Wednesday, January 28, 2015

အလုပ်ဖြင့် ကင်းထောက် ရန်ပုံငွေရှာဖွေခြင်း (Kyat-a-Job)

ကင်းထောက်ကြီး
ဆောင်းပါး
ကျွန်တော် ကင်းထောက်လူငယ် (Boy Scout) ဖြစ်ခဲ့စဉ်က ၁၉၅၉- ၁၉၆၄ ခုနှစ်များအတွင်း နှစ်စဉ် ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် ကင်းထောက် ရန်ပုံငွေရှာဖွေခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရပါသည်။

ထိုစဉ်က ဒီဇင်ဘာ ကျောင်းပိတ်ရက်သည် ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်)မှ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) အထိ ၁ဝ ရက်ခန့် ဖြစ်ပါသည်။ ထိုဒီဇင်ဘာ ကျောင်းပိတ်ရက် အတွင်း ကင်းထောက် လုလင်များသည် ခြောက် ဦးမှ ရှစ်ဦးအထိ ပါဝင်သော ကင်းစိတ်အလိုက် မိမိတို့ တက်ရောက်ရာ ကျောင်းပတ်ဝန်းကျင် ရပ်ကွက်တွင်းရှိ အိမ်များသို့ သွားရောက်၍ အလုပ်တောင်းပြီး ဗာဟီရ အလုပ်ကလေးများ လုပ်ကြရပါသည်။ ထိုအစီအစဉ်ကို အလုပ်တစ်ခုလျှင် တစ်ကျပ် (kyat-a-Job)ဟု ခေါ်ပါသည်။
အိမ်တစ်အိမ်သို့ရောက်လျှင် အိမ်ရှင် အကြီးအကဲအား ရိုသေ လေးစားစွာ နှုတ်ဆက်၍ ''မိမိတို့မှာ ( ) ကျောင်းမှ ကင်းထောက် လုလင်များ ဖြစ်ပါကြောင်း၊ ကင်းထောက်ရန်ပုံငွေအတွက် အလုပ်ရှာထွက်ခြင်း ဖြစ်ကြောင်း၊ ရောက်ရှိနေသော အိမ်တွင် သန့်ရှင်းရေးမှအစ အလုပ်ကလေးများ ရှိပါလျှင် ဝိုင်းဝန်းကူညီေ ဆာင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးမှု အတွက် အလုပ်တစ်ခုလျှင် တစ်ကျပ် ချီးမြှင့်ပါရန် ဖြစ်ပါကြောင်း'' ယဉ်ကျေး သိမ်မွေ့စွာ ပြောရပါသည်။
အိမ်ရှင်က လုပ်စရာမရှိပါဟုပြောချင်လည်း ပြောလွှတ်ပါမည်။ တံမြက် စည်းလှဲ၊ ကြမ်းတိုက်၊ ပန်းကန်ဆေး၊ ထင်းပုံရွှေ့၊ အမှိုက်မီးရှို့၊ ပြတင်းမှန် သုတ်စသည့် အလုပ်ကလေးများထဲမှ တစ်ခု သို့မဟုတ် နှစ်ခုလုပ်ပေး မလားဟုမေးပြီး ခိုင်းချင်လည်း ခိုင်းပါမည်။ အလုပ် ပြီးသည့်အခါ လုပ်အားခ ငွေကို အလုပ်တစ်ခုလျှင် တစ်ကျပ်ပေးပါသည်။ အလုပ်သုံးလေးခု ခိုင်း၍ လေးကျပ် ပေးသည့်အခါ ရှိသကဲ့သို့ အလုပ်တစ်မျိုးတည်း များများခိုင်းပြီး တစ်ကျပ်တည်း ပေးသည့်အခါလည်း ရှိတတ်ပါသည်။
အလုပ်တစ်ခု တစ်ကျပ်ကို လက်ခံရန် ကင်းထောက် လုလင်များတွင် တစ်ကျပ်ကွက် ဆယ်ကွက်ပါသည့် ကတ်ပြားတစ်ခု ပါလာရပါသည်။ အိမ်ရှင် က တစ်ကွက် တစ်ကျပ်နှုန်းဖြင့် အကွက်များ ဖြည့်ပေးလိုက်ပြီး ငွေကိုကင်း စိတ်ဦးစီး သို့မဟုတ် ခေါင်းဆောင်ကို ပေးလိုက်ပါသည်။ သို့နှင့် တစ်အိမ်ပြီး တစ်အိမ်ဝင်၍ အလုပ်တောင်း၊ အလုပ်လုပ်ငွေလက်ခံပြီး ရန်ပုံငွေရှာပါ သည်။ အလုပ်ကတ်ပြားများကို ကင်းထောက် ကောင်စီမှ သက်ဆိုင်ရာ ကျောင်းကင်းထောက် ဆရာကို ထုတ်ပေးထားပါသည်။ ကင်းထောက်ဆရာက ကင်းစိတ်အလိုက် ထုတ်ပေးပြီး (၁ဝ)ကွက်ပြည့်သော ကတ်များကို ငွေ ၁ဝ ကျပ်နှင့်အတူ ပြန်သိမ်းလျက် ကင်းထောက် ကောင်စီသို့Kyat-a-Job ရာသီပြီးလျှင် ပြန်အပ်ရပါသည်။ ကင်းစိတ်များကို ကတ်ထုတ်ပေးသည့်အခါ တစ်ကတ်ချင်းကုန်လျှင် နောက်ထပ် တစ်ကတ် ထပ်ထုတ်ပေးခြင်းဖြင့် ကင်း စိတ်အလိုက် ကတ်များလျှင်၊ အကွက်များလျှင် များသလို ရန်ပုံငွေရရှိပါသည်။ အများဆုံး ရှာနိုင်သော ကင်းစိတ်ကို ဂုဏ်ပြု မှတ်တမ်းပေးပါသည်။ ရန်ပုံငွေကို ကင်းထောက် ကောင်စီက ကင်းထောက် လုပ်ငန်းများအတွက် လိုအပ်သလို စီမံခန့်ခွဲ သုံးစွဲပါသည်။
ကင်းထောက်လုလင်များ အလုပ်ဖြင့် ရန်ပုံငွေ ရှာထွက်လျှင် ကင်းထောက် ဝတ်စုံအပြည့် ဝတ်စား သွားရပါသည်။ အလုပ်လုပ်သည့်အိမ်တွင် အလုပ်သဘော သဘာဝအရ ဦးထုပ်၊ ဖိနပ်၊ ရှပ်အင်္ကျီချွတ်၍ သပ်သပ် ရပ်ရပ်ပုံထား၊ ချိတ်ထားပြီး အလုပ်လုပ်နိုင်ပါသည်။ ပြီးလျှင် ဝတ်စုံပြည့် ပြန်ဝတ်၍ အိမ်မှထွက်ခွာ ရပါသည်။ ကင်းထောက်တိုင်းတွင် ဓာတ်ပုံပါ ကင်းထောက် မှတ်ပုံတင်ကတ်ပြား ပါရန်လည်း လိုအပ်ပါသည်။ လိုအပ်လျှင် အိမ်ရှင်က စစ်ဆေးနိုင်ရန် ဖြစ်ပါသည်။
ကျွန်တော် ကင်းထောက်ဖြစ်ခဲ့သည့် ကျောင်းမှာ ယခုအထက (၁)လမ်း မတော်၊ ထိုစဉ်က စိန်ဂျွန်းဒိုင်အိုစီဇင် ယောက်ျားကလေးများကျောင်း ဖြစ်ပါသည်။ ကျောင်းပတ်ဝန်းကျင် ရပ်ကွက်မှာ နိုင်ငံခြားသံရုံးအိမ်များ၊ ငွေကြေး ချမ်းသာသူ ခြံဝင်းများနှင့် အိမ်ကြီးများဖြစ်၍ မွန်မွန်ရည်ရည် ပြောဆိုရပါသည်။ သံတမန်အိမ်များ ဆိုလျှင် အင်္ဂလိပ်လို ပြောရပါသည်။
ရန်ပုံငွေရှာ ရာသီမှာ ဒီဇင်ဘာ ဆောင်းတွင်းရာသီ ရက်သတ္တနှစ်ပတ်မျှ ဖြစ်ပြီး ချမ်းအေးသော ရာသီဖြစ်၍ အလုပ်လုပ်ရတာ မပင်ပန်းပါ။ အချို့အိမ်များက ရန်ပုံငွေပေးသည့် အပြင် မုန့်များ၊ အချိုရည်များဖြင့် ပျူငှာစွာ ဧည့်ခံကြပါသည်။
ရှာဖွေရရှိသည့် ရန်ပုံငွေမှာ ရှာဖွေသည့်ကင်းထောက်များ မရရှိပါ။ ကင်းထောက် ကောင်စီက ဒေသန္တရအလိုက် တစ်နိုင်ငံလုံး အလိုက် ရန်ပုံငွေ များ စုဆောင်း၍ ကင်းထောက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု အတွက် သုံးစွဲပါ သည်။ အလုပ်ရှာလုပ်သော ကင်းထောက်များက ငွေရှာသည်ဟု သဘော မပိုက်ဘဲ ကင်းထောက်ကတိသစ္စာပါ အများသူငါကို