Tuesday, January 27, 2015

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိမှတ်ဖွယ်ရာ မြန်မာစာ



မင်္ဂလာပါတပည့်တို့
ဒီကနေ့ပို့ချမှာကတော့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ''မြန်မာစာ ဘာသာရပ်မေးခွန်းလွှာ'' ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဖြစ်ပါ တယ်။
ဒီပို့ချချက် ဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားများ အတွက် စာမေးပွဲမှာ မြန်မာစာပြဋ္ဌာန်း စာတွေကို လေ့လာကျက်မှတ်ရာမှာ အထောက်အကူ ဖြစ်စေဖို့နဲ့ မြန်မာစာဘာသာရပ်ကို ထူးချွန်ထက်မြက်စွာ ဖြေဆိုစေနိုင်ဖို့ ရည်ရွယ်ပါတယ်။
တပည့်တို့သိပြီးဖြစ်တဲ့အတိုင်း တက္ကသိုလ်ဝင်တန်းမြန်မာစာဘာသာရပ် အတွက်ပြဋ္ဌာန်းထားတဲ့ စာအုပ် ၄ အုပ်ရှိပြီး အဲဒီစာအုပ်တွေကတော့- မြန်မာသဒ္ဒါ အတွဲ(၂) အခန်း(၆)၊ ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်၊ မြန်မာကဗျာလက်ရွေးစင် နဲ့ ရေသည်ပြဇာတ်တို့ပဲ ဖြစ်ပါတယ်။ တပည့်တို့ အနေနဲ့ ဒီပြဋ္ဌာန်းစာအုပ်တွေကို ဘယ်လိုလေ့လာထားသင့်တယ်၊ လေ့လာ ထားတဲ့ ပြဋ္ဌာန်းချက်တွေကို စာမေးပွဲမှာ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လို ဖြေဆိုသင့်တယ်ဆိုတာကို ဒီကနေ့ပို့ချချက်မှာ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဘာသာရပ်ကို လေ့လာရာမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားရမှာ ဖြစ်ပေမယ့် စာမေးပွဲ ဖြေဆိုရာမှာတော့ စာမေးပွဲမေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မြန်မာစာ မေးခွန်းပုံစံကို ဦးစွာလေ့လာသိရှိ ထားဖို့ လိုအပ်ပါတယ်။ မြန်မာစာ မေးခွန်း ဟာ (၃) နာရီမေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းမှာ မေးခွန်းကြီး (၆)ပုဒ် မေးထားပါတယ်။ သဒ္ဒါ(၁)ပုဒ်၊ ဝေါဟာရ၊ အလင်္ကာ(၁)ပုဒ်၊ ကဗျာဓမ္မဓိဋ္ဌာန်နဲ့ ကဗျာမေးခွန်းရှည်(၁)ပုဒ်၊ စကားပြေ ဓမ္မဓိဋ္ဌာန်နဲ့ စကားပြေမေးခွန်းရှည်(၁)ပုဒ်၊ ပြဇာတ်မေးခွန်း(၁)ပုဒ်၊ စာစီစာကုံးမေးခွန်း(၁)ပုဒ်တို့ ဖြစ်ပါတယ်။ အဲ့ဒီမေးခွန်း(၁) ပုဒ်စီမှာ မေးခွန်း ပုဒ်ခွဲများ ပါဝင်မှာဖြစ်ပါတယ်။
မေးခွန်း ၁ ကတော့ မြန်မာသဒ္ဒါ ပြဋ္ဌာန်းစာ အတွဲ(၂) အခန်း(၆)ကို အခြေခံထားတဲ့ မေးခွန်းဖြစ်ပါတယ်။ (က)၊ (ခ)၊ (ဂ) ဆိုပြီး မေးခွန်းပုဒ်ခွဲ (၃)ခုခွဲပြီး မေးထားတယ်။
မေးခွန်း ၁(က) မှာ မြန်မာစကားဆိုင်ရာသိမှတ်ဖွယ်ရာအခန်းများပါ တဲ့ မေးခွန်း(၅)ခု မေးထား ပြီးတော့ (၁)ခု ဖြေရမှာဖြစ်ပါ တယ်။ ဒီမေးခွန်းမှာ အုတ်ခွက်စာ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာတို့စတဲ့ စာအမျိုးမျိုး၊ ဇကွဲ ပြောင်းလဲပုံ၊ နငယ်ပြောင်းလဲပုံ၊ အပြောင်းလဲပုံ အစရှိတဲ့ အက္ခရာပုံသဏ္ဌာန် ပြောင်းလဲပုံတွေ၊ ဌာန်၊ ကရိုဏ်းနဲ့ပယတ်၊ စကားသံဖြစ်အင်္ဂါများ၊ ဝါစင်္ဂ ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဝါကျဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များထဲက မေးမှာဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုတဲ့အခါမှာ မှတ်သားထားသမျှကို အစီအစဉ်တကျ ရေးပြရမှာဖြစ်ပါတယ်။ သဒ္ဒါ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖြေဆိုရာမှာ လိုအပ်တဲ့သာဓကတွေကို ထည့်သွင်းဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့နေရာတွေမှာ သာဓကဆောင်နိုင်အောင် သာဓကများကို သေချာစွာ မှတ်သားထားရမှာ ဖြစ်ပါတယ်။

သာဓကအနေနဲ့ ပေစာ၊ ပုရပိုက်စာကို ဖြေမယ်ဆိုကြပါစို့။ ပေစာ၊ ပုရပိုက်စာတို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင် အသုံးပြုခဲ့ကြ မယ်လို့ ယုံကြည်ရကြောင်း၊ သို့သော် နှစ်ကာလအလွန် ကြာညောင်းပြီဖြစ်လို့ ထိုခေတ်က ပေ၊ ပုရပိုက်တို့ကို တွေ့နိုင်ရန် မလွယ်ကူတော့ကြောင်း၊ အစော ဆုံးအနေနှင့် မြန်မာသက္ကရာဇ် ၁ဝဝဝခန့် (အေဒီ ၁၇ရာစု)က ရေးခဲ့ သည့်ပေ များကို တွေ့နိုင်ကြောင်း၊ ဒါ့ကြောင့် သက္ကရာဇ် ၁ဝဝဝမှ ယနေ့ ၁၃ဝဝ ကျော် အတွင်း ရေးသားခဲ့တဲ့ အက္ခရာတို့ရဲ့ ပုံသဏ္ဌာန်ကို ထိုပုရပိုက်များတွင်လည်း တွေ့နိုင်ကြောင်း ဆိုတဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ ဖြေဆိုရမှာ ဖြစ်တယ်။
