၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် ကျရောက်မည့် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်
အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင်
ဩဂုတ်လ (၆) ရက်နေ့ နံနက်က ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး၊ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်မှ ပြည်ထောင်စုဝန်ကြီးများနှင့်
ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီး များနှင့်
ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂနှင့်
နိုင်ငံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ စုံညီစွာ
တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော် သံစုံတီးဝိုင်းနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ် (ရန်ကုန်) တို့မှ အာဆီယံ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်မှ အာဆီယံနေ့ အထမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံ
ကိုယ်စားနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီးနောက် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်
ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲဆုရ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်
ကျောင်းသား/ကျောင်းသူများအား အာဆီယံ မဏ္ဍိုင် (၃) ရပ်မှပြည်ထောင်စု ဝန်ကြီးများနှင့်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ “WE ARE ASEAN” တေးသီချင်းဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်တော်ကာကွယ်ရေး
ဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်မှ ပြည်ထောင်စုဝန်ကြီးများ၊
အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများက ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မှတ်တမ်းတင်
ဓာတ်ပုံ စုပေါင်းရိုက်ကူးကြပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည်
အာဆီယံ (၁၀) နိုင်ငံမှ ရိုးရာပစ္စည်းများ၊ အာဆီယံ လှုပ်ရှားမှု ဓာတ်ပုံများ၊ အာဆီယံဆိုင်ရာ
စာအုပ်စာတမ်းများနှင့် ဆုရ စာစီစာကုံးများ ခင်းကျင်းပြသမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်
No comments:
Post a Comment