Thursday, May 1, 2014

ကလေးအလုပ်သမားနှင့် ပြဋ္ဌာန်းချက် အမှတ် - ၁၈၂

တင်ကိုကိုနိုင် (မကွေး)
နိုင်ငံတော်အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ဘက်စုံ၊ ကဏ္ဍစုံပြုပြင်ပြောင်း လဲဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်အနာဂတ်၏ သားကောင်း ရတနာများ ဖြစ်သည့် ကလေးသူငယ် လူငယ်များ၏အခန်းကဏ္ဍကို မေ့လျော့ချန်လှပ် ထားခဲ့ခြင်းမရှိပေ။ အထူးသဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေကြရသည့် ကလေး အလုပ်သမားများအတွက် နိုင်ငံတော် အစိုးရသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍အလေးထားဆောင်ရွက်လျက်ရှိ ပါသည်။

မိဘအုပ်ထိန်းသူများက ဝမ်းရေးအတွက် အရွယ်မရောက်သေးသည့် မိမိရင်သွေးကလေးသူငယ်များကို ခိုင်းစေကြရသည်။ အလုပ်ရှင်များကလည်း အကြောင်းအမျိုးမျိုးကြောင့်  ကလေးအလုပ်သမားများ  ခန့်ထားလုပ်ကိုင် ကြသည်။ ကလေးသူငယ်အား အလုပ်ခိုင်းစေသည်ဆိုရာ၌ လူကြီးအလုပ်သမား ကဲ့သို့ ခိုင်းစေ၍မရ၊ ကန့်သတ်ချက်များရှိသည်။ ကလေး၏ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အကျင့်စာရိတ္တ၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ထိခိုက်နစ်နာခြင်းမရှိစေရပါ။ ထို့ကြောင့် ကလေးသူငယ်တစ်ဦးအား အလုပ် ခိုင်းစေရာ၌ အသက်အရွယ်ကန့်သတ်ချက်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အလုပ်ချိန်၊ နားချိန်၊ စားချိန်၊ အားလပ်ရက်၊ အလုပ်အမျိုးအစား၊ လုပ်ငန်းခွင်တည်နေရာ၊ နေ့ဆိုင်း၊ ညဆိုင်း စသည်ဖြင့်ကန့်သတ်ချက် များရှိသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေတို့အရ အသက် (၁၃)နှစ်မပြည့်သေးသောကလေးကို စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနတစ်ခုခုတွင် အလုပ်မလုပ်စေရ သို့မဟုတ် လုပ်ကိုင်ခွင့်မပြုရပါ။ အကယ်၍ အသက်(၁၃)နှစ်ပြည့်ပြီးသော ကလေး သူငယ်အား အလုပ်ခိုင်းစေလိုလျှင် အလုပ်လုပ်ရန်သင့်လျော်ကြောင်း ဆရာဝန်၏ဆေး ထောက်ခံချက်ဖြင့် မိဘ အုပ်ထိန်းသူက ခိုင်းစေခွင့်ရှိပြီး အလုပ်ရှင်ကလည်း ဆရာဝန်၏ဆေးထောက်ခံချက်ရရှိလျှင် အလုပ်လုပ် ခွင့်ပြုနိုင်၍ ဆေးထောက်ခံ ချက်ကို လုပ်ငန်းခွင်တွင် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။   အသက် (၁၅)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသော ကလေးအလုပ်သမား တစ်ဦးအား  လူကြီးအလုပ်သမား အဖြစ်  ခိုင်းစေရန်သင့်လျော်ကြောင်း ဆရာဝန်၏ဆေးထောက်ခံချက်ရရှိလျှင် ထိုကလေးအလုပ်သမားအား လူကြီး အလုပ်သမားတစ်ဦးအဖြစ် ခိုင်းစေခွင့်ရှိပါသည်။
