Thursday, May 1, 2014

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများကို အမြဲ အဆင်သင့်ဖြစ်နေစေရန် လိုအပ်

နေပြည်တော် ဧပြီ ၃၀
အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၄)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲကကျင်းပရာ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက်မိန့်ခွန်းပြောကြားသည်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေး ကြိုတင် ကာကွယ်ရေး ကော်မတီများမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ ဘူမိပထဝီအနေအထားပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပွားရသည့်သဘာဝ ဘေးအန္တရာယ်များနှင့် ဓာတုစက်မှုနည်းပညာဆိုင်ရာ မတော်တဆမှုများ၊ လုံခြုံရေးနှင့် သက်ဆိုင်သည့်ဖြစ်စဉ် များကြောင့် ဖြစ်ပွားရသည့် လူတို့ဖန်တီးသည့်ဘေးအန္တရာယ်များသည် ကမ္ဘာ့နိုင်ငံများ၏ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မမျှော်လင့်ဘဲ ဘေးအန္တရာယ်ကျရောက်သည့်အချိန်တွင် ကြံ့ကြံ့ခံတုံ့ပြန်နိုင်ရေးအတွက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချပြီး ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ 
အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့်အဆင့်(၄)ဆင့် ပါဝင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်ကို အရည်အသွေးမီထူထောင်လျက် တစ်မျိုးသားလုံးနိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအပါအဝင် ဘေးအန္တရာယ်များကြောင့် အသက်ဆုံးရှုံးခြင်း၊ အိုးအိမ်နှင့်အသက်မွေးမှုလုပ်ငန်းများ၊ သီးနှံရိက္ခာများ၊စားဝတ်နေရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာ န်ဆုံးရှုံးခြင်းများ စသည့် ချက်ချင်း လတ်တလော ဆုံးရှုံးမှုများအပြင် အသက်မွေးမှု လုပ်ငန်းအခြေခံများပျက်စီးခြင်း၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ထိခိုက်ခြင်း၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး အစရှိသော အခြေခံအဆောက်အအုံများ ပျက်စီး ဆုံးရှုံးခြင်း၊ စိုက်ပျိုးမြေ၏ သဘာဝများ ပျက်စီးခြင်း၊ သောက်သုံးရေ၏အခြေခံများ ပျက်စီးခြင်း၊ ကူးစက်ရောဂါများ ပျံ့နှံ့ခြင်း စသည့်ကာလအတန်ကြာ ထိခိုက်မှုများကိုပါ ဖြစ်ပေါ်စေပါကြောင်း။
ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည်-
(က) သဘာဝဘေးဒဏ်ခံရသောဒေသ၏ပျော့ကွက်၊ အားနည်းချက်များ ရှိနေမှု အတိုင်းအတာနှင့် လူနေမှုအစိပ်အကျဲ၊
(ခ) ကြိုတင်စီမံပြင်ဆင်ထားမှုအခြေအနေ၊
(ဂ) ကျရောက်သော သဘာဝဘေးအမျိုးအစားနှင့် ပြင်းအားအတိုင်းအဆဟူသည့် အချက် (၃)ချက်အပေါ် မူတည်ပါ ကြောင်း။
အကောင်းဆုံး သင်ခန်းစာ ဖော်ထုတ်ဤ အချက်(၃)ချက်အနက် တတိယအချက်ကို မိမိတို့ဖန်တီးပြုပြင်နိုင်မည် မဟုတ်သော်လည်း ပထမနှင့်ဒုတိယအချက်များဖြစ်သည့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် မိမိတို့ပါဝင်ရသည့်အခန်းကဏ္ဍကို လူထုက သိရှိနားလည်ပြီး နိုးကြားစွာပါဝင်ပူးပေါင်းမှုဖြင့် ကြိုတင်မျှော်တွေးပြင်ဆင်ခြင်းများကိုမူ သုံးသပ်လေ့လာမှု၊ ဉာဏ်အမြော် အမြင်ရှိမှု၊ အသိပညာကြွယ်ဝမှု၊ လုံ့လဝီရိယရှိမှုတို့ဖြင့် ထိရောက်စွာအကောင်အထည်ဖော်နိုင်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များနှင့် အတွေ့အကြုံများမှ အကောင်းဆုံး သင်ခန်းစာ ဖော်ထုတ်လျက် မိမိတို့နိုင်ငံတစ်ဝန်းဒေသအလိုက်ရေမြေသဘာဝနှင့် ကိုက်ညီသည့်အစီအမံများ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