အမြဲကူညီပါမည်ဟူသည့် စိတ်ဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ပုံငွေ ထည့်ဝင်ပေးသည့် အလုပ်ပေး အိမ်ရှင်များကလည်း ကင်းထောက်များကို ငွေပေးသည်ဟု သဘောမထားဘဲ ကင်းထောက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြည်သူလူထုမှ ပါဝင်ကူညီသည့် သဘော ပိုက်ရခြင်းသည် Kyat-a-Job ၏ အနှစ်သာရ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကင်းထောက် လုပ်ငန်းကို လက်ရှိ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်စတင် အသက်ဝင် ဆောင်ရွက်လျက်ရှိရာ နှစ်နှစ် ကာလအတွင်း ကင်းထောက် မောင်မယ်ဦးရေ ၁ဝဝဝဝ ကျော် ရှိလာပြီဖြစ်ပါသည်။ ကင်းထောက် လှုပ်ရှားမှုတစ်ခု ဖြစ်သော အလုပ် တစ်ခု တစ်ကျပ်ဖြင့် ရန်ပုံငွေရှာခြင်း Kyat-a-Job လုပ်ငန်းကို ပြန်လည် စတင် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ယာယီ ကော်မတီ နာယက ကြီးများ၏ လမ်းညွှန်ချက်အရ ကော်မတီတွင် ဆွေးနွေးလျက်ရှိသည်။
၉-၁၂-၂ဝ၁၄ နေ့က အထက(၁)လမ်းမတော်ကျောင်းတွင် ဆွေးနွေးချက်များ၌ ၁၉၆ဝ ပြည့်နှစ်က ငွေတစ်ကျပ်၏ တန်ဖိုးနှင့် ယခုတန်ဖိုးကွာ ခြားသဖြင့် အလုပ်တစ်ခုကျပ်တစ်ရာ သတ်မှတ်ရန် (တစ်လုပ် တစ်ရာဝင်ငွေရှာ(Hundred Kyat-a-Job)၊ ရန်ပုံငွေကတ်ပြားများ တီထွင်ရိုက်နှိပ်၍ ကျောင်း အလိုက် ဖြန့်ဖြူးရန်၊ ခရိုင်၊ မြို့နယ် ကင်းထောက် ကောင်စီများက ကျောင်းကင်းထောက် ဆရာများမှတစ်ဆင့် ရရှိရန်ပုံငွေများ စနစ်တကျ စုစည်းရန်၊ ဤလုပ်ငန်းကို အများပြည်သူသိရှိရန် ပညာပေးအသိပေး ကြေညာရန်၊ မသမာမှုများ အယောင် ဆောင်မှုများ မရှိစေရန်အတွက် စည်းကမ်းများ သေချာစွာ သတ်မှတ်ရန် စသည်များ ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် ယခင်က ဒီဇင်ဘာလတွင် ပုံမှန် လှုပ်ရှားခဲ့သော်လည်း ယခုပြန်စသည့်အခါ လာမည့်မတ်လ နွေရာသီ ကျောင်းပိတ်ရက်တွင် စမ်းသပ် ဆောင်ရွက်ရန် ရည်မှန်းထားရှိပါသည်။
အလုပ်ဖြင့် ရန်ပုံငွေရှာလုပ်ငန်းအတွက် အောက်ပါလုပ်ငန်းများ အဆင့် ဆင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်-
- ''တစ်လုပ် တစ်ရာ Hundred Kyat-a-Job) စီမံကိန်းအတွက် မြန်မာ နိုင်ငံ ကင်းထောက်ယာယီကောင်စီမှ ဦးစီး၍ ကင်းထောက်လုလင်များ ရှိသည့် ကျောင်းများမှ ကင်းထောက်သင်တန်းဆင်းပြီး ကျောင်းအုပ်များ ပါဝင်သည့် ''အလုပ်ဖြင့် ကင်းထောက်ရန်ပုံငွေ ရှာဖွေရေး'' အလုပ်အဖွဲ့ ဖွဲ့သင့်ပါသည်။
