Friday, May 2, 2014

လမ်းပေါ်တွင် ယာဉ်စက်ပျက်ပါက…

ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆရာဦးခင် မောင်ဌေး(ပညာရေး) နှင့် သီလ၀သားတို့၏ ဆောင်းပါးများ ဖတ်ရှုရသည်မှာ လွန်စွာမှ တန်ဖိုးရှိလှပါသည်။ မိမိ အနေဖြင့်လည်း အတွေ့အကြုံရှိခဲ့သည်ကို ရေးသားတင်ပြ လိုပါသည်။ ဧပြီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် စက်ပျက်၍ ရပ်နားထားသော ခရီးသည်တင်ယာဉ် တစ်စီးအား
အခြားခရီးသည်တင်ယာဉ်တစ်စီးမှ ဝင်တိုက်ရာ လူနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖတ်ရှုခဲ့ ရပါသည်။ အဆိုပါ ဖြစ်စဉ်မျိုး မကြာခဏဆိုသလို ဖြစ်ပွား နေတာလည်း ကြားသိရပါသည်။ ယာဉ်မောင်းအများစု အနေဖြင့် မိမိယာဉ်စက်ပျက်ပါက ယာဉ်၏နောက်တွင် ကားဘီးတာယာများ၊ ကျောက်တုံး/ခဲများ၊ သစ်ကိုင်း၊ ဝါးကိုင်းများ၊ ပုံးများထားရှိပြီး ယာဉ်ပျက်၍ ရပ်တန့်ထား ကြောင်းသိရှိရန် အချက်ပြစနစ်သုံးကြသည်ကို တွေ့ရှိ ရပါသည်။ ထိုကဲ့သို့ အချက်ပြခြင်းသည် နေ့အချိန်မြင်သာ နိုင်သော်လည်း ညအချိန်တွင်မြင်နိုင်စွမ်းမရှိ၍ စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား မောင်းနှင်နေသည့်ယာဉ်ဟု ယူဆပြီး နောက်မှမောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်အား ဝင်တိုက်မိခြင်းဖြစ်နိုင်ပါသည်။

ယာဉ်စက်ပျက်ပါက အထက်ပါအချက်ပြစနစ်မသုံးဘဲ နေ့/ည မြင်နိုင်စွမ်းအားမြင့်မားပြီး အလွယ်တကူ ခေါက် သိမ်းနိုင်သည့် ကြိုတင်သတိပေးအချက်ပြ Warning Triangle အား ပျက်နေသည့်ယာဉ်နောက် သင့်တင့်သည့် အကွာအဝေးတွင် ထားရှိပါက အဆိုပါယာဉ်စက်ပျက်၍ ရပ်တန့်ထားသည်ကို ကြိုတင်သိရှိပြီး အန္တရာယ်ကိုရှောင်လွှဲ နိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ထုတ်ပေးလျက်ရှိသည့် Warning Triangle များ ယာဉ်အားလုံးတွင်ပါရှိရေး သက်ဆိုင်ရာဌာနများမှ စီစဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက် ပေးသင့်ကြောင်း အကြံပြု ရေးသား တင်ပြအပ်ပါသည်။

No comments:

Post a Comment