်ကမ်းသို့ ရိုက်တင်နိုင်သလို ဆိုးသည့်ချောက်ထဲသို့ လည်း ဆွဲခေါ်ချသွားနိုင်သည်။ မည်သို့ဖြစ်စေ ပညာရေး လှိုင်းတံပိုးကိုတော့ အရှိန်အဟုန်ဖြင့် သည်တစ်ကြိမ် သွားစေချင်သည်။
တက္ကသိုလ်ကျောင်းသားများနှင့် ကျောင်းသားသပိတ် ခေါင်းဆောင်များ၏ စေတနာမှာ မြန်မာ့ပညာရေးကို ကောင်းစေချင်သည်။ ဗဟိုအချုပ်အကိုင်များသည်ကို မကြိုက်၊ နှစ်ပေါင်းများစွာက အတွေးအခေါ်များ အတိုင်း မပြင်မပြောင်းသည်ကိုလည်း မနှစ်သက်၊ လွတ်လပ်သည့် ခေတ်တစ်ခေတ်ကို သွားလိုက်ချင်သည့် ဆန္ဒ ၄င်းတို့တွင် ရှိသည်။ ပညာရေးလှိုင်းကြီးကြီး တစ်ချီတော့စီးကြည့်ချင်ကြခြင်းဖြစ်သည်။ ဥပဒေကြမ်း တွင် လွတ်လပ်စွာ ပညာသင်ကြားခွင့် (ဘာသာရပ်နှင့် ကျောင်းရွေးချယ်ခွင့်) ကိုတောင်းသည်။ ဤသို့ တောင်း ဆိုခြင်းမှာ မမှားပါ၊ သို့သော် မြန်မာ့ပညာရေးနှင့် ကိုက်ညီရန် ခပ်ကြမ်းကြမ်းတစ်ကွေ့ကိုဖြင့် ဖြတ်ကျော် ကြရမည်ဖြစ်သည်။ မူလဥပဒေက အခမဲ့မသင်မနေရကို မူလတန်းကစပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေးဟု ဆိုသည်ကို ပြင်ဆင်သည့် မူကြမ်းတွင် အခမဲ့ မသင်မနေရ အလယ်တန်းပညာရေးကို ဆောင်ရွက်မည် (ပုဒ်မ ၁၇) ဟု တိတိကျကျ ပြောသည်မှာကောင်းသည်။
အစိုးရသတင်းစာတွင် ဆောင်းပါးရှင်တချို့ လိုရာ ဆွဲကောက်ယူသုံးသပ်ကြသလို ဘာသာခြားကျောင်း များ ပေါ်ပေါက်လာမည့်အရေးမှာလည်း ဥပဒေမူကြမ်း ပုဒ်မ ၄ (ဍ) တွင် ရှင်းရှင်းလင်းလင်း ထည့်သွင်းထား သည်ကို တွေ့ရသည်။ ''ပညာရေးသည် ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ နိုင်ငံရေး ယုံကြည်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားမည်'' ဟု ရေးထားသည်။ အပြစ်အနာအဆာဆို ပြင်ပါ၊ ဥပဒေကို ရာခိုင်နှုန်းပြည့်ကောင်းအောင် ပြင်ဆင်ကြိုးစား ရေးထားသော်လည်း အပြစ်အနာအဆာ ပါနိုင်ကောင်း သည်။ ပိုကောင်းအောင် ဝိုင်းဝန်းပြင်ကြရုံသာရှိသည်။ အစိုးရပြင်ပြင်၊ လွှတ်တော်ပြင်ပြင်၊ NNER ပြင်ပြင်၊ ကျောင်းသားပြင်ပြင် ကောင်းအောင်ပြင်ဖို့ လိုရင်း ဖြစ်သည်။ ယခုတော့ လေးပွင့်ဆိုင်သဘောတူညီချက် ဖြင့် ပြင်ထားသဖြင့် အားရလှသည်။ အထူးအားဖြင့် တိုင်းပြည်ကောင်းမည့် ပညာရေးကောင်းစေသည့် လုပ်ရပ်မျိုးကို ပြည်သူများက ကြိုဆိုကြမည်ချည်း ဖြစ် သည်။