သဘာဝဘေးခံရသည့်ဒေသ၏ အကျယ်အဝန်းနှင့်ပျက်စီးဆုံးရှုံးမှုပမာဏအရ အခြေအနေနှစ်မျိုးဖြင့် ရင်ဆိုင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပထမအခြေအနေမှာသဘာဝဘေးကျရောက်မှု အရွယ်အစားများအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့အနေဖြင့် အဓိကအခန်းကဏ္ဍမှဖြေရှင်းဆောင်ရွက်နိုင်ပြီး ဗဟိုမှပံ့ပိုး ကူညီမှုသာ ဆောင်ရွက်ပေးရသည့် အခြေအနေနှင့် ဒုတိယအခြေအနေမှာ သဘာဝဘေး ကျရောက်မှု အရွယ်အစားကြီးမားပြီး ပျက်စီးဆုံးရှုံးမှုများပြားသဖြင့် ဗဟိုကအဓိကအခန်းကဏ္ဍမှ တာဝန်ယူ စီမံကွပ်ကဲ လုပ်ကိုင်ရလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှပံ့ပိုးကူညီမှုသာ ဆောင်ရွက်ရသည့် အခြေအနေ တို့ပင် ဖြစ်ကြောင်း။
ယင်းအခြေအနေနှစ်မျိုးအတွက် မျှော်မှန်းလျက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား အဆင့်ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးသည်လည်းကောင်း၊ ဝန်ကြီးဌာနများနှင့် ယင်း၏ လက်အောက်ခံ ဌာနများသည် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသည် လည်းကောင်း၊ မြို့နယ် အသီးသီးသည်လည်း ကောင်း၊ ရပ်ကွက်/ကျေးရွာနှင့် အောက်ခြေအဖွဲ့အစည်းများသည်လည်းကောင်း၊ မိမိတို့ရေးဆွဲထားသည့် စီမံချက်များ စံပြုလုပ်ငန်းစည်းမျဉ်းများအတိုင်း လုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလုံးစုံပါဝင်ခြင်း၊ တီထွင်တိုးတက်မှုရှိခြင်း၊ ဘေးဖြစ်နိုင်ခြေပေါ်မူတည်ခြင်း၊ ပေါင်းစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပညာရပ် ဆိုင်ရာကျွမ်းကျင်မှုရှိခြင်းဟူသောဥပဒေသများကို အခြေခံဖော်ဆောင်သွားရန်ဖြစ်ပါကြောင်း။
အန္တရာယ်ဖြစ်ပွားမှုလျော့ပါးရေးနှင့်ကြိုတင်ကာကွယ်ရေးစီမံဆောင်ရွက်ခြင်းအပိုင်းတွင် ဘေးအန္တရာယ် အမျိုးအစား အလိုက် ကျရောက်နိုင်သောဒေသများကိုဖော်ထုတ်ခြင်း၊ ကျရောက်နိုင် သည့်သဘာဝဘေး၏ အတိုင်းအဆ၊ သဘာဝဘေးကျရောက်သောဒေသ၏ လူမှုစီးပွားဘ၀အခြေအနေနှင့်အားနည်းပျော့ကွက်များပါ ဖော်ထုတ်လေ့လာပြီး ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်လျော့ပါးရေးအစီအမံများကိုပါ တစ်ပါတည်း ဦးစားပေးအဆင့်လိုက် အလေးထားထည့်သွင်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွင် ကြိုတင်သတိပေးစနစ်များသတ်မှတ်ခြင်း၊ အချင်းချင်းဆက်သွယ်ရန် သတ်မှတ်ထား သော ဆက်သွယ်မှုစနစ်များ သတ်မှတ်ထူထောင်ပေးခြင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ် များနှင့် ပတ်သက်၍မီဒီယာများမှ လူထုအားအသိပေးခြင်း၊ အန္တရာယ်ကင်းလွတ်ရာသို့ ကယ်ဆယ် ရွှေ့ထုတ်ရေးအတွက် စီမံချက်ရေးဆွဲလေ့ကျင့်ထားခြင်း၊ အရေးပေါ်ကာလ အတွက်လိုအပ်မည့် ရိက္ခာ၊ ရေ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းအစရှိသည်များအား တတ်နိုင်သမျှ အသင့်သိုလှောင်ထားခြင်း၊ မသိုလှောင်ထားနိုင်ပါကလည်း ရနိုင်သောနေရာများနှင့် သယ်ယူပို့ဆောင်နိုင် မည့်အစီအစဉ်များ သတ်မှတ်ထားခြင်း၊ အရေးပေါ်ကာလကွပ်ကဲမှုအဖွဲ့များအား ကြိုတင်ဖွဲ့စည်း လေ့ကျင့်ထား ခြင်းများကို ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
အရေးပေါ်တုံ့ပြန်ခြင်းအပိုင်းတွင် ရှာဖွေကယ်ဆယ်ရေး၊ အသက်ရှင်ကျန်ရစ်သူတွေ ဆက်လက် အသက်ရှင်သန် စေရန်အတွက် အမိုးအကာအောက်အမြန်ဆုံးရောက်ရှိပြီး နွေးထွေးလုံခြုံသည့် စောင့်ရှောက်မှုရရှိစေရေး၊ အရေးပေါ်ထောက်ပံ့ရေး၊ စားဝတ်နေရေးအတွက် လိုအပ်ချက်များနှင့်အညီ ကူညီထောက်ပံ့မှုပြုရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။
ဘေးသင့်ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံပြည့်ဝသည့် အခြေအနေရှိပြီဆိုပါက ၄င်းတို့တွက် မူလအခြေအနေထက်ပိုမိုကောင်းမွန်သည့်ဘ၀ ရရှိစေရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း။
ပြန်လည်ထူထောင်ရေးအပိုင်းတွင် ရည်မှန်းချက်တာဝန်အလိုက် ဆောင်ရွက် သွားရမည့် အဖွဲ့အစည်း၊ ၄င်းတွင် ပါဝင်မည့်ပုဂ္ဂိုလ်များနှင့် တစ်ဦးချင်းတာဝန်၊ ဆက်သွယ်မှုစနစ်၊ အုပ်ချုပ်ထောက်ပံ့မှုပိုင်းဆိုင်ရာ တာဝန်သတ်မှတ် ချက်များ၊ အဆင့်ဆင့်ကွပ်ကဲရမည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စသည်တို့ ပါဝင်ရမည် ဖြစ်ပြီး အခါအားလျော်စွာ လက်တွေ့စုဖွဲ့လေ့ကျင့်ရမည့်အစီအမံများလည်း ပါရှိရမည်ဖြစ်ပါကြောင်း။
သဘာဝဘေးကြုံတွေ့နေချိန်တွင် ပြည်တွင်းစွမ်းအားစုများကို လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့တွင် ရှိပြီးဖြစ်သည့် လူ့စွမ်းအားအရင်း အမြစ်များ၊ အခြေခံအဆောက်အအုံများ၊ အသုံးပြုနိုင်မည့် ပစ္စည်းကိရိယာများကို ဖော်ထုတ် သိရှိထားပြီး လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရမှာဖြစ်ပါကြောင်း၊ မိမိတို့၏ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများကို အမြဲ အဆင်သင့်ဖြစ်နေစေရန် လိုအပ်ချက်တွေရှိပါကလည်း ဖြည့်ဆည်း ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ 
အရေးကြီးလျှင် သွေးနီးတတ်သည့်ညီညွတ်ရေးစိတ်ဓာတ်၊ ဘေးဒုက္ခ ရောက်သူကို ကူညီပေးချင်သော လူမှုရေးစိတ်ဓာတ်များကို လှုံ့ဆော်ပေးပြီး လူထုအားကိုစုစည်းရယူ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါကြောင်း။
ပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်း များနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသအတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်သဖြင့်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့၏လိုအပ်ချက်များကို တင်ပြဆောင်ရွက်ရန် ဖြစ်ကြောင်း။ ဘေးဖြစ်သည့်ဒေသမှာ အုပ်ချုပ်ရေးယန္တရားမပျက်ပြား၊ မထိခိုက်စေရေးအတွက် အရန်အုပ်ချုပ်ရေး စနစ်ကိုလည်း စီမံထားရှိပြီး ဘေးသင့် ဒေသ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိစေရေးနှင့် အသုံးတည့် စေရန်အတွက် လည်းကောင်း ပေါင်းစပ်ညှိနှိုင်း စီမံပေးရန်လိုပါကြောင်း။
မိမိတို့အစိုးရအဖွဲ့စတင်တာဝန်ယူစဉ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားရာတွင် လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် သဘာဝ ဘေးအန္တရာယ် ရေရှည်ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်သည့်အစီအမံများကိုပြန်လည်သုံးသပ်ကာ ပြင်ဆင် ဆောင်ရွက် နိုင်ရန် ထည့်သွင်းမိန့်ကြား ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction-MAPDRR) ကို ၂၀၁၂ခုနှစ် ဇွန်လမှာနိုင်ငံတော်အစိုးရကအတည်ပြုပေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ အဖွဲ့အစည်းများ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့အပြင် မြန်မာနိုင်ငံအတွင်း ထိရောက်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ (Disaster Management Law) ကိုလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဆက်လက်ရေးဆွဲလျက်ရှိရာ အမြန်ဆုံးထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်နေသည့်အချိန်တွင် သဘာဝဘေးအန္တရာယ်များကြောင့် “လှေလှော်ရင်း တက်ကျိုး”ဆိုသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို နှောင့်နှေးထိခိုက်မှုမရှိရအောင် စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ 
ကြိုတင်ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် အဆင့်(၄)ဆင့် အတိုင်း ကောင်းစွာကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှု လျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မှာဖြစ်သကဲ့သို့ ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အချိတ်အဆက် မိမိဖြင့် လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင် မှာဖြစ်ပါ ကြောင်း။
သို့ဖြစ်ပါ၍ အစည်းအဝေး တက်ရောက်လာကြသည့်သူများ အနေဖြင့်ရှေ့ဆက် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မိမိတို့၏လုပ်ငန်းအတွေ့အကြုံ၊ အသိအမြင်များနှင့်အတူ ရှုထောင့်စုံက တင်ပြဆွေးနွေးပေးကြပါရန်နှင့် တင်ပြဆွေးနွေးချက်များအပေါ်မူတည်ပြီး ချမှတ်ပေးအပ်ခံရသည့် တာဝန်များ ကိုလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေကသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဒေသတွင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် မကျရောက်မီအဆင့်၊ သဘာဝဘေးအန္တရာယ် ကျရောက်နေစဉ်အဆင့်နှင့် ကျရောက်ပြီး အဆင့်ဟူ၍ အဆင့်သုံး ဆင့်ခွဲခြားထားပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လျော့ပါး သက်သာစေရေး လုပ်ငန်းများ၊ ရပ်ရွာလူထု စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးမှု စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အလှည့်ကျ ဖွင့်လှစ်ဆောင်ရွက်ပေးနေပါကြောင်း၊ လူ့အသက်ဆုံးရှုံးမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ရရှိပြီးသည့်ဖွံ့ဖြိုးမှုအရှိန်အဟုန်များကို အကာအကွယ်ပေးနိုင်ပြီး ပိုမိုဘေးကင်းလုံခြုံ၍သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသည့်နိုင်ငံဖြစ်လာစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူနှင့်တစ်သားတည်းပူးပေါင်းပြီး ဘက်စုံ၊ ကဏ္ဍစုံ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို မိမိတို့ သက်ဆိုင်ရာကဏ္ဍများ အလိုက်ရှင်းလင်း ဆွေးနွေးကြပြီး တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီဝင်ဝန်ကြီးများက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၌ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment