Wednesday, January 28, 2015

မြန်မာ့ခရီးသွားကဏ္ဍ၏ သမိုင်းမှတ်တိုင်သစ်တစ်ရပ် စိုက်ထူ

သတင်းဆောင်းပါး-ဇင်ဦး (မြန်မာ့ အလင်း) 
ဓာတ်ပုံ-အောင်ပိုင်
မြန်မာနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် သဘာဝအမွေ အနှစ်များ ပေါင်းစပ်မှုရလဒ်အဖြစ် မြန်မာ့ခရီးသွား အခန်းကဏ္ဍအတွင်း သမိုင်းမှတ်တိုင်သစ် တစ်ရပ် စိုက်ထူလိုက်ပြီဖြစ် သည်။ ယင်းမှာ ခရီးသွားကဏ္ဍ တွင် သြဇာတိက္ကမကြီးမားသော စာဖတ်ပရိသတ် များပြားလှ သည့် ကမ္ဘာကျော်ပုဂ္ဂလိကပိုင် မီဒီယာအုပ်စုကြီးဖြစ်သည့် Lonely Planet Traveller မဂ္ဂဇင်းကြီးမှ မြန်မာနိုင်ငံကို အကောင်းဆုံး AEC နိုင်ငံခရီးသွားဆု Best in Travel - AEC Country ကို ချီးမြှင့်လိုက်ခြင်းကြောင့် ဖြစ်သည်။