- အဖွဲ့မှ ကင်းထောက်များ လုပ်အားပေးမည့် နယ်မြေများကို ကျောင်း ပတ်ဝန်းကျင်နယ်မြေများတွင် သတ်မှတ်သင့်ပါသည်။ နယ်မြေအတွင်း ရှိ ကျောင်းကင်းထောက်အဖွဲ့နှင့် ရပ်ကွက်မထပ်ရန်စီစဉ်သင့်ပါသည်။
- ''အလုပ်ဖြင့် ကင်းထောက်ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်း'' အစီအစဉ် အကျဉ်းချုပ်ကို သက်ဆိုင်ရာကင်းထောက်မိဘများ၊ မြို့နယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများသိရှိရန် စာနယ်ဇင်းနှင့် ရုပ်သံမီဒီယာများမှ အသိပေး ကြေညာသင့်ပါသည်။ စီမံချက်တွင် လုပ်ငန်းကာလ အပိုင်းအခြား ဖော်ပြပါရှိသင့်ပါသည်။ 
- ''တစ်လုပ် တစ်ရာ (အလုပ်တစ်ခု ကျပ်တစ်ရာ)''လုပ်ငန်းအတွက် တစ် ကတ်လျှင် ကျပ်တစ်ရာကွက် ၁ဝ ကွက်ပါသည့် အလုပ်ကတ်ပြားများ ရိုက်နှိပ်သင့်ပါသည်။ တစ်ကွက်ချင်းတွင် အိမ်ရှင်(အိမ်သား)အမည်နှင့် လက်မှတ်တို ထိုးရန် မှတ်သား ပေးထားသင့်ပါသည်။ ကတ်ပြားတွင် ကင်းထောက် ယာယီကော်မတီ တံဆိပ်တုံး ပါရပါမည်။
- ကျောင်းအလိုက် ကျောင်းအုပ်ကြီးများက ကင်းထောက်ဆရာများမှ တစ်ဆင့် ကျောင်းကင်းထောက် ကင်းစိတ်များသို့ ကတ်ပြားများထုတ်ပေး သင့်ပါသည်။
- အိမ်ရှင်များက အလုပ်မပေးဘဲ ကတ်ပြားပေါ်လက်မှတ်ထိုးပြီး ငွေပေး လိုက်ခြင်းမျိုးမရှိရန် ကင်းထောက်များနှင့် အိမ်ရှင်များသို့ ကြိုတင် အသိပေးနှိုးဆော်ထားရပါမည်။
- သတ်မှတ်ရက်အတွင်း ကင်းထောက် လုလင်များက ကင်းစိတ်အလိုက် သတ်မှတ် နယ်မြေရပ်ကွက် အတွင်းသို့ ဆင်း၍ လုပ်အားပေးရန် ဖြစ်ပါသည်။ ရပ်ကွက်/ နယ်မြေအတွင်းရှိ ကင်းထောက်များကို အခြေမခံဘဲ ကျောင်းရှိရာ နယ်မြေတွင် သက်ဆိုင်ရာ ကျောင်းမှ ကင်းထောက်များက လှုပ်ရှားရန် ဖြစ်ပါသည်။ ဥပမာ- မင်္ဂလာတောင်ညွန့်နေ ကျောင်းသားသည် ဒဂုံ(၁)အထကတွင် ကျောင်းနေလျှင် ထိုကျောင်းနယ်မြေ ဒဂုံမြို့နယ်အတွင်းသာ ကျောင်းကင်းထောက် ကင်းစိတ်များနှင့်အတူ လှုပ်ရှားရန် ဖြစ်ပါသည်။ နေထိုင်ရာ ရပ်ကွက်ရှိ ကျောင်းမျိုးစုံမှ ကင်း ထောက်များ စု၍ မလှုပ်ရှားသင့်ပါ။ ကျောင်းအခြေခံဖြင့် ဆောင်ရွက်လျှင် စည်းကမ်း ထိန်းချုပ်ရန် လွယ်ကူ၍ လုပ်အားခ ရန်ပုံငွေရရှိမှုလည်း ကျောင်းအလိုက် ယှဉ်ပြိုင်နိုင်ပါသည်။

- ''အလုပ်ဖြင့် ကင်းထောက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်း''ကာလ (ရက်သတ္တ နှစ်ပတ်ခန့်) ပြီးဆုံးသည့်အခါ ငွေရရှိပြီးသည့် အလုပ်ကတ်ပြားများကို ကင်းထောက် ဆရာမှတစ်ဆင့် ကျောင်းအုပ်ကြီး/ရန်ပုံငွေ ရှာဖွေ စီမံခန့်ခွဲရေးအဖွဲ့သို့ ပြန်အပ်ရပါမည်။

No comments:

Post a Comment