ဒီလိုပဲ နာမ်ကိုဖြေရင် နာမ်ရဲ့ အဓိပ္ပာယ်တွေကို ဖွင့်ပြရပါမယ်။ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့တို့၏အမည်ဟူသမျှကို နာမ်လို့ခေါ် တယ်။ အနက် အဓိပ္ပာယ်အရ နာမ်(၄)မျိုးနှင့် ဖွဲ့စည်းတည်ဆောက်ပုံအရ နာမ်(၄)မျိုးရှိ တယ်။ ပြီးတော့ အနက်အဓိပ္ပာယ်အရ နာမ်(၄)မျိုးကို အမျိုးအစား တစ်ခုချင်းကို သာဓကနှင့်တကွ ဖော်ပြပေးရပါမယ်။ ဖွဲ့စည်းတည်ဆောက်ပုံ အရ နာမ်(၄)မျိုးကိုလည်း အမျိုးအစား တစ်ခုချင်းကို သာဓကနှင့်တကွ ဖော်ပြပေးရပါမယ်။
မေးခွန်း ၁(ခ) ကတော့ သဒ္ဒါလေ့ကျင့်ခန်းမေးခွန်းဖြစ်ပါတယ်။ ဒီ မေးခွန်းမှာ မေးခွန်း (၆)ခု မေးပြီးတော့ (၄)ခုကို ဖြေဆို ရမှာဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့အတွက် သဒ္ဒါစာအုပ်ထဲက လေ့ကျင့်ခန်းတွေကို အထပ်ထပ်အခါခါ လေ့ကျင့်ထားဖို့ အပြင် မေးခွန်းကို သေချာဖတ်ပြီး မေးထားတဲ့အတိုင်း အတိအကျ ဖြေပေးရပါမယ်။
သာဓကပြရမယ်ဆိုရင် အောက်ပါတို့မှ လေးခုကို ရွေးချယ်၍ မည်သည့် ကြိယာဖြစ်ကြောင်း ပေးထားတဲ့ ''ရေး၊ ကျက်၊ တည်ရှိ၊ သာယာ၊ စားသောက်၊ ပူဇော်'' တို့ကို ဖြေမယ်ဆိုရင် ''ရေး'' သည် ပြုခြင်းပြကြိယာ၊ ''ကျက်'' သည် ဖြစ်ခြင်းပြကြိယာ၊ ''တည်ရှိ'' သည် ရှိခြင်းပြကြိယာ၊ ''သာယာ'' သည် ဂုဏ်ရည်ပြကြိယာ၊ ''စားသောက်'' သည် ပေါင်းစပ်ကြိယာ၊ ''ပူဇော်'' သည် ပင်ကိုကြိယာ ဖြစ်ကြောင်း တိတိကျကျ ဖြေဆိုနိုင်အောင် ကျက်မှတ်လေ့ကျင့် ထားရမှာ ဖြစ်ပါတယ်။
''အနက်အဓိပ္ပာယ်''အရ မည်သည့် သမ္ဗန္ဓဖြစ်ကြောင်း မေးထားတဲ့ ''သို့ရာတွင်'' စကားလုံးကို ဖြေရင် ''ဆန့်ကျင်ပြသမ္ဗန္ဓ''၊ ''ထို့ကြောင့်'' ကို ''အကြောင်းပြသမ္ဗန္ဓ''၊ ''သကဲ့သို့'' ကို ''နှိုင်းယှဉ်ပြ သမ္ဗန္ဓ'' လို့ ဖြေရပါမယ်။
မေးခွန်း ၁ (ဂ) ကတော့ သဒ္ဒါကိုအမှန်တကယ် နားလည်တတ်ကျွမ်းမှု ရှိ၊ မရှိ စမ်းသပ်တဲ့ မေးခွန်းဖြစ်တယ်။ ဒီမေးခွန်းမှာ (၅)ခု မေးပြီး (၃)ခု ဖြေရမှာဖြစ်ပါတယ်။ များသောအားဖြင့် သဒ္ဒါအမျိုးအစားတွေ ပေးထား ပြီးတော့ ဝါကျဖွဲ့ခိုင်းလေ့ရှိပါတယ်။

သာဓကအနေနဲ့-
''သင့်''ဆိုတဲ့ ကြိယာထောက်ပစ္စည်းကို ဝါကျဖွဲ့ခိုင်းရင်-
''ကျောင်းသားတိုင်းစာကြိုးစားသင့်သည်။''
''သာ''ဆိုတဲ့ နာမ်ထောက်ပစ္စည်းကို ဝါကျဖွဲ့ခိုင်းရင်-
''ကြိုစားခြင်းသာ အောင်မြင်မှုအတွက် ပဓာနဖြစ်သည်။''
''ကဲ့သို့'' ဆိုတဲ့ ဥပမာပစ္စည်း ကိုဝါကျဖွဲ့ခိုင်းရင်-
''မောင်ကျော်ကဲ့သို့ မောင်မောင်လည်း စာကြိုးစားသည်။''
လို့ ဝါကျဖွဲ့ရမှာ ဖြစ်ပါတယ်။ ဝါကျဖွဲ့တဲ့အခါမှာ ဝါကျတွေ ပြည့်စုံ မှန်ကန်ဖို့ လိုပါတယ်။
မေးခွန်း ၂ (က) မှာ စာသုံးပေသုံး ရှေးသုံးဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ခိုင်းပါတယ်။ ဒီမေးခွန်းမှာ (၈)ခု ပေးထားပြီး (၅)ခု ဖြေရမှာဖြစ်ပါတယ်။ ဖြေဆိုတဲ့အခါမှာ ပြဋ္ဌာန်းစာပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုပုံ တိကျဖို့လည်း လိုအပ်ပါတယ်။ ဝေါဟာရရဲ့ သဒ္ဒါအမျိုး အစားနဲ့ ကိုက်ညီတဲ့အဓိပ္ပာယ်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒီမေးခွန်း အတွက် ပြဋ္ဌာန်းစာအုပ်တွေထဲက ခက်ဆစ်အဓိပ္ပာယ်တွေကို သေသေချာချာ ကျက် ထားရင် လုံလောက်နိုင်ပါတယ်။
သာဓကအနေနဲ့
