မြင်းခြံ ဇန်န၀ါရီ ၂၆
အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး
လမ်းလျှောက် ဆန္ဒပြလျက်ရှိသော ကျောင်းသား အဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီမိနစ်(၄၀)တွင်
ညအိပ် ရပ်နား ခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်းတိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့
ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင်
(၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊
ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်းပါဝင်လာခြင်း
ဖြစ်သည်။
ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင်
ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း
ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့
စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဗကသမှ အောင်မှိုင်းဆန်းဦးဆောင်သည့်
အဖွဲ့နှင့် ၄င်းမြို့ နယ်ရှိ အဖွဲ့အစည်းအချို့ပူးပေါင်း အင်အား(၂၇၅)ဦးသည် မြင်းခြံမြို့တွင်း
လှည့်လည် လမ်းလျှောက်ခဲ့ပြီး ရွာစည်ကျေးရွာ အနီးရှိ မြင်းခြံဒီဂရီကောလိပ် သို့ ရောက်ရှိ
ခဲ့ရာ မြင်းခြံ ဒီဂရီကောလိပ် ကျောင်း အုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက
ကျောင်းတွင်း မ၀င်ရန် တားမြစ်ခဲ့သော်လည်း ပိတ်ထားသော ကျောင်း တံခါးအား အတင်းတွန်း ဖွင့်ဝင်ရောက်ခဲ့ကြောင်း၊
ပင်မကျောင်းဆောင်ရှေ့သို့ ရောက်ရှိပြီး ပင်မကျောင်း ဆောင်ရှေ့ရှိ လွှင့်ထူထားသော နိုင်ငံတော်အလံအားဖြုတ်ချ
ကာ ကျောင်းသား သမဂ္ဂအလံအား လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ လွှင့်ထူစဉ် ကျောင်းစောင့် (၃)ဦးက
တားမြစ်သော်လည်း ကျောင်းသား များက တွန်းဖယ်ပြီး ဆက်လက်ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။
နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား
လွှင့်ထူခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းက နိုင်ငံတော် အလံဥပဒေ ပုဒ်မ
၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:
Post a Comment