Monday, January 19, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၅ )

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၅ )
၂၀၁၅ ခုနှစ်၊  ဇန်နဝါရီလ    ၁၉     ရက်
၁၃၇၆ ခု၊ ပြာသိုလကွယ်နေ့
ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်၏ အရေးကြီး အဆိုအပေါ် နိုင်ငံတော်သမ္မတ၏ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများ ပြည်သူသိရှိရန် သတင်းထုတ်ပြန်ခြင်း
၁။         ၂၅-၁၁-၂၀၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့၌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီးအဆို တင်သွင်းခြင်းအပေါ် အဆိုတင်သွင်း ဆွေးနွေးခြင်းနှင့် ထောက်ခံ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းအား သိရှိနိုင်ပါရန်နှင့် သုံးသပ် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် သမ္မတထံ ပြည်ထောင်စု လွှတ်တော် နာယက က ၂၆-၁၁-၂၀၁၄ ရက်တွင် စာပေးပို့လာပါသည်။

၂။         ယင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ က ၁၇-၁-၂၀၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ စာပြန်လည် ပေးပို့ခဲ့ပါသည်။ ပေးပို့ခဲ့သည့် စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ရည် ညွှန်း ချက်။  နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စု လွှတ်တော် နာယက က ၂၆-၁၁-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁/ပထ(စည်းဝေး)၉/၂၀၁၄-၁၅၃ ဖြင့် ပေးပို့စာ
၁။         ပြည်ထောင်စု လွှတ်တော်၌ တင်သွင်းခဲ့သည့် အောက်ပါ အရေးကြီးအဆိုအား အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတမှ သုံးသပ် ဆောင်ရွက်နိုင်ရန် ရည်ညွှန်းစာဖြင့် ပေးပို့လာ ပါသည်-
 “ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အခြေအနေ ကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း”
၂။         မိမိဦးဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံတော်အုပ်ချုပ်ရေးအား တာဝန်ယူသည့် အချိန်မှစတင်၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အဆင့်ဆင့်သော ပြုပြင် ပြောင်းလဲမှုများကို စီမံချက်များ ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။ ထိုလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်ခွင့် ရရှိစေရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ နိုင်ငံသား အားလုံး အခွင့်အရေး ညီမျှစွာ ရရှိစေရေးတို့ အတွက် တွေ့ဆုံ ဆွေးနွေးရေးမူကို အလေးထား ကျင့်သုံးပါသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးခြင်းမှ တူညီသော သဘောထားများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကွဲပြားသော သဘောဆန္ဒများကို ညှိနှိုင်း ဆွေးနွေး အဖြေ ရှာခြင်းတို့ဖြင့် နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်အား အောင်မြင်စွာ ကျင့်သုံးလျက် ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ခဲ့မှုများကြောင့် ပေါ်ထွက်လာသည့် ရလဒ်ကောင်းများ အနက်မှ ယနေ့ လွှတ်တော်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထို့ပြင် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး အတွက် မရှိ မဖြစ်လိုအပ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရန် ဗိုလ်ချုပ် အောင်ဆန်း ကျင့်သုံးခဲ့သည့် ပင်လုံ ညီလာခံအား စံပြု၍ အစပျိုးမှုအနေဖြင့် ၃၁-၁၀-၂၀၁၄ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ စသည်ဖြင့် ၁၄ ဦး တွေ့ဆုံဆွေးနွေးမှုကို စတင် ဆောင်ရွက်ခဲ့ပြီး မူဘောင်များချမှတ်၍ ဆက်လက် တိုးမြှင့် ဆွေးနွေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ၁၂-၁-၂၀၁၅ ရက်နေ့ကလည်း နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ၆ ဦး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းချက်သည် မိမိတို့ ဖော်ဆောင်နေသော နိုင်ငံရေး ယဉ်ကျေးမှုသစ်နှင့် ညီညွတ်သည့် ကောင်းမွန်သော နိုင်ငံရေး လုပ်ငန်း လမ်းစဉ် တစ်ရပ်ဖြစ်ပြီး “စုပေါင်းညှိနှိုင်း ဖြေရှင်းသည့် သဘောတရား” ကို အခြေခံထားပါသဖြင့် မိမိအနေဖြင့် ကြိုဆိုပါသည်။
၃။         ရည်ညွှန်းစာပါ နိုင်ငံတော်သမ္မတ ဦးဆောင်၍ ၆ ဦး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်း လာသည့် ရည်ရွယ်ချက်များ အဖြစ် အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(က)      ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊
(ခ)        ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အခြေအနေ ကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရန်။