''နံ့ရှား'' ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် ပြဋ္ဌာန်းစာမှာ ပါတဲ့ အတိုင်း ''ရနံ့မွှေးကြိုင်သည်'' ဆိုပြီးတော့ ဖွင့်ရပါမယ်။ ''နံ့ရှား'' သည် ကြိယာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဖွင့်သည် ကြိယာအနက်ပဲ ဖြစ်ရပါမယ်။ ကိုယ့် အဓိပ္ပာယ်နဲ့ကိုယ်ဖွင့်တာ မျိုးတွေ၊ ကြိယာအနက်မဟုတ်ဘဲ နာမဝိသေသန အနက်၊ ကြိယာဝိသေသနအနက် စသည်ဖြင့် အနက်ပြောင်းဖွင့်တာမျိုးတွေ မဖြစ်သင့်ပါဘူး။ ကြိယာအနက် မဖွင့်ဘဲနဲ့ ''ရနံ့မွှေးကြိုင်သော''လို့ ဖွင့်လိုက် ရင် နာမဝိသေသနသဘော သက်ရောက်သွားပါ မယ်။ ဒါကြောင့်မို့လို့ စာသုံး ပေသုံး ရှေးသုံးဝေါဟာရတွေအနက် ဖွင့်တဲ့အခါမှာ အဓိပ္ပာယ်ရှိဖို့နဲ့ သဒ္ဒါ မှန်ကန်ဖို့ အထူး လိုအပ်တယ်ဆိုတာ သတိပြုရပါမယ်။
''မယ့်သည်ပင်'' ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် ပြဋ္ဌာန်းစာမှာ ပါတဲ့အတိုင်း ''မယ့်ချစ်သူ'' ဆိုပြီးတော့ ဖွင့်ရပါမယ်။ ''မယ့်သည်ပင်''သည် နာမ်ဖြစ်တဲ့အတွက်ကြောင့် အနက်ဖွင့်သည် နာမ်အနက်ပဲ ဖြစ်ရပါမယ်။
''ရမ်းရော်'' ဆိုတဲ့ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် ပြဋ္ဌာန်းစာမှာ ပါတဲ့အတိုင်း ''တမ်းတမှန်းဆသည်'' ဆိုပြီးတော့ ဖွင့်ရပါမယ်။ ''ရမ်းရော်''သည် ကြိယာ ဖြစ်တဲ့အတွက် အနက်ဖွင့်သည် ကြိယာအနက်ပဲ ဖြစ်ရပါမယ်။
မေးခွန်း ၂ (ခ) မှာတော့ ယနေ့ခေတ်သုံး ဝေါဟာရတွေကို ဝါကျ ဖွဲ့ခိုင်းတာ ဖြစ်ပါတယ်။ ဒီမေးခွန်းမှာလည်း (၈)ခု မေးပြီးတော့ (၅)ခု ဖြေရမှာဖြစ်ပါတယ်။ ပေးထားတဲ့ ဝေါဟာရဟာအဓိပ္ပာယ် ကွဲပြားမှု ရှိနိုင်ပေမယ့် မေးခွန်းသဘောအရ ဝါကျဖွဲ့ရာ မှာ ပြဋ္ဌာန်းစာမှာသုံးတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်ရပါမယ်။ ဝေါဟာရရဲ့ သုံးစွဲပုံအနက်ပေါ်လွင်တဲ့ ဝါကျမျိုးလည်း ဖြစ်ရပါမယ်။ ဝါကျဖွဲ့တဲ့အခါ အဓိပ္ပာယ်ပြည့်စုံဖို့ လိုအပ် ပါတယ်။ ကတ္တားမပါတဲ့ ဝါကျမျိုးလည်း မဖြစ်သင့်ပါဘူး။ သာဓကအနေနဲ့-
''သွေးလန့်'' ဆိုတဲ့ ဝေါဟာရကို ဝါကျဖွဲ့ရင် ''မောင်မောင်သည် ယာဉ် တိုက်မှုကို မြင်တွေ့ခဲ့သဖြင့် သွေးလန့်နေသည်။'' ဆိုတဲ့ဝါကျမျိုးဖြစ်ရပါမယ်။
''ထည်ဝါ'' ဆိုတဲ့ဝေါဟာရကိုဝါကျဖွဲ့ရင် ''ကျွန်တော်တို့ ကျောင်း အဆောက်အအုံမှာ ထည်ဝါလှသည်'' ဆိုတဲ့ဝါကျမျိုးဖြစ်ရပါမယ်။
''ထည်ဝါဟူသည်မှာ ခံ့ညားကြီးကျယ်သည်'' ဆိုတဲ့ဝါကျမျိုး မဖြစ် သင့်ပါဘူး။ ဒီလိုဝါကျမျိုးဆိုရင် ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်နဲ့ ဝါကျဖွဲ့ပုံ မပေါ်လွင်တော့ပါဘူး။
''ပန်းလိုမွှေးပါစေ'' ဆိုတဲ့ ကတ္တားမပါတဲ့ ဝါကျမျိုးလည်း မဖြစ်သင့်ပါဘူး။
မေးခွန်း၂ (ဂ) ကတော့ အလင်္ကာမေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းမှာ ဥပမာ၊ ရူပက၊ ဝင်္ကဝုတ္တိ၊ အတိသယဝုတ္တိ၊ မြည်သံစွဲဆိုပြီး အလင်္ကာ အမျိုးအမည်တွေကို ဖော်ပြပေးထားပါတယ်။ မေးခွန်း (၈)ခု မေးပြီးတော့ (၅)ခုဖြေဆိုရမှာ ဖြစ်ပါ တယ်။ ဖြေဆိုတဲ့ အခါမှာ ဒီအလင်္ကာကို ဘယ်ပြ ဋ္ဌာန်းစာမှာ ဘယ်အကြောင်းနဲ့ ဆက်စပ်သုံးတယ်၊ ဘာ့ကြောင့် ဒီအလင်္ကာ မြောက်တယ် ဆိုတာတွေကို ဖြေရမှာဖြစ်ပါတယ်။
ဖြေတဲ့အခါမှာလည်း ဥပမာအလင်္ကာကိုဖြေရင် အနှိုင်းခံနဲ့အနှိုင်းကို ဘယ်လိုခိုင်းနှိုင်းဖွဲ့ဆိုကြောင်း၊ ရူပကအလင်္ကာကိုဖြေရင် အနှိုင်းခံနဲ့ အနှိုင်းကို ဘယ်လိုထပ်တူပြုထားကြောင်း၊ ဝင်္ကဝုတ္တိအလင်္ကာကိုဖြေရင် ဘယ်လို တိုက်ရိုက်မရေးဘဲ သွယ်ဝိုက်ရေးထားကြောင်း၊ အတိသယဝုတ္တိအလင်္ကာ ကို ဖြေရင် ဘယ်လိုအလွန်အကြူး ရေးထားကြောင်း၊ မြည်သံစွဲ အလင်္ကာ ဖြေရင် ဘာမြည်သံကို ထည့်သွင်းဖွဲ့ဆိုထားကြောင်းဆိုတဲ့ သက်ဆိုင်ရာ အလင်္ကာရဲ့ သတ်မှတ်အသုံးအနှုန်းတွေကို သုံးစွဲပြီး ရှင်းပြရမှာ ဖြစ်ပါတယ်။
သာဓကအနေနဲ့
''ငှက်ပျံသလို'' ဆိုတဲ့ ဥပမာအလင်္ကာကို ဖြေမယ်ဆိုရင် ဤအလင်္ကာကို အိမ်ရှေ့ကိုယ်တော်ကြီးစကားပြေမှ အိမ်ရှေ့ကိုယ်တော်ကြီးသည် အောင်ပင် လယ်ကန်၌ ရေမြှုပ်ဗုံးများဖောက်ခွဲသောအခါ ပျဉ်တိုပျဉ်စများ လွင့်စဉ် ဝဲပျံနေပုံကို ရည်ညွှန်းဖော်ပြရာ၌ ဆက်စပ်သုံးထားခြင်းဖြစ်ကြောင်း၊ အောင် ပင်လယ်ကန်တွင် ရေမြှုပ်ဗုံးများဖောက်ခွဲလိုက်သောအခါ ပျဉ်တိုပျဉ်စများ လွင့်စဉ်ဝဲပျံနေပုံ (အနှိုင်းခံ)ကို ငှက်များဝဲပျံနေပုံ (အနှိုင်း)နှင့် ဂုဏ်ရည်တူ ချင်းခိုင်းနှိုင်းရေးဖွဲ့ထားသောကြောင့် ဥပမာအလင်္ကာ မြောက်ကြောင်း ရှင်းပြရမှာ ဖြစ်ပါတယ်။