သမ္မတ ဦးသိန်းစိန်အစိုးရသည် လက်ကျန်သက်တမ်း အတွင်း လုပ်စရာတွေက များလွန်းလှသည်။ ငြိမ်းချမ်းရေး စခန်းလှမ်းနေဆဲ၊ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး အကွေ့ ဝေ့နေဆဲ၊ နိုင်ငံ့စီးပွားရေး အရွေ့ရွှေ့နေဆဲ စသည်ဖြင့် ''ဆဲ'' အခြေအနေများတွင် ထပ်ပိုးတက်နေ သည့် ပြဿနာများကလည်း နေ့စဉ်နှင့်အမျှ ရှိနေသေး သည်။ သို့မို့ကြောင့် ကျောင်းသားများနှင့် အစိုးရကြား ပြေလည်သွားလျှင် သမိုင်းကြောင်းကောင်းသွားနိုင် သည်။ အရှေ့က အဆက်ဆက်သော အစိုးရများသည် ကျောင်းသားများကို ဖိနှိပ်ခဲ့သည်ချည်းသာဖြစ်သည်။ ကျောင်းသားများသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် တိုင်းပြည်အတွက်၊ အနာဂတ်အတွက် လုပ်ဆောင်နေကြ ခြင်းဖြစ်သည်။ ငယ်သူများက ဦးဆောင်လုပ်ကိုင်နေကြ သဖြင့် အမှားအယွင်း ရှိနိုင်ကောင်းသည်။ အမှားရှိက အမှန်ရှိရာသည်။ တိုင်းနိုင်ငံနှင့် ရပ်ရွာလူထုကောင်းဖို့ ပြင်စရာရှိလျှင် ပြင်ရမည်သာဖြစ်သည်။ ကျောင်းသား သပိတ်သည် လုံးလုံးပြီးသေးသည်မဟုတ်ပါ၊ ခေတ္တ ရပ်ရင်း အခြေအနေစောင့်ကြည့်နေဆဲသာဖြစ်သည်။
ဥပဒေကြမ်းပါ စိုးရိမ်စရာများရှိက လေးပွင့်ဆိုင် ခြင်းဖြင့် လည်းကောင်း၊ လွှတ်တော်တွင်းတွင်လည်း ကောင်း ရှင်းနိုင်ကောင်းသည်။ တိုင်းပြည်ကောင်းဖို့ ဆောင်ရွက်သူတိုင်းက တိုင်းပြည်နှင့်လူထုကို မျက်နှာ မူလိုက်က အပြစ်အားလုံးသည် ကင်းစင်ပျောက်မည်သာ ဖြစ်သည်။ ပညာရေးလှိုင်းတံပိုးတို့ မြိုင်ဆိုင်ထပါစေ၊ တိုင်းပြည်ကောင်းစေဖို့ စေတနာပဲ့ထိန်းဖြင့် ဥာဏ်ပညာ လှေကိုလှော်ခတ်ရင်း လေးဖက်လေးတန်က အပြစ် အနာအဆာများနှင့် အခက်အခဲအားလုံးကို ကျော်ဖြတ်ဖို့ အချိန်တန်ပါကြောင်း ပြောလိုသည်။

(ပြည်တွင်းပြည်ပ သတင်းဌာနများတွင် ၁၅ နှစ် ကျော် လုပ်သက်ရှိသူ သတင်းမီဒီယာသမား မျိုးသာထက် သည် ယခုအခါDVB DEBATE ရုပ်သံအစီအစဉ် တွင် တင်ဆက်သူဖြစ်သည်) 

No comments:

Post a Comment