အလုပ်ချိန်နှင့်ပတ်သက်၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေအရ ကလေးအလုပ်သမားတစ်ဦး၏ တစ်နေ့အလုပ်ချိန်သည် လေးနာရီထက် မပိုစေရပါ။ အားလပ်ချိန်၊ နားချိန်ပေးလျှင် အားလပ်ချိန်၊ နားချိန်နှင့် အလုပ် ချိန်စုစုပေါင်းသည် ငါးနာရီထက်မပိုစေရပါ။ လုပ်ငန်းခွင်တစ်ခုခု၌ အလုပ် လုပ်ပြီးသော ကလေးအလုပ်သမားတစ်ဦးအား ထိုနေ့တစ်ရက်တည်းတွင် အခြားလုပ်ငန်းခွင်တစ်ခုခု၌ အလုပ်လုပ်ခွင့် မပြုရသည့်အပြင် ကလေးအလုပ် သမားတစ်ဦးအား ညနေ ခြောက်နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအတွင်း အလုပ်မခိုင်းစေရ။ အလုပ်လုပ်ခွင့်မပြုရပါ။ အားရက်၊ နားရက်နှင့်ပတ်သက်၍ ရက်သတ္တ တစ်ပတ်လျှင် တစ်ရက်ကို လူကြီးအလုပ်သမားများနည်းတူ အလုပ် ပိတ်ရက်အဖြစ် အနားပေးရမည် ဖြစ်သည်။ ဤနေရာတွင် ၁၉၅၁ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများအက်ဥပဒေအရ အကျုံးဝင်သော ဆိုင်၊ အလုပ် ဌာန၊ ကုမ္ပဏီ၊ အလုပ်တိုက်တို့တွင် လုပ်ကိုင်နေကြသော ကလေးအလုပ်သမားများအား လုပ်ခဖြတ်တောက်ခြင်းမပြုဘဲ အားလပ်ရက်ပေးရမည်ဖြစ်ပါသည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ခံစားခွင့်များမှာမူ လက်ရှိတည်ဆဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေအရ လူကြီးအလုပ်သမားများနည်းတူ ခံစားခွင့်ရှိပါသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေအရ လည်ပတ်နေသော စက်ကိရိယာ၌ သို့မဟုတ် ထိုစက် ကိရိယာအနီး၌ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေတတ်သော စက်ကိရိယာများ၌ ကလေး အလုပ်သမားများ ခိုင်းစေခြင်းကို   တားမြစ်ထားသည်။  ကလေး အလုပ်သမားများအား ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေမည့် လက္ခဏာရှိသော အလွန်လေးလံသည့်ဝန်ချိန်ကို ပင့်ရန်၊ သယ်ယူရန်၊ ရွှေ့ပြောင်း ရန် မခိုင်းစေ ရပါ။ လုပ်ငန်းခွင်တစ်ခုတွင် လုပ်ရသည့်အလုပ်သည် လူ၏ ကိုယ်အင်္ဂါကို ထိခိုက် နာကျင်စေမည့် သို့မဟုတ် လူကို အဆိပ်သင့်စေမည့် သို့မဟုတ် ရောဂါ ဖြစ်စေမည့် လက္ခဏာရှိသည့် အလုပ်တွင်ကလေးများအား ခိုင်းစေခြင်းကို တားမြစ်ထားပါသည်။
ထို့ကြောင့် ကလေးသူငယ်များအားအလုပ်ခိုင်းစေရာ၌ ထိုကလေး သူငယ်၏ ကိုယ်ကို၊ စိတ်ကို၊ ဂုဏ်သရေကို ထိခိုက်နာကျင်စေမည့်၊ အန္တရာယ် ဖြစ်စေမည့် လူမဆန်ရက်စက်စွာ ခိုင်းစေခြင်းများ မရှိစေရန် နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကလေးအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေး အလုပ်သမားခိုင်းစေခြင်း  ပပျောက် စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ''ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်'' ကို လက်ခံ ကျင့်သုံးရန် သဘောတူကြောင်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့သို့ အကြောင်း ပြန်ကြားခဲ့ကြောင်း သိရသည်။ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ၏အပိုဒ် ၁ဝ အရ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းချက်ပါ သဘောတူညီ ချက်များ သည် မြန်မာနိုင်ငံတွင် စတင်အာဏာသက်ဝင်ပြီး နိုင်ငံတော်အစိုးရမှလည်း နိုင်ငံတော်အတွင်း စတင်ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်သည် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့၌ ချမှတ်အတည်ပြုခဲ့သော the Convention on the Right of the Child (CRC) ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို အထောက်အကူပြု အကာအကွယ်ပေးရန်နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးသူငယ်များ အား ခိုင်းစေ ခြင်းကို ထိရောက်စွာ  တားမြစ်ပိတ်ပင်ပယ်ဖျက်ရန် ထိုမှကလေးလုပ်သားအဖြစ် ခိုင်းစေမှု လုံးဝပပျောက်သွား စေရန်ရည်ရွယ်ပါသည်။
ပြဋ္ဌာန်းချက်အမှတ် ၁၈၂ အား သဘောတူလက်ခံကျင့်သုံးရေးအတွက် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အချိန်ယူလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဤပြဋ္ဌာန်းချက်အား မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တိုင်းပြည်အေးချမ်းသာယာမှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ် အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှုတို့အပေါ်မူတည်၍ လက်ခံ ကျင့်သုံး ဆောင်ရွက်နိုင်သည့်အချိန်တွင် သဘောတူလက်ခံကျင့်သုံးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာအဖွဲ့ဝင် နိုင်ငံများအပေါ်တွင်သာ အကျိုး သက်ရောက်မှုရှိပြီး နိုင်ငံသားတစ်ဦးချင်းအပေါ် အာဏာသက်ရောက်မှုမရှိသဖြင့်  နိုင်ငံသားတစ်ဦးချင်း အပေါ်  အာဏာ သက်ရောက်မှုရှိစေရန် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေများတွင် ပြဋ္ဌာန်းချက်ပါ သဘော တူညီချက်များကို ဥပဒေသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်ကြရပါသည်။ သို့မှသာ ပြည်တွင်းဥပဒေများ အရ နိုင်ငံသားတစ်ဦးချင်း အပေါ် အာဏာသက်ရောက်မှု ရှိမည်ဖြစ်ပါသည်။ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ တွင် အပိုဒ်ပေါင်း ၁၆ ခုဖြင့် ပြဋ္ဌာန်းထားပါသည်။ အဓိကကျသည့် စာပိုဒ်များမှာ စာပိုဒ် ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ စာပိုဒ်တို့ဖြစ်ပြီး ပြဋ္ဌာန်းချက်၏ အဓိကဆိုလိုရင်းများကို ဖော်ပြထားပါသည်။ ကျန်စာပိုဒ် ၉ မှ ၁၆အထိမှာ ပြဋ္ဌာန်းချက်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ တို့အကြား လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ဖြစ်ပါသည်။
ပြဋ္ဌာန်းချက် ၁၈၂ စာပိုဒ် ၂ တွင် ဤ''ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ကလေးဆိုသည်မှာ အသက် (၁၈)နှစ် အောက်ရှိသူကို ဆိုသည်''ဟု ကလေး သူငယ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဤနေရာတွင် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ပြဋ္ဌာန်းချက် (CRC) စာပိုဒ် ၁ တွင်ကလေးဆိုသည်မှာ အသက် (၁၈) နှစ်အောက် လူအားလုံးကိုဆိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တူညီကြောင်း လေ့လာတွေ့ ရှိရမည်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေပုဒ်မ ၂(က) အရ ကလေးသူငယ်ဆိုသည်မှာ အသက်(၁၆)နှစ်မပြည့်သေးသူကိုဆိုသည်ဟူသော ကလေးသူငယ် အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အသက်ကန့်သတ်ချက် ကွဲလွဲနေကြောင်း တွေ့ရှိရမည်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေပုဒ်မ ၂(က)အရ ကလေးသူငယ်၏ အသက်ကန့်သတ် ချက်ကို ပြဋ္ဌာန်းချက် ၁၈၂၊ အပိုဒ် ၂ ပါ အသက်ကန့်သတ်ချက်နှင့်ကိုက်ညီစေရန် ပြင်ဆင်ဖို့ လိုအပ် ပါသည်။
ပြဋ္ဌာန်းချက် ၁၈၂ ၏ စာပိုဒ် ၃ အရ ကလေးသူငယ်အား အလုပ် ခိုင်းစေရာ၌ အဆိုးရွားဆိုးပုံစံများ (the Worst Forms of Child Labor)ဆိုသည်မှာ-
- ကလေးသူငယ်များအား   ရောင်းဝယ်ဖောက်ကားခြင်း၊  သယ်ယူ ပို့ဆောင်ခြင်း၊ အကြွေးအဖြစ်သိမ်းခြင်း၊ မြေကျွန်၊ ယာကျွန်ပြုခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှု၌ အသုံးပြုရန် ကလေးသူငယ်များအား အတင်းအကျပ် သို့မဟုတ် မရမနေ စစ်သားစုဆောင်းခြင်းအပါအဝင် အတင်းအကျပ်နှင့် မလုပ်မနေရ အလုပ်ခိုင်းစေခြင်း စသည်တို့ကဲ့သို့ သော ကျွန်ပြုမှုသို့မဟုတ် ကျွန်ပြုမှုနှင့် အလားသဏ္ဌာန်တူသော ပုံစံများအားလုံး   ကလေးသူငယ်တစ်ဦးအား ပြည့်တန်ဆာအဖြစ် ရယူခြင်း၊ ပေးအပ်ခြင်း၊ လိင်မှုဆိုင်ရာ ဓာတ်ပုံများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ လိင်မှုဆိုင်ရာ လှုပ်ရှားပြသမှုများ ထုတ်လုပ်ပြသရာတွင် လည်းကောင်း အသုံးပြုခြင်း၊ ကမ်းလှမ်းပေးအပ်ခြင်း၊
-  အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွင်ဖော်ပြထားသည့် တရား မဝင်သောကိစ္စရပ်များ၊ မူးယစ် ဆေးဝါးများ သယ်ဆောင်ကူးသန်း ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းတို့တွင် ကလေးသူငယ်အား အသုံးပြု ခြင်း သို့မဟုတ် ကမ်းလှမ်းပေးအပ်ခြင်း၊ ရယူခြင်း၊
-  ခိုင်းစေသောအလုပ်သဘာဝနှင့် အခြေအနေများအရ ယင်းအလုပ် ကိုလုပ်ကိုင်ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များ၏ ကျန်းမာ ရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှု  သို့မဟုတ်   အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေခြင်းတို့ကိုဆိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ပြဋ္ဌာန်းချက် ၁၈၂ ၏စာပိုဒ်(၄)အရ သက်ဆိုင်ရာအာဏာပိုင်သည် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ တိုက်တွန်း ချက် ၁၉ဝ တွင်ပါရှိသည့်အပြည်ပြည်ဆိုင်ရာ စံများကိုပါ ထည့်သွင်းစဉ်းစားပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသောအလုပ်များ၊ အန္တရာယ်ရှိသော အလုပ် အမျိုးအစားများကို ပြည်တွင်းဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်း ပေးရမည်ဖြစ်ပါသည်။
သို့အတွက်ကြောင့်   အလုပ်သမားဥပဒေများတွင်   အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့်အလုပ်များ၊  အန္တရာယ်ရှိသော အလုပ်အမျိုးအစားများကို သတ်မှတ်ပြဋ္ဌာန်းပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ဖော်ပြပါအန္တရာယ် ရှိသည့် အလုပ်အမျိုးအစားများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့် အလုပ် အမျိုးအစားများ မည်သည့်နေရာမျိုးတွင်ရှိသည်ကို သတ်မှတ်ပြဋ္ဌာန်းထား ရမည့်အပြင် အခါအားလျော်စွာ ပြန်လည်စိစစ်ခြင်းများ ပြုလုပ်ရန်လိုပါသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို   အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေး ရေး ဦးစီးဌာနမှ မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း၊ ထိုဥပဒေတွင် အန္တရာယ်ရှိသောအလုပ်များ၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါ များကို သတ်မှတ်ထားကြောင်းသိရပါသည်။
ပြဋ္ဌာန်းချက် ၁၈၂ ၏စာပိုဒ် ၅ အရ ဤပြဋ္ဌာန်းချက်ကို သဘောတူ လက်ခံပြီးသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တိုင်းသည် အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်းများနှင့် တိုင်ပင်ပြီးနောက် ပြဋ္ဌာန်းချက်များအကျိုးသက်ရောက်မှုရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်ရန်အတွက် စနစ်ယန္တရားများ သတ်မှတ်ထားရမည့် အပြင် စာပိုဒ် ၆ အရ အဆိုးရွားဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်းပပျောက်စေရန်အတွက် စီမံချက်များရေးဆွဲ အကောင်အထည်ဖော် လုပ်ဆောင်ရမည်။ ထိုစီမံချက်များရေးဆွဲရာ၌ အစိုးရဌာနများ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများနှင့် အခြားလူမှုရေးအဖွဲ့အစည်းများ၏ အကြံဉာဏ်များကိုလည်း ရယူ ဆောင်ရွက် ရမည်ဖြစ်ပါသည်။
ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ၏စာပိုဒ် ၇ တွင် ပြဋ္ဌာန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ အကျိုး သက်ရောက်မှု ရှိစေရန် ပြည်တွင်းဥပဒေ များတွင် သင့်လျော်သောပြစ်ဒဏ်များ ပါဝင်ထည့်သွင်း ရေးဆွဲခြင်း၊ အရေးယူ အပြစ်ပေးခြင်းတို့ပြုရမည် ဖြစ်ကြောင်း၊ အဆိုးရွားဆုံးပုံစံများနှင့် ကလေးသူငယ်များအား ခိုင်းစေခြင်းမှ တားဆီးကာကွယ်ရန် အတွက်လည်းကောင်း၊ ယင်းတို့ကို ကယ်ဆယ်၍ ပြန်လည်ထူထောင်ရေးနှင့် လိုအပ်သော အကူအညီ များပေးရန်အတွက်လည်းကောင်း၊ လုပ်ငန်းခွင်မှ ကယ်တင်၍ ပညာရေးကို အခမဲ့သင်ယူခွင့်  အသက်မွေးဝမ်းကျောင်း  အတတ်ပညာသင်တန်းများ တက်ရောက်သင်ယူနိုင်ရန် အတွက်လည်းကောင်း၊ အထူး အန္တရာယ်ရှိသော နေရာများမှ ကလေး သူငယ်များအား ရှာဖွေဖော်ထုတ်၊ ကယ်တင်ရန် အမျိုးသမီးများနှင့် ပတ်သက်၍   ထူးခြားသော  အခြေအနေများကို   ထည့်သွင်း စဉ်းစားဆုံးဖြတ်ရန်အတွက်လည်းကောင်း  အစီအမံများထားရှိရ မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
လူမှုရေး၊ စီးပွားရေးအထောက်အကူများ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ လူတိုင်းပညာသင်ယူခွင့်စသည့် အစီအစဉ်များတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ၏အကူအညီ ကိုရယူခြင်းဖြင့် လည်းကောင်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပိုမိုအောင်မြင်မည်ဖြစ်ပါသည်။
ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို တိုက်တွန်းချက်အမှတ် ၁၉ဝ  (Recommendation No 190) နှင့် ပူးတွဲလေ့လာရန်လည်း လိုအပ်ပါသည်။ တိုက်တွန်းချက် အမှတ် ၁၉ဝ တွင်အပိုင်းသုံးပိုင်းခွဲခြား၍ ဖော်ပြထားပါသည်။ အပိုင်း(၁) လုပ်ဆောင်ချက်အစီအစဉ် (Programme of Action)  ၊ အပိုင်း(၂) အန္တရာယ် များသောအလုပ်  (Hazards Work)၊ အပိုင်း(၃) အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (Implementation) ဟူ၍ဖြစ်ပါသည်။
လုပ်ဆောင်မည့်အစီအစဉ်များ လုပ်ဆောင်မည့် အစီအစဉ်များ အဆိုးရွားဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်းကို ရှုတ်ချခြင်း၊ ကလေးသူငယ်များအား လုပ်ငန်းခွင်မှကယ်ထုတ်၍ လူမှုအသိုင်းအဝိုင်းအတွင်း သို့   ပြန်လည်ဝင်ဆံ့စေရန်  ဆောင်ရွက်ပေးခြင်း၊ အလွန်ငယ်ရွယ်သော   ကလေးသူငယ်များ၊  မိန်းကလေး များ၊  အန္တရာယ်များသော  လုပ်ငန်းခွင်မှ မိန်းကလေးများ၊ အခြားထိခိုက်လွယ်သော ကလေးသူငယ်များကို အထူး အလေးထား ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်များသော လူမှုပတ်ဝန်းကျင်၌ အလုပ်လုပ်နေသော ကလေးသူငယ်များ အား စုံစမ်းရှာဖွေခြင်း၊ အသိပညာ ပေးခြင်း၊ စည်းရုံးခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။
အန္တရာယ်များသော အလုပ် အန္တရာယ်များသော အလုပ်အန္တရာယ်များသောအလုပ်များကို သတ်မှတ်ရာတွင် ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်မှုထိခိုက်စေခြင်း၊ ရေအောက်၊ မြေအောက်၊ အန္တရာယ် ဖြစ်စေသည့် အမြင့်၊ ကျဉ်းမြောင်းကျပ်တည်းသည့်နေရာတွင် လုပ်ကိုင်ရခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည့် စက်ကိရိယာ၊ တန်ဆာပလာတို့နှင့် လုပ်ကိုင်ရခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်တွင် လုပ်ကိုင်ရခြင်း၊ အချိန် ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊ ညဘက်လုပ်ကိုင်ရခြင်း၊ အကြောင်းမဲ့ပိုင်ရှင်၏ ပရဝဏ်အတွင်း နေထိုင်လုပ်ကိုင် ရခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ပြီး နိုင်ငံတော်အဆင့်မူဝါဒများချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် သတင်းအချက် အလက်၊ ကိန်းဂဏန်ီးအေေ များကို ထိန်းသိမ်းထားရှိခြင်း၊ ကျား၊ မ၊ အသက်၊ အလုပ်အကိုင်၊ လုပ်ငန်းအမျိုးအစား၊ ရာထူးအဆင့် အတန်း၊ ပညာသင်ကြားမှု အခြေအနေ၊ နေရာဒေသ၊ မွေးသက္ကရာဇ် စသည်တို့ကို ခွဲခြားပြုစုထားခြင်း၊ သတင်းအချက် အလက်များကို နိုင်ငံတကာနှင့်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့နှင့် လည်းကောင်း ပုံမှန်ဆက်သွယ်ဆောင်ရွက် ခြင်း၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် မဆန့်ကျင်ဘဲ စွမ်းဆောင်ရည်ပြည့်ဝ၍ တာဝန်ခံဆောင်ရွက်နိုင်မည့်သူများအား တာဝန်ပေးအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရာတွင် ပြစ်မှုဆိုင်ရာသတင်းအချက် အလက်များအား နိုင်ငံတကာ ကွန်ရက်များ အသုံးပြု၍ စုဆောင်းခြင်း၊ အပြန် အလှန်သတင်းဖလှယ်ခြင်း၊ ဖော်ထုတ်အရေးယူခြင်း၊ ပြစ်မှုကျူးလွန်သူများအား မှတ်တမ်းများထားရှိခြင်း၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို ဖောက်ဖျက်ပါက ထိရောက်သော ပြစ်ဒဏ်ချမှတ်အပြစ်ပေးခြင်း၊ ပြစ်မှုကျူးလွန်သူ လုပ်ငန်းရှင် များ ထိရောက်စွာအရေးယူခြင်း၊ လုပ်ငန်း လိုင်စင် ပိတ်သိမ်းခြင်း တို့ကို အဓိကထားဆောင်ရွက်ရန်လိုပါသည်။
ထို့အပြင် ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ပြုမူ ဆက်ဆံမှုများကို တားဆီးကာကွယ်ရန်၊ ပပျောက်စေရန်ဆောင်ရွက်ရာတွင် ဥပဒေအရာရှိများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ပြည်သူတစ်ရပ်လုံးခံစားနားလည်လာစေရန်နှင့် တက်ကြွစွာပါဝင် လှုပ်ရှားလာစေရန် သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကို ပွင့်လင်းမြင်သာစွာနှင့် ထိရောက်မြန်ဆန်စွာဆောင်ရွက်ရမည်။ ကလေး လုပ်သားများနှင့် ပတ်သက်သည့် ဥပဒေများ၊ အခြားကိစ္စရပ်များကို တိုင်းရင်းသား ဘာသာစကား၊ စာပေတို့ဖြင့် ဖြန့် ဝေခြင်း၊ ပြည်သူလူထုအားအသိပေးခြင်း တို့ကို ပြုလုပ်ရမည်။ နိုင်ငံတော်အနေဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်၍ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရမည့်အပြင် နိုင်ငံတကာ၏အထောက်အပံ့များ ရယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပါ သည်။
ကလေးအလုပ်သမားများအား အဆိုးရွားဆုံး ပုံစံများဖြင့် ခိုင်းစေခြင်းမှ တားဆီးကာကွယ်ရန်နှင့် ကလေး အလုပ်သမား ပပျောက်စေရန်တို့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက်အမှတ်  ၁၈၂  ကို လက်ခံ ကျင့်သုံးရန် သဘောတူခဲ့ပြီးနောက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု ဖြင့် အမှတ် ၁၉ဝ ပါ တိုက်တွန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဦးတည်ဆောင်ရွက်ရာ ဝန်ကြီးဌာနအဖြစ် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည။် ထိုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများစွာရှိပြီး အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ဆင်းရဲမွဲတေမှုဖြစ်၍ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် လူနေမှုဘဝ တိုးတက် မြင့်မားလာစေရေးကို  ရေရှည်အလေးထား  ဖြေရှင်းဆောင်ရွက်ပေးရန် လိုပါသည်။

 စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဆင်းရဲမွဲတေမှုများ လျော့ကျလာနိုင်မည်ဖြစ်၍ မိသားစုများ၏ အခြေခံလိုအပ်ချက်များ ပြည့်ဝလာ နိုင်ပါသည်။ သို့မှသာ အခိုင်းစေခံကလေးငယ်များ လုပ်ငန်းခွင်မှ လွတ်မြောက်၍ ပညာဆက်လက်သင်ယူနိုင်ခြင်းအားဖြင့် အရွယ်မရောက်သေးသော ကလေး သူငယ်များကို ကလေးလုပ်သားအဖြစ် ခိုင်းစေမှုများပပျောက်စေနိုင်သည် ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။   

No comments:

Post a Comment