''မျက်နှာငွေလ'' ဆိုတဲ့ ရူပကအလင်္ကာကို ဖြေမယ်ဆိုရင် ဤအလင်္ကာကို သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း စကားပြေတွင် ဆဒ္ဒန်ဆင်မင်းက မိမိ၏အစွယ်ကို မုဆိုးထံအပ်ပြီး သုဘဒ္ဒါမိဖုရား ဝမ်းမြောက်ပါလေတော့ဟု သောနုတ္တရမုဆိုးမှတစ်ဆင့် မှာကြားပုံနှင့်ဆက်စပ်၍ သုံးထားခြင်း ဖြစ် ပါသည်။ ကြည်လင်ရွှန်းမြ၍ စိတ်နှလုံးကြည်နူးစေတတ်သည့် မျက်နှာ (အနှိုင်းခံ)နှင့် ငွေလ(အနှိုင်း) တို့ကို ဂုဏ်ရည်တူချင်း ထပ်တူပြုဖွဲ့ဆိုထား သောကြောင့် ရူပကအလင်္ကာမြောက်ပါ သည်လို့ ဖြေရပါမယ်။
မေးခွန်း ၃ ကတော့ ကဗျာလက်ရွေးစင်ထဲက ကဗျာနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ ဖြစ်တယ်။ မေးခွန်း ၃ (က) မှာ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေမေးပါ တယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေအတွက် ကဗျာတစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာ ပါတဲ့ ကဗျာစာဆိုအကြောင်း၊ ကဗျာရေးတဲ့ခေတ်၊ ကဗျာအမျိုးအစား၊ ကဗျာ အကြောင်းနဲ့ ကဗျာ့သဘော၊ ကဗျာမှာပါတဲ့ အချက်အလက်နဲ့ အနက် အဓိပ္ပာယ်၊ ကဗျာနဲ့ သက်ဆိုင်တဲ့ ထူးခြားချက်တွေကို လေ့လာကျက်မှတ်ထားဖို့ လိုအပ်ပါတယ်။
ဆိုကြပါစို့။ ရွှေနှင့်ယိုးမှားပန်းစကားကဗျာကို ပုဂံခေတ်တွင်ရေးခဲ့ ကြောင်း၊ ဌာနီပြည်ကြီးက ဝေးသနှင့် ကဗျာအမျိုးအစားမှာ ညည်းချင်းကဗျာ ဖြစ်ကြောင်းဆိုတာတွေအပြင် ကဗျာမိတ်ဆက်မှာပါတဲ့ ကာချင်း၊ တျာချင်း၊ ရှစ်ဆယ်ပေါ်အဲအစရှိတဲ့ ကဗျာအမျိုး အမည်တွေရဲ့ အနက်အဓိပ္ပာယ်များ ကအစ၊ သိမှတ်ဖွယ်ရာတွေကို မှတ်သားထားဖို့ လိုအပ်ပါတယ်။
မေးခွန်း ၃ (ခ) ကတော့ ရှင်းလင်းဆွေးနွေးရတဲ့ မေးခွန်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ချင်းရဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ အရေးအဖွဲ့နဲ့ ရရှိတဲ့ သုတရသတွေကို လေ့လာထားရပါမယ်။
အရေးအကြီးဆုံးအဓိကအချက်ကတော့ ဖြေဆိုရာမှာ မေးခွန်းနဲ့ ဘောင်ဝင်ဖို့ပဲ ဖြစ်ပါတယ်။ ကဗျာပါအကြောင်းအရာကို တိုက်ရိုက်မေးတာ လား၊ ကဗျာစာဆိုက ဘယ်လိုဖွဲ့ထားလဲလို့မေးတာလား၊ ဒီကဗျာနဲ့ ပတ်သက် တဲ့ မိမိရဲ့အတွေးအမြင် ခံစားချက်ကိုမေးတာလား စသည်ဖြင့် ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။
သာဓကအနေနဲ့ -
''တောင်သူကြီး'' ကဗျာမှပေးသော ရသနှင့်အသိအမြင်ကို တင်ပြပါဆိုတဲ့ မေးခွန်းကို ဖြေမယ်ဆိုပါစို့။ ရသကိုသာဖြေကြပြီး အသိအမြင်ကို မဖြေလို့ မရပါဘူး။ အသိအမြင်ဆိုတာ ဒီကဗျာနဲ့ပတ်သက်တဲ့ ကဗျာကပေးတဲ့ အသိကို ဖော်ပြမှာဖြစ် တယ်။ တောင်သူကြီးဟာဘေးဘိုးစဉ်ဆက် ဘုရင့်အမှုတော် ထမ်းခဲ့ပုံ၊ ရန်အပေါင်းဖြိုခွင်းနိုင်ပုံ၊ စတဲ့စွမ်းရည်သတ္တိတွေကို သိရတဲ့အတွက် ဝီရရသခံစားရပြီး ကုန်းဘောင်ခေတ်ကတည်းကပင် တိုင်းပြည်နှင့် အရှင် မင်းမြတ်အပေါ် သစ္စာရှိတဲ့၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းတွေ ရှိနေ ကြောင်း သိမြင်ရပါတယ်ဆိုတာမျိုး တင်ပြနိုင်ရပါမယ်။ တိုင်းရေး ပြည်မှု ပြီးချိန်မှာ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စိုက်ပျိုးပုံ၊ လူပျိုကြီးဘဝပျော်မွေ့ပုံကျေနပ်ပုံတို့ကို သိရတဲ့အတွက် သန္တရသနှင့် မြန်မာလူမျိုးတို့ ဟာ တောင်သူလယ်လုပ် ရိုးရာအသက်မွေးမှုတို့ဖြင့် လုပ်ကိုင်ကြကြောင်း၊ အသိအမြင်များ သိမြင်လာ စေကြောင်း တင်ပြရန် ဖြစ်ပါတယ်။ တောင်သူကြီးဟာ ချက်ပြုတ်ပြီးတဲ့အခါ အပျိုငယ်များကို ရွှေနံကားအောင် စားပါလှည့်လို့ ဖိတ်ခေါ်နေတဲ့ အတွက် ပြုံးရွှင်ဖွယ် ဟဿရသခံစားရပြီး ရိုးသားပွင့်လင်းတဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်ဟာ မြတ်နိုးဖွယ်ကောင်း သည့် အသိအမြင်တွေရရှိကြောင်း တင်ပြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကဗျာမေးခွန်းရှည်ကို ဖြေတဲ့အခါမှာ မေးခွန်းမှာ ပေးထားတဲ့ တောင်သူကြီးကဗျာမှ ရသနဲ့အသိ အမြင်ဆိုတဲ့ (၂)ပိုင်းကို (၂)ပိုင်းစလုံးပါအောင် ပြည့်စုံစွာ ဖြေဆိုတတ်ဖို့ အလွန်အရေးကြီးပါတယ်။
မေးခွန်း ၄ ကတော့ မြန်မာစကားပြေလက်ရွေးစင်ထဲကမေးတာ ဖြစ်ပါ တယ်။မေးခွန်း ၄ မှာ (က) နဲ့ (ခ)ဆိုပြီး နှစ်ပိုင်းပါဝင် ပါတယ်။
မေးခွန်း ၄ (က) က ဓမ္မဓိဋ္ဌာန်မေးခွန်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း စကားပြေ တစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာပါတဲ့ စာရေးသူ အကြောင်း၊ စကားပြေ အကြောင်း၊ အဲဒီစကားပြေရေးတဲ့ခေတ်၊ ထုတ်နုတ်တဲ့ စကားပြေစာအုပ် အမည်စတဲ့ စကားပြေဆိုင်ရာအချက်အလက်တွေကို လေ့လာကျက်မှတ် ထားရပါမယ်။ တိတိကျကျဖြေဆိုဖို့လည်း လိုအပ်ပါတယ်။ ကဗျာမေးခွန်း၃ (က)နဲ့ သဘောအားဖြင့် တူပါတယ်။
သာဓကအနေနဲ့ ၄ (ခ) မေးခွန်းဖြစ်တဲ့ ''မိခင်သောက'' စကားပြေမှ ဥပမာအလင်္ကာအဖွဲ့များ အကြောင်းမေးခွန်းကို တင်ပြလိုပါတယ်။ ဒီ မေးခွန်း ကိုဖြေတဲ့အခါမှာ ဒီစကားပြေမှာ ဥပမာအလင်္ကာ ဆယ်ခုရှိပြီး ဒီဥပမာအလင်္ကာ အဖွဲ့ကောင်းများကြောင့် မိခင်တစ်ဦး၏သောက ပေါ်လွင်စေကြောင်း၊ ဥပမာအလင်္ကာတစ်ခုစီကို မိခင်တစ်ဦး၏ ခံစားချက်နှင့်ယှဉ်တွဲ၍ ဝေဖန် သုံးသပ်ပြရန် ဖြစ်ပါတယ်။ သားသမီးတို့နှင့် အတူနေရသော ယခင်အခြေ အနေနှင့် သားသမီးတို့ကို မတွေ့ရသော ယခုအခြေအနေတို့ကို နှိုင်းယှဉ်လျက် ပုံပန်းသဏ္ဌာန်၊ အမူအရာပြ ဥပမာ အလင်္ကာ အဖွဲ့ကောင်းများ၊ စိတ်ခံစားမှု အခြေအနေပြဥပမာအလင်္ကာ အဖွဲ့ကောင်းများ၏ အစွမ်းအာနိသင်တို့ကြောင့် မိခင်သောက ခံစားမှု အရှိန်တိုးမြင့်လာပုံ၊ သားပျောက်မိခင်တစ်ဦး၏ ဝေဒနာတိုး၍တိုး၍ ခံစားလာရပုံတို့ကို မိခင်တစ်ဦး၏ ကိုယ်နှုတ်အမူအရာမှ တစ်ဆင့် စာဖတ်သူတို့ပါ ကူးစက်လာရပုံ၊ စိတ်မျက်စိ၌ ထင်မြင်လာပုံ၊ နှုတ်မှ တတွတ်တွတ်မြည်တမ်းပုံတို့ကို စိတ်နားထဲကြားယောင်လာအောင် သရုပ်ဖော်တင်ပြရန် ဖြစ်ပါတယ်။
မေးခွန်း ၅ (က) မှာ စကားစပ်မေးပါတယ်။ စကားစပ်ကို ဖြေတဲ့အခါ မှာတော့ ပေးထားတဲ့ စာပိုဒ်ဟာ ဘယ်အခန်းက စကားဖြစ်တယ်။ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာအကြောင်းနဲ့ ဆက်စပ်ပြီး ဘယ်လိုပြောတယ် ဆိုတာကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးနိုင်ရပါမယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့ =အတွက် ပြဇာတ် ကို ကြေညက်နေအောင် လေ့လာထား ရပါမယ်။
စကားစပ်ကိုဖြေတဲ့နေရာမှာ သိထားရမဲ့အချက်အလက်တွေရှိပါတယ်။ အဲဒါကတော့ မည်သည့် အခန်းကဆိုတာ ကို ဖော်ပြတဲ့အခါမှာ အခန်း (၁)၊ အခန်း (၂) စသည်ဖြင့် ဖော်ပြနိုင်ပါတယ်။ ဒါမှမဟုတ် ရေသည်ယောက်ျား စကားဆိုခန်း၊ ရေသည်မိန်းမစကားဆိုခန်း၊ ရေသည်ယောက်ျား ရေရောင်း ထွက်သောအခန်းစသည်ဖြင့် အခန်းရဲ့အမည်ကိုလည်း ဖော်ပြနိုင်ပါတယ်။
ဒါမှမဟုတ် အခန်း (၅) အိမ်ရှေ့မင်း တောထွက်ခန်း စသည်ဖြင့် အခန်း အမှတ်ရော၊ အခန်းအမည်ရော နှစ်မျိုးလုံးတွဲပြီးတော့ လည်း ဖော်ပြလို့ရ ပါတယ်။
စကားစပ်မှာ နောက်ထပ်သတိပြုရမဲ့အချက်တွေကတော့ တစ်ကိုယ် တည်းစကားတွေကို ဖြေဆိုတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို ဆိုတာကို ရှာဖွေနေစရာ၊ ပြောစရာမလိုပါဘူး။ မိမိတစ်ကိုယ်တည်း ပြောသောစကားဖြစ် သည်လို့ဖြေရင် လုံလောက်ပါတယ်။
အချိန်ကိုလည်း နံနက် အချိန်၊ မွန်းတည့်ချိန် စသည်ဖြင့်ဖော်ပြနိုင်သလို ရေသည်မိန်းမ ရေရောင်း ထွက်ချိန်၊ ရေသည်ယောက်ျား ရေရောင်းထွက်ချိန် စသည်ဖြင့် ဖော်ပြနိုင်ပါတယ်။ ရေသည်ယောက်ျား နေပူထဲ ပြေးလွှားနေတာ ကို ဥဒယမင်းကြီး ရွှေမှန်ပြောင်းနဲ့ကြည့်တဲ့အချိန်ဟာ မွန်းတည့်ချိန်ဖြစ်တယ်။ ရေသည်ပြဇာတ်မှာ မွန်းတည့်ချိန်ကလွဲပြီး ကျန်အချိန်များကို အတိအကျ မဖော်ပြထားတဲ့အတွက် ဖြစ်ရပ်ကို အချိန်လုပ်ပြောရမှာဖြစ်တယ်။ ဥပမာ- အိမ်ရှေ့မင်းပေါင်ပေါ်၌ ဥဒယမင်းကြီးအိပ်ပျော်နေချိန်၊ အိမ်ရှေ့မင်း တောထွက်ရန် တောင်းပန်ချိန်စသဖြင့် ပြောရမှာဖြစ်တယ်။
