Saturday, June 28, 2014

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၂၇
ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားရှိ၊ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများ သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်း သတင်းများအရ သတင်းအရင်း အမြစ် ပကတိ အခြေအနေမှန်များကို သိရှိနိုင်ရေးအတွက် မြန်မာ့သတင်း စဉ်သတင်းအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သမျှကို ပြန်လည်ရေးသားတင်ပြ လိုက်ရပါသည်။

မေး။ ။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖမ်းဆီးပြီး နေရပ်ပြန်လည်ပို့ဆောင် နေတယ်ဆိုတဲ့ သတင်းက ဘယ်နှလပိုင်းလောက်မှာ ဘယ်လိုစတင်ခဲ့တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ လက်ရှိထိုင်းနိုင်ငံအစိုးရအနေနဲ့ ဒီမေလနောက်ဆုံးပတ် ထိုင်း - ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ လက်နက် မှောင်ခိုတွေကို စတင်ဖမ်းဆီးရမိ ခဲ့တာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်မြို့တွေမှာ လက်နက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ဆက်နွှယ်သူတွေကို ဇွန် ၁ ရက်ကစပြီး ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကနေ စတင်ခဲ့ပါတယ်။
မေး ။ ။ ဖြစ်ပေါ်ခဲ့တဲ့၊ ဖြစ်ပေါ်နေတဲ့သတင်းတွေအရ ထိုင်းနိုင်ငံအစိုးရကို မြန်မာဘက်က ဘယ်လိုဆက်သွယ် ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဇွန် ၆ ရက်မှာ National Council for Peace and Order (NCPO) က ဒုတိယဥက္ကဋ္ဌ  General Tanasak Patimapragorn နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီး ဇွန် ၁၄ ရက်မှာ NCPO က အလုပ်သမားကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ  General Sirichai Disthakul နဲ့လည်း တွေ့ဆုံညှိနှိုင်း ခဲ့ပါတယ်။
မေး ။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် မြန်မာသံရုံးရဲ့ ဆောင်ရွက်ခဲ့မှုတွေကို ပြောပြပေး စေလိုပါတယ်ခင်
ဗျာ။ဖြေ ။ ။ ဇွန် ၁ ရက်ကနေ ၄ ရက် အထိ မဲဆောက်မြို့ သောင်ရင်းမြစ် ကမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲတွေကို ဖျက်သိမ်းပြီး အဲဒီကျူးကျော်တဲ တွေမှာ နေထိုင်ခဲ့သူ ၂၆၅ ဦးကို ဖမ်း ဆီးစစ်ဆေးခဲ့တဲ့နေရာမှာ အထောက် အထားမဲ့ တရားမဝင်နေထိုင်သူ ၁ဝ၃ ဦးကို မြန်မာဘက်ကမ်း ဂိတ်အမှတ် ၁ဝ ကို ပို့ဆောင်ခဲ့ပါတယ်။ ဇွန် ၁ဝ ရက်ကနေ ၁၂ ရက်အတွင်းမှာ လည်း ချင်းမိုင်မြို့ ဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၃ဝ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်မြန်မာ သံအမတ်ကြီးနဲ့ NCPO ဒုတိယဥက္ကဋ္ဌ၊ NCPO အလုပ်သမား ကြီးကြပ် ရေးဥက္ကဋ္ဌတွေရဲ့ ဆွေးနွေးညှိနှိုင်းချက်တွေအရ ဇွန် ၁၅ ရက်မှာ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
မေး ။ ။ နိုင်ငံတော်အစိုးရအနေနဲ့ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုကူညီ ဆောင်ရွက်ပေး ထားပါသလဲ။
ဖြေ။ ။ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်ဖို့ အတွက် မြန်မာနိုင်ငံကူး လက်မှတ်တွေကို ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနနဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ မယ်ဆိုင်မြို့၊ မဲဆောက်မြို့နဲ့ ရနောင်းမြို့တွေမှာ အဖွဲ့လေးဖွဲ့ခွဲပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။
မေး ။ ။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့နေမယ်ဆိုရင် ဘယ်နေရာတွေကို ဘယ်လိုဆက်သွယ်ရမလဲ။
ဖြေ ။ ။ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့နေရတယ်ဆိုရင် မြန်မာသံရုံး ဖုန်းနံပါတ်တွေဖြစ်တဲ့(၆၆၂) ၂၃၃၂၂၃၇၊ ၂၃၄၄၆၉၈၊ ၂၃၄၄၇၈၉၊၂၃၇၇၇၆၄ တို့ကို ဆက်သွယ်နိုင်ပြီး မြန်မာအလုပ်သမားသံအရာရှိ ဖုန်းနံပါတ်တွေဖြစ်တဲ့ (၆၆၂)ဝ၈၆-၇၇၄၆၈၂၅၊ ဝ၈၃-၉၈၁၂၁၇၅ စတဲ့ ဖုန်းနံပါတ်တွေကို ဆက် သွယ်အကူအညီ တောင်းခံနိုင်ပါတယ်။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

(မြန်မာ့သတင်းစဉ် သတင်းအဖွဲ့)

No comments:

Post a Comment