မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင်
သိသာထင်ရှားသော အပြောင်းအလဲ အဖြစ် သတင်း မီဒီယာလွတ်လပ်ခွင့်များ ရရှိလာပြီး ပုဂ္ဂလိက
သတင်းစာနှင့် ဂျာနယ်များ၏ အခန်းကဏ္ဍပိုမိုထင်ရှားလာခဲ့ရာ နေ့စဉ်၊ အပတ်စဉ် ထုတ်ဝေလျက်ရှိသော
ပုဂ္ဂလိက သတင်းစာနှင့် သတင်းဂျာနယ်များအနက်မှ Tomorrow သတင်းဂျာနယ်
ထုတ်ဝေခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ
Novotel ဟိုတယ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများ၊
၊ Tomorrow သတင်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ်
နှင့် ဒါရိုက်တာ အဖွဲ့ဝင် များ၊ စာပေနှင့်စာနယ်ဇင်း အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊
သတင်းစာဆရာများ နှင့် ဖိတ်ကြား ထားသော ဧည့်သည်များ တက်ရောက် ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်က မုဒိတာစကားပြောကြားသည်။ ထို့နောက်
Tomorrow သတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်
ဦးဝဏ္ဏ (မာဂျေ) ၊ ဒါရိုက်တာ အဖွဲ့ဝင်နှင့် ထုတ်လုပ် ရေး အရာရှိချုပ် ဦးဇော်သက်ထွေးနှင့်
ပံ့ပိုးကူညီသူ ဦးဇာဂနာ တို့က Tomorrow သတင်းဂျာနယ်
ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
Tomorrow သတင်းဂျာနယ်ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး ဒုတိယမြောက်
ခြေလှမ်းအဖြစ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် မှားယွင်းခဲ့သော အမှားများကို ပြင်ဆင်ပြီး
မှန်ကန်သည့် ခြေလှမ်းသစ်ဖြင့် လျှောက်လှမ်းနိုင်ရန် ရည်ရွယ်၍ အမှားပြင် သတင်းဂျာနယ်
အမည်ဖြင့် သတင်းဂျာနယ်တစ်စောင်ကို မကြာမီ ထုတ်ဝေသွားနိုင်ရန် စီစဉ် လျက်ရှိကြောင်း၊
ထို့ပြင် ပုဂ္ဂလိကသတင်းစာတစ်စောင်ကို ထုတ်ဝေသွားနိုင်ရန် ရည်ရွယ်ထားပြီး မှန်ကန် တိကျ ဖြောင့်မတ်စွာဖြင့် ပြည်သူအတွက် သတင်းမီဒီယာဆိုင်ရာ
ဝန်ဆောင်မှုများကို ပေးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် အဆိုပါသတင်းဂျာနယ်၏
ထုတ်လုပ်ရေးအရာရှိချုပ် ဦးဇော်သက်ထွေးက ပြောသည်။ ထို့နောက် Tomorrow သတင်းဂျာနယ်၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့
တက်ရောက် လာသူ များအား ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

No comments:
Post a Comment