မေးခွန်း(၅) ပုဒ်ခွဲ (ခ)မှာတော့ ရေသည်ပြဇာတ်ရဲ့ အကြောင်းအရာကဏ္ဍကို မေးမှာ ဖြစ်ပါတယ်။ ပြဇာတ်ရဲ့ အကြောင်းအရာ ကဏ္ဍကို ၂-ပိုင်းခွဲလို့ ရပါတယ်။
(၁) ကတော့ ဇာတ်လမ်းအဖြစ်အပျက်ပိုင်း ဖြစ်ပါတယ်။
(၂) ကတော့ ဇာတ်ဆောင်တွေအကြောင်းနဲ့ ဇာတ်ဆောင်တွေရဲ့ စရိုက်သဘာဝအဖွဲ့ ဖြစ်ပါတယ်။
ဇာတ်လမ်းအဖြစ်အပျက်ပိုင်းမှာ ၅ ပိုင်းရှိပါတယ်။
(၁) ရေသည်ယောက်ျားနှင့် ရေသည်မိန်းမဆင်းရဲပုံ
(၂) ရေသည်ယောက်ျားငွေလေးရွေးတပ်မက်ပုံ
(၃) ဥဒယမင်းအား သတ်ရန်ကြံစည်ပုံ
(၄) အိမ်ရှေ့မင်းသား သတိသံဝေဂရပုံနဲ့
(၅) တောထွက်ရန်ပြောဆိုပုံတို့ ဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းအဖြစ်အပျက် (၅) မျိုးကို အကြောင်းအရာကဏ္ဍမှာ မေးပါမယ်။ နောက်တစ်ပိုင်းက ဇာတ်ဆောင်စရိုက် အဖွဲ့ ဖြစ်ပါတယ်။ ဇာတ်ဆောင်စရိုက်မှာ ရေသည်ယောက်ျား၊ ရေသည်မိန်းမ၊ ဥဒယမင်းကြီး ဆိုတဲ့ ဇာတ်ဆောင်၃-ယောက်ရဲ့ စရိုက်တွေကို မေးလေ့ရှိပါတယ်။
အဲဒီအကြောင်းအရာ မေးခွန်းတွေကို ဖြေတဲ့အခါမှာလည်း စကားစပ်ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ဖြေသလိုပဲ ဇာတ်စာမူရင်း အတိုင်း မရေးရပါဘူး။ မေးတဲ့မေးခွန်းနဲ့ မသက်ဆိုင်တဲ့ အချက်အလက် တွေကို ထည့်ပြီးမရေးရ ပါဘူး။ ဒါပေမဲ့ ရေသည်ပြဇာတ် စာဆို ဦးပုညရဲ့ သူသုံးစွဲခဲ့တဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေ၊ သူရေးသားတင်ပြခဲ့တဲ့ အချက်အလက်တွေကိုတော့ သုံးစွဲရေးဖွဲ့ရမှာ ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ ကိုယ်ပိုင်စကားပြေနဲ့ ရေးရမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်စကားပြေကိုပိုပြီး အသက်ဝင်အောင်၊ မိမိအဖြေကို ပိုပြီး ပြည့်စုံအောင် ပြဇာတ်စာသား အကိုးအကား ထည့်မယ်ဆိုရင် လည်း ထည့်ရေးနိုင်ပါတယ်။
သာဓကအနေနဲ့အကြောင်းအရာ မေးခွန်းဖြစ်တဲ့ ရေသည်ယောက်ျားရဲ့ ပုံပန်းသွင်ပြင်နဲ့ ဘဝသရုပ်ကို ဖြေဆိုမယ် ဆိုကြပါစို့။ ရေသည်ယောက်ျားရဲ့ ရုပ်အသွင်အပြင်၊ ဝတ်စားဆင်ယင်ပုံနဲ့ ဘဝအခြေအနေတို့ပါအောင် ဖြေဆိုရပါ မယ်။ သေးငယ်လွန်းလှတဲ့ ယောင်ဆံထုံး၊ မွဲခြောက် စုတ်ချာ နေတဲ့ဆံပင်စတဲ့ ရုပ်သွင်၊ စုတ်ဖွာညံ့ဖျင်းလှတဲ့ ခါးဝတ်ပုဆိုးကို ဝတ်ဆင်ထား ပုံ၊ ထမင်းနှင့်ချဉ်ပေါင်ကိုသာ စားသောက်ရတဲ့ဘဝ၊ ခြိုးခြိုးခြံခြံနှင့် ငွေလေး ရွေးစုဆောင်းထားနိုင်ပုံ စတဲ့ရေသည် ယောက်ျားရဲ့ ဘဝအခြေအနေတို့ကို ပြဇာတ်ပါဇာတ်လမ်းနဲ့ ဆက်စပ်ပြီး ဖြေပေးရမှာ ဖြစ်တယ်။
မေးခွန်း(၆)ကတော့ စာစီစာကုံးမေးခွန်းဖြစ်ပါတယ်။ စာစီစာကုံးဟာ မြန်မာစာ မေးခွန်းလွှာမှာ အမှတ်အများဆုံးပေးထား တဲ့ မေးခွန်းတစ်ပုဒ် ဖြစ်ပါတယ်။ အမှတ်(၂ဝ) ပေးတဲ့မေးခွန်းဖြစ်ပါတယ်။ ခေါင်းစဉ် ၃-ခု ပေးထားပြီးတော့ အဲ့ဒီခေါင်းစဉ် ၃-ခုထဲက နှစ်သက်ရာတစ်ခုကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ ခေါင်းစဉ် ၃-ခုလုံးမှာလည်း ပုံကြမ်းအချက်အလက်တွေ ပေးထား မှာဖြစ်ပါတယ်။ စာစီစာကုံးရေးတဲ့အခါမှာ ပုံကြမ်းအချက်အလက် တွေကို အခြေခံပြီးတော့ ရေးရမှာဖြစ်ပါတယ်။

စာစီစာကုံးဟာ တစ်ပုဒ်လုံး အစအဆုံး အလွတ်ကျက်မှတ်ထားရမယ့် စာမျိုးမဟုတ်ဘဲ ကျက်သင့်တဲ့ အချက်အလက်တွေကိုကျက်၊ မှတ်သင့်တဲ့ အချက်အလက်တွေကိုမှတ်ပြီး မြန်မာစာ အရေးအသားဆိုင်ရာ နည်းနာ များနဲ့ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ဆည်းပူးထားရမယ့် ကျင့်စာ ဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။
စာစီစာကုံးဆိုတာ စာကို ပြေပြေပြစ်ပြစ် စီကုံးရေးသားရတဲ့ စကားပြေ အဖွဲ့ပုံစံ တစ်မျိုးဖြစ်တယ်။ စကားပြေအရေးအသားမှာ စာဟန်နဲ့ ပြောဟန် ဆိုပြီး ဟန်နှစ်မျိုးရှိတဲ့အနက် စာစီစာကုံး ရေးသားရင်တော့ စာဟန်ကိုပဲ အသုံးပြုရပါမယ်။