၎။         တွေ့ဆုံဆွေးနွေးရန် ရည်ရွယ်သည့် အကြောင်းအရာများ အနက် “ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး”ကိစ္စနှင့် စပ်လျဉ်း၍ မည်သည့် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဆို ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ရာနှုန်းပြည့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟု မဆိုနိုင်သကဲ့သို့ မိမိတို့နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည်လည်း ခေတ်စနစ်၊ အချိန်အခါ အခြေ အနေနှင့် ရာနှုန်းပြည့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟု မဆိုနိုင်ပါ။ သို့ရာတွင် ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ် ရပ်တည် နိုင်ရန် ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တာဝန်အရှိဆုံး ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုက်နာရသည့် နိုင်ငံသားတိုင်းက သိရှိ နားလည်ထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ တွင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ဖြင့် လိုအပ်ချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်ပုံ နည်းလမ်းများဖြင့် ပြည့်စုံ ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါသည်။ မိမိတို့ လိုက်နာရန် တာဝန်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စသည် လွှတ်တော်တွင်း၌ အဆင့်ဆင့် ဆောင်ရွက်ရန်နှင့် အချို့ကိစ္စများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (Referendum) ကျင်းပ၍ နိုင်ငံသားများ၏ သဘောဆန္ဒ ရယူ အတည်ပြုရန် ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့် အညီ ဆောင်ရွက်ပါက နိုင်ငံတော် သမ္မတအနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ လုပ်ဆောင် သွားရန် အသင့် ရှိပါသည်။ ထိုလုပ်ထုံး လုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်။
၅။         ဒုတိယဆွေးနွေးရန် ရည်ရွယ်ထားသည့် “ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အခြေအနေ ကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရန်” ကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပြီး တိုင်းရင်းသား လူမျိုးစု အားလုံးနှင့်လည်း သက်ဆိုင်၍ ကြီးမား ကျယ်ပြန့်သည့် ကိစ္စ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျိုး သက်ရောက်မှု ရှိသည့် ကိစ္စရပ်အပေါ် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ တာဝန်ရှိသူများ သာမက ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေး လိုအပ်မည်ဟု အကြံပြုလို ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၏ ဆုံးဖြတ်ချက်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့ အတွင်းရှိ တိုင်းရင်းသားများ၏ သဘောထား ထုတ်ဖော် ထားရှိမှုများကို လည်းကောင်း၊ ကျန် တိုင်းရင်းသားများ၏ သဘောထားများကို လည်းကောင်း အလေးထား ထည့်သွင်း စဉ်းစား ရမည် ဖြစ်ပါသည်။
၆။         ပေးပို့လာသော ဆွေးနွေးရန် တိုက်တွန်းသည့် အချက်များသည် အကြောင်းအရာ တစ်ခုချင်း၏ ခေါင်းစဉ်မျှသာ ဖြစ်ရာ ခေါင်းစဉ်တစ်ခုချင်း အပေါ် ထည့်သွင်း ဆွေးနွေးလိုသည့် မူဘောင်နှင့် အသေးစိတ် အကြောင်းအရာများအား ကြိုတင် လေ့လာနိုင်ရန် အတွက် ပေးပို့ရန် လိုအပ်မည် ဖြစ်ပါသည်။
၇။         ရည်ညွှန်းစာဖြင့် ပေးပို့လာသည့် နိုင်ငံတော် သမ္မတ ဦးဆောင်၍ ၆ ဦး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်း လာသောကိစ္စသည် ကောင်းမွန်သော လုပ်ငန်း တစ်ရပ် ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေး အင်အားစုများက လက်ခံသော ကိုယ်စားပြုမှု ဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလား တောင့်တချက်များ ပါရှိစေမည့် မူဘောင်များ ကြိုတင် ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေးမှု ဖြစ်စေရေးနှင့် ပွင့်လင်း မြင်သာမှု ရှိစေရေးတို့အတွက် စီမံ ဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံ ကောင်းမွန်မည်ဟု အကြံပြုလိုပါသည်။ သို့ပါ၍ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲအား မည်သို့ ဆောင်ရွက် ပေးစေလိုသည်ကို ပြန်ကြားပေးရန် ဖြစ်ပါသည်။”
၃။         သို့ပါ၍ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်၏ အရေးကြီးအဆို အပေါ် နိုင်ငံတော်သမ္မတ၏ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရန် သတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment