Thursday, May 1, 2014

ဘဝလမ်းမပေါ်က အိတ်ဆွဲလေးများ

ချမ်းသာ (မိတ္ထီလာ)
ကျွန်တော်တို့ မြို့လေးသည့် အညာဒေသမြို့ လေးဖြစ်ခြင်းကြောင့် နွေအပူဒဏ်ကို တခြားဒေသများထက် ဒေသခံများ နေ့စဉ် ပိုမိုခံစားကြရသည်။ အရက်သေစာသောက်စားလွန်သူတချို့နှင့် သက်ကြီးရွယ်အို တချို့တလေ၏ ဘဝများသည် နွေအပူတွင် ရေစုန်မျှော ဆုံးရှုံးသွားသည်ကို ကြားတွေ့ရလေသည်။ တချို့တလေက နွေအပူဒဏ်ကို နည်းအမျိုးမျိုးဖြင့် အံတုကြလေသည်။ ထိုသူများအထဲတွင် ကျွန်တော် နေ့စဉ်မြင်တွေ့နေရသည့် အိတ်ဆွဲလေးများ တော့ မပါဝင်ပေ။

အိတ်ဆွဲလေးများသည် နေ့စဉ်နံနက်လင်းသည်နှင့် မြို့ကလေး၏ ဈေးကြီးအတွင်းသို့ အိတ်ကိုယ်စီဖြင့် ရောက်ရှိလာကြသည်။ နေ့လယ်ပိုင်းတွင်လည်း အိတ်ဆွဲလေးများကို ဈေးပတ်ဝန်းကျင် နေပူပူထဲတွင် တွေ့မြင်ရသည်။ အိတ်တစ်လုံးစီကို ပခုံးတစ်ဖက်စီ ထမ်းတင်လျက် ပစ္စည်းတို၊ ပစ္စည်းစ၊ ဒန်တိုဒန်စ၊ ပုလင်းငယ်၊ ပုလင်းကြီး၊ ဗူးခွံဗူးလွတ် အိတ်တိုအိတ်စ ရောင်းချလို့ရနိုင်မည့် အရာမှန်သမျှကို ပိုင်ရှင်စွန့်ပစ်ထားသည့် နေရာများတွင် မွှေနှောက်ရှာဖွေ ကောက်ယူစုဆောင်းခြင်းအလုပ် လုပ်ကိုင်ကြလေသည်။
အညာနွေ၏အပူသည် သာမန်ထက် ပိုပူသော်လည်း  အိတ်ဆွဲလေးများ ဘဝဝမ်းစာရှာဖွေမှုအပူကိုမူ မကျော်လွန်နိုင်။ နေအပူထက် အိတ်ဆွဲလေးများအဖို့ တစ်နေ့စာဝမ်းစာလုံလောက် ဖူလုံနိုင်ရေးအတွက် ပိုပူကြရသည်။  တချို့တလေ လူတို့က အိတ်ဆွဲလေးများကို နှာခေါင်းရှုံ့ကြ၊ ပစ်ပယ်ကြသော်လည်း အခြေခံလူတန်းစားဘဝကို နားလည်သူ တစ်နေ့လုပ်တစ်နေ့စား ဈေးထဲမှ ဈေးရောင်းသူတချို့ကမူ  အိတ်ဆွဲလေးများ၏ ဘဝကို နားလည်စာနာကြသည်။ အိတ်ဆွဲလေးများသည် ကျောင်းမနေ ပညာမတတ်။ တချို့က လမ်းပေါ်မှာဖြစ်သလိုနေသည်။ တချို့က မိဘအုပ်ထိန်းသူမဲ့ ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနေကြသူများ ဖြစ်သည့်အလျောက် အလွယ်တွေ့လျှင် ပစ္စည်းတို ပစ္စည်းစကို ပိုင်ရှင်မသိအောင်ဆွဲယူသွားတတ်ကြသဖြင့် တချို့ လူများက နှာခေါင်းရှုံ့ကြခြင်းဖြစ်သည်။ တချို့ အိတ်ဆွဲလေးများသည်က မိမိလိုချင်သည့်အရာကို စွန့်ပစ်ထားသည့် အမှိုက်ခြင်းထဲမှပင်ဖြစ်စေ အနီးအနားရှိ ပိုင်ရှင်ဖြစ်သူများအား ဦးလေး၊ ဒေါ်လေး အမှိုက်ထဲက ပစ္စည်းရှာမယ်နော်ဟု ပြောဆိုခွင့်တောင်းရှာဖွေသည့်အထိ ရိုးသားကြလေသည်။ ထိုကြောင့် အခြေခံလူတန်းစားဘဝတူ လူတချို့က အိတ်ဆွဲလေးများကို စာနာနားလည်မှု ဖြစ်ကြသည်။
ကျွန်တော်မြင်တွေ့မိသည့် အိတ်ဆွဲလေးများသည် အသက်အရွယ်အားဖြင့် ၁ဝ နှစ်၊ ၁၁ နှစ်၊ ၁၃ နှစ် ဝန်းကျင် အရွယ်ကောင်း ကလေးငယ်များဖြစ်ပြီး ကျောင်းစာသင်ခန်းထဲတွင် ရှိသင့်သည့်အရွယ်ဖြစ်သော်လည်း ဘဝပေး အခြေအနေအရ လမ်းပေါ်တွင် ပစ္စည်းတို ပစ္စည်းစ ရှာဖွေစုဆောင်းသူများ ဖြစ်နေကြရလေသည်။ နေပူပူတွင် ဖိနပ်မပါ ခြေဗလာနှင့် ဘဝခရီးကို ဖြတ်သန်းနေသူ အိတ်ဆွဲလေးများရှိသကဲ့သို့  ခြေထောက်တွင် ကျွဲတစ်ဖက် နွားတစ်ဖက် (အမျိုးအစားမတူသည့် ဖိနပ်တစ်ရံ)ကို စီးနင်းကာနေပူထဲ လျှောက်လမ်းသည့် အိတ်ဆွဲလေးများလည်း ပါဝင်လေသည်။
ကျွန်တော်တို့ မြို့ လေးကဲ့သို့  ရောက်ဖူးသောမြို့များတွင် အိတ်ဆွဲလေးများကို တစ်ဦးချင်းစီသော်လည်းကောင်း၊ နှစ်ဦး၊ သုံးဦးပါဝင်သည့်အဖွဲ့ငယ်မှ လေးငါးခြောက်ဦးအထိ ပါဝင်သည့် အိတ်ဆွဲလေးများအဖွဲ့ကိုလည်း တွေ့မြင်ရပါသည်။
ဘဝနောက်ခံအကြောင်းမလှ၍  အတန်းပညာမတတ်၊ လူတချို့က ပစ်ပယ်ထားသည့် စည်းတစ်ဖက်မှ အိတ်ဆွဲလေးများ သည်လည်း နိုင်ငံ၏ အနာဂတ်တွင် ပါဝင်လာမည့် လူ့စွမ်းအား အရင်းအမြစ်တစ်ခုပင် ဖြစ်ပါသည်။ ဘက်စုံထူးချွန်သည့် လူရည်ချွန် လူငယ်များကို ချီးမြှင့်မြှောက်စားနေသည့် အချိန်တွင် အိတ်ဆွဲလေးများ၏ ဘဝအနာဂတ်ကိုမူ ဥပေက္ခာပစ်ထားရန်မသင့်ဟု မိမိတစ်ဦးတည်းအမြင်ဖြင့် ထင်မြင်မိပါသည်။

ဘက်စုံထူးချွန်သည့် လူရည်ချွန်များသည်  အနာဂတ်နိုင်ငံတော်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့်တိုင်းကျိုး ပြည်ပြုကဏ္ဍတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည့်သူများဖြစ်လာမည် ဖြစ်သကဲ့သို့ အိတ်ဆွဲလေးများ၏ဘဝများကို ပညာသင်ယူခွင့် အခွင့်အရေးများ ဖန်တီးပေးလျက်၊ သင့်လျော်လျောက်ပတ်သော အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ပေးလျက် ဘဝလမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပရဟိတဆောင်ရွက်လိုသူ စေတနာရှင်များမှ  ဝိုင်းဝန်းစဉ်းစား အရေးတယူ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။  သို့မှသာ အနာဂတ်တိုင်းပြည် အတွက် အားကိုးအားထား ပြုနိုင်မည့် လူကောင်းလူတော်လေးများအဖြစ် အိတ်ဆွဲလေးများရောက်ရှိလာချိန်တွင် ဘက်စုံထူးချွန် လူရည်ချွန်လူငယ်များနှင့်အတူ အနာဂတ်တွင် လက်တွဲညီညာချစ်ခင်စည်းရုံးစွာဖြင့် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ကြမည်ဖြစ်ပါသည်။

No comments:

Post a Comment