“အမုန်းစကားမဆိုကြစေချင် နှလုံးသားကို
အလှဆင် ပါကွယ်”ဆိုသည့် တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့သော သီချင်းသည် ယနေ့အခါတွင် ပို၍ပင်အသက်ဝင်လာပြီ
ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
“တစ်ယောက်စကား၊ တစ်ယောက်နားဝယ်၊ မခါးရ
အောင်၊ မောင်တို့ဆိုလေ၊ ပျားသကာလိုချိုလှစေ”ဆိုသည့် အင်းဝခေတ် စာဆိုအကျော်အမော်ကြီး၏
စာအလင်္ကာမှာ လည်း ကျယ်ဝန်းနက်နဲသည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေ ပါသည်။ နှုတ်ထွက်စကား၏ အရေးပါပုံနှင့်ပတ်သက်၍
“ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလည်း ခံတွင်းလက်လေးသစ်”ဟု အဆိုအမှတ်ပြုခဲ့ကြသည်လည်း
ရှိပါသည်။
ယခုအခါတွင် အိုင်တီနည်းပညာ ဖွံ့ဖြိုးလာသော
ကြောင့် နှုတ်စကားအပြင် စာစကားအဖြစ်ရေးသားကာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားနိုင်သည့်
ခေတ်ဖြစ်ပါသည်။ ထိုခေတ်တွင် ကြီးပြင်းခဲ့ကြရသော လူသား များသည်လည်း နည်းပညာသစ်များနှင့်အတူ
အလျင်စလို လိုက်ပါပြောင်းလဲနေကြပါသည်။ လူသားတို့၏ အတ္တစိတ် ကြီးမားမှုကြောင့် မိမိနှင့်အလျဉ်းသင့်လျှင်
သင့်သလို၊ မုန်းလျှင် မုန်းသလို ပြောဆိုခြင်း၊ ရေးသားခြင်းများ ပြောင်ပြောင် တင်းတင်း
ပြုလုပ်လာကြသည်ကိုလည်း တွေ့ရပါသည်။
လူတိုင်းလွတ်လပ်ခြင်းကို ခုံမင်နှစ်သက်တတ်ကြပါ
သည်။ လူတစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၏ လွတ် လပ်မှုကိုလည်း အကြောင်းမဲ့အကျိုးမဲ့ ပိတ်ပင်ဟန့်တား၍
မရနိုင်။ ထို့အတူ လွတ်လပ်မှုကိုလည်း ဆင်ခြင်တုံတရား ကင်းမဲ့စွာ အသုံးပြုခြင်းမှ ရှောင်ရှားအပ်ပေသည်။
အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း အမုန်း
အာဃာတကြီးမားစေမည့် အမုန်းစကား (HATE SPEECH) နှင့် ရေးသားခြင်းများသည် ကောင်းကျိုးထက်ဆိုးကျိုး
ကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ စုစည်းညီညွတ်သော၊ အေးချမ်းသာယာသော လူ့အဖွဲ့အစည်းကို ပြိုကွဲပျက်စီး
စေနိုင်ပါသည်။ စင်စစ်အမုန်းစကား (HATE SPEECH) ကို ပြောဆိုရေးသားနေကြသူများသည် လူနည်းစုသာ
ဖြစ်ပါ သည်။ ထိုသူတို့သည် ငြိမ်းအေးသာယာမှုကို မလိုလား သူများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်
လူ့အဖွဲ့အစည်းကြီး အတွင်း ချိုသာယဉ်ကျေးသောစကားကို ပြောဆိုရေးသား ကြမှသာ ယဉ်ကျေးသော
လူ့အဖွဲ့အစည်းကြီး ဖြစ်ပါလိမ့် မည်။ ယဉ်ကျေးသော အပြောအဆို အရေးအသားများကို အသိဉာဏ်
ပညာ မြင့်မားသော ဆင်ခြင်တုံတရားရှိသော သူများကသာ ထိန်းသိမ်းပေးနိုင်ပါလိမ့်မည်။
သာမန်လူတစ်ဦး ပြောဆိုသောစကားသည် သာမန်
ကာလျှံကာ ပေါ့ပေါ့တန်တန်ဟု သဘောထား၍ ရကောင်း ရနိုင်ပါသည်။ သို့သော် စာတတ်ပေတတ်ကျမ်းဂန်တတ်
ပုဂ္ဂိုလ်များက ပြောဆိုလိုက်လျှင် အလွယ်တကူ ပျက်ပြယ် မသွားနိုင်ပါ။ လူကြီးလူကောင်း၊
ဩဇာဂုဏ်သိမ်ရှိသူများ က ပြောဆိုရေးသားလျှင်ပို၍ပင် ပျံ့နှံ့၍ ပို၍ပင် လူအများ အာရုံစိုက်
ခံရနိုင်ပါသည်။
အဆိုးတကာအဆိုးဆုံးမှာ လူအများ ယုံကြည်
အားထားရသူ၊ ပညာရှိပညာတတ်တစ်ဦးက(ဝါ) ပေါ်လွင် ထင်ရှားသူ တစ်ဦးဦးက အာဃာတတရားကို ပွားစေမည့်
အမုန်းစကား (HATE SPEECH) မျိုး ပြောဆိုရေးသားလာလျှင် လောကပျက်စီးရာ ပျက်စီးကြောင်းပင်ဖြစ်သည်။
ထိုသူ တို့က မိမိတို့၏ ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် အသိဉာဏ်ပညာများကို ငဲ့ကွက်၍ အလွဲသုံးစားမလုပ်သင့်ပေ။
မိမိတို့၏ မြင့်မြတ်လှ သော ဂုဏ်အင်ကို ညှိုးငယ်သေးသိမ်ရာ ကျရောက်စေနိုင်ပါ သည်။ “စကားစကားပြောပါများ
စကားထဲက ဇာတိပြ” ဆိုသကဲ့သို့ မိမိတို့၏ဂုဏ်အင်္ဂါပြယုဂ်ကို ဖော်ပြနေသကဲ့သို့ ဖြစ်နိုင်ပါသည်။
အမုန်းအာဃာတတရားသည် လောင်စာကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းစေနိုင်ပါသည်။
အချိန်မီငြှိမ်းသတ် နိုင်လျှင် ပြာသာဒ်မီးလောင်သည့် ဘ၀မျိုးမရောက်နိုင်။ အမုန်းစကားတို့ဖြင့်
လောင်စာတည်းဟူသော ရန်ငြိုးကို မီးဆက်၍ ပျိုးမထားသင့်ပေ။ လောင်စာဆိုသည်မှာ ကြီးမားပြင်းထန်သော
လောင်ကျွမ်းမှုကိုအချိန်မရွေးဖြစ် စေနိုင်ပါသည်။ မပြောပလောက်သော အမုန်းစကား တစ်ခွန်းသည်
မီးဟုန်းဟုန်း ထတောက်နိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမုန်းစကား(Hate
Speech) ကို ငြိမ်းအေးသော လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့သွားအောင် ပြောဆိုခြင်း၊ ရေးသားနေခြင်းသည်
အလွန်ကြီးမားသည့် အန္တရာယ်အဖြစ် ဆင်ခြင်နှလုံးသွင်း အပ်လှပါသည်။
မီးဆိုသည်မှာ မလောင်ခင်ကတားရပါသည်။ လောင်ပြီ
ဆိုလျှင် အချိန်မီငြှိမ်းသတ်နိုင်ဖို့လိုပါသည်။ ပင့်လေများ တိုက်ခတ်နေလျှင်၊ လောင်စာများ
စုဝေးနေလျှင် အရှိန် အဟုန်ကောင်းသွားနိုင်ပါမည်။ ဆုံးရှုံးမှုပျက်စီးမှုဖြစ်လျှင် လူတစ်ဦး၊
လူတစ်စုတစ်ဖွဲ့၏ ဆုံးရှုံးမှုမဟုတ်ပါ။ နိုင်ငံသား အားလုံးတို့၏ ဆုံးရှုံးမှုသာဖြစ်ပါသည်။
ပစ္စည်းဥစ္စာဓန များ ဆုံးရှုံးသွားလျှင် ပြန်လည်၍ကြိုးစား ရှာဖွေ၍ရပါသည်။ အမုန်းတရားများ၊
လက်စားချေလိုသည့် စိတ်များ လူသား တို့၏ နှလုံးသားအတွင်း အပြန်အလှန်စွဲမြဲပွားများသွားလျှင်
ငြိမ်းအေးမှု၊ သာယာဝပြောမှု၊ စုစည်းညီညွတ်မှုတို့သည် အလိုအလျောက် ပြိုကွဲသွားကြမည်သာဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ နှလုံးသားတွင်
အမုန်းတရား မပွားကြစေလိုပါ။ အမုန်းစကားကိုလည်း မကြားလိုကြပါ။ မိမိတို့၏ နှလုံးသားနှင့်
မိမိတို့၏နှုတ်စကားများကို မိမိတို့ ၏ အသိဉာဏ်ပညာ “ချွန်း”ဖြင့် အုပ်ထိန်းကြရပါမည်။
လောကဝတ်၊ ဓမ္မဝတ်နှင့်အညီ ကျင့်ကြံနေထိုင်တတ်လျှင် မြတ်ပါသည်။ ယင်းကျင့်ဝတ်တို့ကို မျက်ကွယ်ပြု၍
မိမိ တို့၏ အသိဉာဏ်ပညာများကို ဖောက်ဖျက်ကျူးလွန်ရန် မသင့်။ သို့ဆိုလျှင် အမုန်းတရားများလွှမ်းမိုးပြီး
အမုန်း သံသရာမှ မလွတ်မြောက်နိုင်၊ အမုန်းကမ္ဘာထဲတွင် တဝဲ လည်လည်ကျင်လည်ကာ ငြိမ်းအေးခြင်းကင်းဝေးကြလိမ့်
မည်ဖြစ်သည်။ အမုန်းတရားကိုဖယ်၊ နှလုံးသားဝယ် ချစ်ဖွယ်သော နှုတ်စကားတို့ဖြင့် အလှဆင်နိုင်ကြမှသာ
လျှင် ချိုမြိန်အေးမြသောလောက၏ အရသာကိုခံစားစံစား နိုင်မည်ဟု တွေးဆမိပါသည်။ ။
No comments:
Post a Comment