စာစီစာကုံးအမျိုးအစား ကိုအဖွဲ့ပုံသဏ္ဌာန်အရသရုပ်ဖော်အဖွဲ့၊ ဖြစ်စဉ် ပြအဖွဲ့၊ဖွင့်ဆိုရှင်းပြအဖွဲ့၊ ကျိုးကြောင်းပြအဖွဲ့ ဆိုပြီး ၄မျိုးခွဲလေ့ရှိတယ်။
သရုပ်ဖော်အဖွဲ့ဟာ သက်ရှိသက်မဲ့တွေရဲ့ပုံပန်းသွင်ပြင်တွေ၊ အသံတွေ စတာကို မြင်ယောင် ကြားယောင် လာအောင် ရေးဖွဲ့ထားတဲ့ အရေးအဖွဲ့မျိုး ဖြစ်တယ်။ ကျောင်းသား ကျောင်းသူတွေကို သရုပ်ဖော် စာစီစာကုံးရေးသား စေရာမှာ များသောအားဖြင့် မြင်ကွင်းနဲ့ ရှုခင်းတို့ကို ရေးသားစေဖို့ ခေါင်းစဉ်ပေးလေ့ရှိပါတယ်။ အားတက်ဖွယ်ရာမြင်ကွင်း တစ်ခု၊ ကျောင်းသွား ကျောင်းပြန် မြင်ကွင်းများ၊ ဈေးမြင်ကွင်းစတဲ့ ခေါင်းစဉ်တွေဟာ မြင်ကွင်း ကိုသရုပ်ဖော်ရေးသား မယ့်ခေါင်းစဉ်တွေ ဖြစ်တယ်။ သဘာဝရှုခင်းအလှ၊ ရှုခင်းသာယာပြည်မြန်မာစတဲ့ ခေါင်းစဉ်တွေကတော့ နှစ်သက်ဖွယ် ရှုခင်း များကို ရေးသားရမယ့် ခေါင်းစဉ်တွေဖြစ်တယ်။
ဖြစ်စဉ်ပြအဖွဲ့ကတော့ အချိန်ကာလရွေ့လျားတဲ့ အစဉ်အတိုင်းအဖြစ် အပျက်တွေကို စီကာစဉ်ကာ ရေးဖွဲ့ထားတဲ့ အရေးအဖွဲ့မျိုးဖြစ်တယ်။ဖြစ်စဉ်ပြအဖွဲ့ဟာ သရုပ်ဖော်အဖွဲ့နဲ့ တွဲဖက်လေ့ရှိပါတယ်။ လေ့လာရေး ခရီးတစ်ခေါက်၊ မိုးရွာသောနေ့တစ်နေ့၊ အားကစားပွဲမြင်ကွင်းတစ်ခု၊ အမှတ်မထင် ဖြစ်ရပ်တစ်ခု၊ အပျော်ဆုံးနေ့၊ အာစရိယပူဇော်ပွဲ၊ မြန်မာ့ရိုးရာ အားကစားပွဲမြင်ကွင်းတစ်ခုစတဲ့ ခေါင်းစဉ်တွေဟာ ဖြစ်ရပ်ဖြစ်စဉ် တစ်ခုကို ရွေ့လျားတဲ့အစဉ်အတိုင်း ရေးသားရမှာဖြစ်ပြီး ထိုဖြစ်စဉ်ကို ပေါ်လွင်အောင် သရုပ်ဖော်ရေးသားရမယ့် စာစီစာကုံးမျိုးဖြစ်တယ်။
ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ အကြောင်းအရာတစ်ခုခုကို နားလည် သဘောပေါက်အောင် ရှင်းလင်းဖွင့်ဆိုပြတဲ့ အရေးအဖွဲ့မျိုးဖြစ်တယ်။ အချိန်၏တန်ဖိုး၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မိဘကျေးဇူး၊ ဆရာ့ကျေးဇူး၊ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ၊ စာအုပ် စာပေ လူ့မိတ်ဆွေ၊ သစ္စာတရား၊ ရိုင်းပင်းကူညီစိတ်၊ ယဉ်ကျေးသိမ်မွေ့ မြန်မာ့ဓလေ့၊ လူငယ်နှင့် စာကြည့်တိုက်စတဲ့ ခေါင်းစဉ်တွေဟာ အကြောင်းရပ် တစ်ခုခုကို နားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်းလင်းရေးသားရတဲ့ စာစီစာကုံး ခေါင်းစဉ်မျိုးဖြစ်တယ်။ ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ ကျိုးကြောင်းပြ အဖွဲ့နဲ့ ဆက်စပ်လျက်ရှိပါတယ်။ အကြောင်းရပ်တစ်ခုခုကို နားလည် သဘောပေါက်အောင် ရှင်းလင်းဖွင့်ဆိုပြီး ထိုအကြောင်းရပ်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်၊ ယူဆချက်တွေဟာ ကျိုးကြောင်းပြသဘောဘက်ကို သက်ရောက် စေပါတယ်။
ကျိုးကြောင်းပြအဖွဲ့ကတော့ သဘောတစ်ခုခု အယူအဆတစ်ခုခုကို ယုံကြည်လက်ခံအောင် အကျိုးအကြောင်းဆက်စပ်ဖွဲ့ပြတဲ့ အဖွဲ့မျိုး ဖြစ်ပါတယ်။ ဝန်းကျင်အလှထိန်းသိမ်းကြ၊ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ ဇွဲကိုရင်းလျှင်အောင်ပွဲဆင်၊ ညီညွတ်ခြင်း သည် အင်အား၊ ကျန်းမာရေးအသိအစဉ်ရှိ၊ စာဖတ်ခြင်းအကျိုးကျေးဇူး၊ သတင်းစာဖတ်ခြင်းအကျိုး၊ မေ့မရသော သူငယ်ချင်းတစ်ဦး၊ အနှစ်သက်ဆုံး စာအုပ်တစ်အုပ်၊ အနှစ်သက်ဆုံးဂျာနယ် စတဲ့ခေါင်းစဉ်တွေဟာ ဆိုလိုချက် တစ်ရပ်ကို စာဖတ်သူ လက်ခံယုံကြည်လာအောင် အကျိုးသင့်အကြောင်းသင့် ဆက်စပ်ရေးသားရတဲ့ ခေါင်းစဉ်မျိုး ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ စာစီစာကုံးအမျိုးအစား ၄ မျိုးမှာ ဘယ်ခေါင်းစဉ်ဟာ မိမိနဲ့သင့်တော်မယ်ဆိုတာ ချိန်ဆပြီး ကိုယ်ရေးမယ့် စိတ်ကြိုက်ခေါင်းစဉ်ကို မှန်ကန်စွာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲ မေးခွန်းမှာ ပေးထားသော ခေါင်းစဉ်များ သည် ကျောင်းသား ကျောင်းသူများ စိတ်ကြိုက် ရွေးချယ် နိုင်ဖို့အတွက် စာစီစာကုံး အမျိုးအစားတွေ မျှတစွာ ပေးထားလေ့ ရှိပါသည်။
စာစီစာကုံးမေးခွန်းမှာ ခေါင်းစဉ်နဲ့အတူ ရေးသားမယ့် အကြောင်း အရာအတွက် ပုံကြမ်းများလည်း ပေးထားပါတယ်။ ပုံကြမ်းများဟာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျရေးသားနိုင်စေဖို့အတွက် အထောက်အကူ ပြုချက် တွေသာ ဖြစ်ပါတယ်။ ပုံကြမ်းပါ အချက်တွေဟာ ယေဘုယျအချက်တွေသာ ဖြစ်တဲ့ အတွက် မိမိအတွေ့အကြုံ၊ ဗဟုသုတ ကြွယ်ဝရင်ကြွယ်ဝသလောက်၊ အလေ့ အကျင့်ကောင်းရင် ကောင်းသလောက် ထိရောက်စွာ အသုံးပြုနိုင်မယ့် အချက် များသာ ဖြစ်ပါတယ်။ အထူးသတိပြုရမယ့် အချက်ကတော့ ပုံကြမ်းပါ အချက်တွေကို သတိမမူဘဲ ကိုယ်အလွတ်ကျက်ထားတာတွေကိုပဲ ပြန်ရေး ချမယ်ဆိုရင်တော့ မေးခွန်းနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်တော့တဲ့အတွက် ရမှတ် တွေ ဆုံးရှုံးမှာဖြစ်ပါတယ်။
စာစီစာကုံးရေးသားဖြေဆိုရာတွင် နိဒါန်း၊ စာကိုယ်၊ နိဂုံး ပြည့်စုံဖို့ လိုပါတယ်။ စာစီစာကုံးဟာ မေးခွန်း ရဲ့ နောက်ဆုံးအပုဒ်ဖြစ်တဲ့ အတွက် ကျောင်းသားကျောင်းသူအများစုဟာ စာစီစာကုံးကို နောက်ဆုံးမှ ရေးသား ဖြေဆိုလေ့ ရှိကြပါတယ်။ ဒီလိုဖြေဆိုရာမှာ စာစီစာကုံးကို စာမျက်နှာများစွာ ရေးသားခဲ့ပေမယ့် နိဂုံးမချုပ်မီ စာမေးပွဲအချိန်စေ့သွားသည့်အတွက် အဆုံးမသတ်နိုင်ခြင်း မျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိမိစာစီစာကုံးဟာ ရှေ့ပိုင်းမှာ ဘယ်လောက်ကောင်းမွန်အောင် ရေးထားရေးထား နိဂုံးမပါတဲ့၊ နိဂုံးမချုပ်နိုင်တဲ့၊ စာစီစာကုံးအင်္ဂါရပ်နဲ့မပြည့်စုံတဲ့ စာစီစာကုံးဖြစ်သွားပြီး ရမှတ်များစွာ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ စာစီစာကုံးဟာ ကျောင်းသား ကျောင်းသူ တစ်ယောက် ဂုဏ်ထူးနဲ့ ထိုက်တန်မတန်ဆိုတာ အဆုံးအဖြတ် ပေးနိုင်တဲ့ မှတ်ကျောက်တစ်ခုဖြစ်တဲ့အတွက် အထူးအလေးထား ရေးသား ရမယ့် စာတစ်ပုဒ် ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် မြန်မာစာဘာသာရပ်မေးခွန်းကို ကောင်းစွာဖြေဆိုနိုင်ပြီး ဂုဏ်ထူးမှတ်ရဖို့အတွက် ကျက်မှတ်နိုင်မှုအပြင် စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ တစ်ချောင်းပုဒ်၊ ပုဒ်မစတဲ့ သင်္ကေတတွေကို တိကျမှန်ကန်စွာ အသုံးပြု တတ်မှု၊ ဆီလျော်သော စကားအသုံးအနှုန်း ရွေးချယ်တတ်မှု၊ ပုဒ်အထားအသို မှန်ကန်မှု၊ ဝါကျဖွဲ့ထုံးမှန်ကန်မှု၊ ဝါကျတစ်ခုနှင့်တစ်ခု ပြေပြစ်ညီညွတ်စွာ ချိတ်ဆက်နိုင်မှု၊ စာပိုဒ်ဖွဲ့ပုံ ကောင်းမွန်မှု၊ စာပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ် ပြေပြစ်ညီညတ်စွာ ချိတ်ဆက်နိုင်မှု၊ စာတစ်ပုဒ်လုံးသည် ဆိုလိုချက်ကို ရှင်းလင်းစွာ ပေါ်လွင်စေမှု စတာတွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
စာမေးပွဲမှာ ဂုဏ်ထူးမှတ်နှင့်ထိုက်တန်တဲ့ မြန်မာစာအဖြေလွှာတစ်ခု ဖြစ်ဖို့ဆိုရင် အချင်းရော အဆင်းပါ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အချင်းဆိုတာကတော့ စာဖြေသူရဲ့ အထက်မှာဖော်ပြခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ အရည်အချင်း၊ အရည်အသွေးဖြစ်ပါတယ်။ အဆင်းဆိုတာကတော့ အမြင်လှပမှု ဖြစ်ပါသည်။ အမြင်လှပမှုဆိုရာမှာ လက်ရေးလက်သား လှပမှု၊ လက်ရေး မလှလျှင်လည်း သပ်ရပ်သန့်ရှင်းမှု၊ ဖျက်ရာခြစ်ရာကင်းစင်မှု၊ စာပိုဒ်ခွဲ ပုံညီညွတ်မှု၊ သေသပ်စွာ မျဉ်းသားမှုစသည်တို့ ဖြစ်ပါတယ်။ အချင်း ဘယ်လောက်ရှိရှိ အဆင်းမလှရင် အချင်းကိုမမြင်ဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မြန်မာစာထူးချွန်သူများ ဖြစ်စေဖို့ အချင်းရောအဆင်းပါ ကောင်းမွန် အောင် ကြိုးစားပြီး အသေးအမွှားကအစ အလေးထားကြဖို့ တိုက်တွန်း လိုပါတယ်။
အခုဆွေးနွေးခဲ့တဲ့ အချက်တွေဟာ မြန်မာစာဘာသာရပ်ကို ကျက်မှတ် လေ့လာ ဖြေဆိုရာမှာ ကောင်းစွာ အထောက်အကူပြု လိမ့်မယ်လို့ ယုံကြည် မိပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ စာမေးပွဲကြီးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပို့ချချက်ကို နိဂုံးချုပ် လိုက်ပါတယ်။

No comments:

Post a Comment