အလားတူ ''အာဆီယံ ငြိမ်းချမ်းဝေစည် တွဲလက်ညီ ခရီးသွား လုပ်ငန်းဖြင့် အရောက် လှမ်းချီ'' ဆောင်ပုဒ်နှင့်အညီ ယခုအခါ (၃၄)ကြိမ်မြောက် အာဆီယံ ခရီးသွားဖိုရမ်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေချိန်နှင့်လည်း ကိုက်ညီနေပေသည်။ အာဆီယံဒေသကို ဆွဲဆောင်မှုရှိ၍ ဘက်စုံကောင်းမွန်ပြီး တစ်ပေါင်း တည်းသော ခရီးစဉ်တစ်ခုအဖြစ် မြှင့်တင်ရန် အာရှ-ပစိဖိတ် ဒေသ အတွင်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်မား သော ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရန်၊ အာဆီယံနိုင်ငံသားများ အာဆီယံဒေသတွင်း ခရီးသွားလာမှု မြှင့်တင်ရေးနှင့် အာဆီယံ ခရီးသွားလုပ်ငန်း၏ ကဏ္ဍခွဲများအတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ရည်ရွယ်လျက် အစည်း အဝေးများကို နေပြည်တော်၌ ကျင်းပလျက် ရှိပေသည်။
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန် အာဆီယံထိပ်သီး အစည်းအဝေးများကိုလည်း အောင်မြင်စွာ ကျင်းပ ပြီးစီးအောင် ဆောင် ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကာလအတွင်း ခရီးသွား လုပ်ငန်းအခန်းကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် အထူးတိုးတက်ခဲ့ ကြောင်းကိုလည်း သိရှိရသည်။
ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခရီးသွား လုပ်ငန်းစာရင်း ဇယားများဆိုင်ရာ လေ့လာချက်များ အရ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ၂ဝ၁၃ ခုနှစ်အတွင်း တိုးတက်မှု ငါးရာခိုင်နှုန်းရှိကာ ခရီးသည် ဝင်ရောက်မှု ၁ ဒသမ ဝ၈ ဘီလီယံ ရှိ ခဲ့ပြီး ခရီးသွား လုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၉ ဘီလီယံ ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ခရီးသွား လုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ကိုးရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ စီးပွားရေး သာယာဝပြောမှုနှင့် တည်ငြိမ်မှုအတွက် ခရီးသွားလုပ်ငန်း များမှာ အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်အဖြစ် ရပ်တည်လျက် ရှိနေကြောင်း သိရသည်။
ထို့အတူ အာဆီယံဒေသသို့ ၂ဝ၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသည် ရောက်ရှိမှုမှာ ၉၉ ဒသမ ၂ သန်းကျော်ရှိပြီး ၁၁ ဒသမ ၇၃ ရာခိုင်နှုန်း တိုးတက်မှု ရှိကြောင်း၊ အာဆီယံ ဒေသတွင်း အာဆီယံ နိုင်ငံသားများ ခရီးသွားလာမှုသည် ၄၅ ဒသမ ၆ သန်းရှိခဲ့ပြီး စုစုပေါင်း ခရီးသည် ဝင်ရောက်မှု ပမာဏ၏ ၄၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်လည်း ၂ဝ၁၂ ခုနှစ် အတွင်း နိုင်ငံခြားသား ခရီးသည် တစ်သန်းကျော်ဝင်ရောက်ခဲ့ကြောင်း၊ ၂ဝ၁၃ခုနှစ်တွင် ခရီးသည် ၂ ဒသမ ဝ၄ သန်းကျော် ဝင်ရောက် ခဲ့ကာ ၂ဝ၁၄ ခုနှစ်အတွင်း တိုးတက် မှု ၅၁ ရာခိုင်နှုန်းနှင့်အတူ ခရီးသည် စုစုပေါင်း သုံးသန်းကျော်ထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတိုးတက်မှု နှုန်းအတိုင်း ဆက်လက်ထိန်းထား ပါက ယခု ၂ဝ၁၅ခုနှစ်အတွင်း ကမ္ဘာ လှည့်ခရီးသွားဧည့်သည် ၄ ဒသမ ၅ သန်းကျော်ထိ တိုးတက် ဝင်ရောက်ရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
ထိုသို့ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အဖြစ် မြန်မာနိုင်ငံသည် ယခု အခါ ကမ္ဘာ့အလယ်တွင် အကောင်းဆုံး ခရီးစဉ် ဒေသတစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပြီး ၂ဝ၁၄ ခုနှစ် အတွက် Lonely Planet Traveller မဂ္ဂဇင်းကြီးမှ ပေးအပ်သည့် AEC နိုင်ငံ ခရီးသွားဆု Best in Travel -AEC Country Award ကို ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ၂ဝ၁၄ ခုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံအနေဖြင့် ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေး၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အောင်မြင်စွာ သတ်မှတ် ထည့်သွင်းခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းဝင် နေရာဒေသတစ်ခု အဖြစ် နိုင်ငံတကာမှ စိတ်ဝင်စားဖွယ် ကောင်းသော ခရီးစဉ်များ ဖြစ်ပေါ်လာစေရေး အထောက်အပံ့ ပေးနိုင်မည့် သမိုင်းမှတ်တိုင်သစ် တစ်ရပ်အဖြစ် စိုက်ထူနိုင်ခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာ ခရီးစဉ်များ အတွင်း အာဆီယံ ဒေသအတွင်း တည်ရှိနေသည့် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ တိုးတက် ဝင်ရောက်မှု၊ သမိုင်းဝင်အမွေ အနှစ်နှင့် ယဉ်ကျေးမှုများ ထွန်းကားပြီး စိတ်ဝင်စားစရာ ကောင်းသော နိုင်ငံတစ်ခုအဖြစ် အကောင်းဆုံး AEC နိုင်ငံ ခရီးသွားဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပေသည်။Destination Awards International အမျိုး အစားတွင် ပေးအပ်ခဲ့သော ဆုတံဆိပ် အမျိုးအစားများမှာ Best in Travel Oversea City, Best Value Travel Destination, Best Destination or Festival, Best Destination for Art and Architecture, Best Destination for Romantic travel, Best Destination for Family Holiday, Best Destina-tion for Adventure, Best Destination for AEC Country နှင့် Ultimate Dream Destination ဟူ၍ စုစုပေါင်း ဆုတံဆိပ်(၉)မျိုးအနက် မြန်မာနိုင်ငံမှ အကောင်း ဆုံး AEC နိုင်ငံ ခရီးသွားဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ခရီးသွားကဏ္ဍနှင့် ပတ်သက်ပြီး ဆုများပေးအပ်ချီးမြှင့် သော Lonely Planet Traveller မဂ္ဂဇင်းကြီးသည် ကမ္ဘာလှည့် ခရီးသွားများအပေါ် သြဇာလွှမ်းမိုးမှု များစွာရှိကြောင်း သိရှိရသည်။ Lonely Planet Traveller မဂ္ဂဇင်းသည် ပုဂ္ဂလိကပိုင် မီဒီယာ လုပ်ငန်းတစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် အခြေ စိုက်သော ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွှန်စာအုပ်များ ပုံနှိပ် ထုတ်ဝေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ခရီး သွားလာခြင်းကို ဝါသနာကြီးသော Mr. Tony Wheeler နှင့် Mrs. Maureen Wheeler ဇနီးမောင်နှံက ၄င်းတို့၏ မင်္ဂလာဦး ပျားရည်ဆမ်းခရီးမှ စတင်အခြေ ပြုခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ပထမဆုံး စာအုပ်ကို Across Asia on The Cheap အမည်ဖြင့် ထုတ်ဝေခဲ့ပြီး တစ်စတစ်စ အောင်မြင်မှုရရှိခဲ့ သည်။ ၂ဝဝ၇ ခုနှစ်တွင် Wheeler ဇနီးမောင်နှံနှင့် ရှယ်ယာရှင်များ ကBBC သို့ ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ရောင်းချခဲ့သည်။
ထို့နောက် Lonely Planet's Online Community "Thorn Tree" ကို ၁၉၉၆ ခုနှစ်တွင် စတင် ဖန်တီးခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် သန်းပေါင်းများစွာထံမှ ခရီးသွား အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် အကြံဥာဏ်များရယူခြင်း ပြုလုပ်ခဲ့ ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် BBC မှ အမေရိကန်ဘီလျံနာ Brod Kellely ၏ NC2 Media သို့ ရောင်းချခဲ့ကြောင်း သိရသည်။ ယခု အခါ Lonely Planet မှ အမေရိကန်၊ အင်္ဂလန်၊ တရုတ် နှင့် အိန္ဒိယနိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်းလုံးသို့ Lonely Planet Travel Guide Book သန်း ၁၂ဝ ကျော်ရောင်းချနိုင်သော ခရီးသွား လုပ်ငန်းကဏ္ဍတွင် အရေးပါမှုရှိ သော မီဒီယာတစ်ခု အဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပေးအပ်သော ဆုတံဆိပ်သည် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် ကမ္ဘာလှည့်ခရီးသွား များအား အကောင်းဆုံးနိုင်ငံများ သို့ လည်ပတ်နိုင်ရေး အားပေး တိုက်တွန်းရန် ရည်ရွယ်ပေးအပ် ခြင်းဖြစ်ပြီး အွန်လိုင်းမှ စာဖတ် သူများ၏ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအတွင်း အားပေး မှုရလဒ်များကို လေ့လာဆန်းစစ် ချက်များအပေါ်အခြေခံ၍ ဆုများ ရွေးချယ် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment