တက္ကသိုလ်မြတ်သူ
လူငယ်လူရွယ်တို့သည် နုပျိုလန်းဆန်းသည်၊ တက်ကြွဖျက်လတ်သည်။ ခွန်အားပြည့်၍ ကြံ့ခိုင်သည်။
စူးစမ်းလေ့လာတတ်သည်။ စွန့်စားလိုကြသည်။ အသိပညာ အတတ်ပညာတို့ကို စူးစိုက်လေ့လာတတ်သဖြင့်
အသိဉာဏ်ပညာ အားကောင်းသည်။ ဤသို့သော အရည်အချင်းကောင်းများနှင့် ပြည့်စုံသဖြင့် လူငယ်လူရွယ်တို့ကို
အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်ကောင်းများ၊ ပညာရှင်လောင်းများအဖြစ် နိုင်ငံက အားထားစမြဲ
ဖြစ်ပေသည်။
အမေရိကန် ပြည်ထောင်စု သမ္မတကြီး ရုစဗဲ့လ်သည် တစ်နေ့သောအခါ ကျေးရွာ မူလတန်းကျောင်းတစ်ခုသို့
ခရီးကြုံ ဝင်ရောက်ကြည့်ရှု စစ်ဆေးသည်။ စာသင်ခန်း တစ်ခုအတွင်း သမ္မတ ရုစဗဲ့လ် ဝင်ရောက်သွားသောအခါ
ကျောင်းသား ကျောင်းသူလေးများက မတ်တတ်ရပ်ကြ၏။ သမ္မတက ၎င်း၏ ဦးခေါင်းမှ ဦးထုပ်ကို ဆွဲချွတ်ကာ
ကျောင်းသား ကျောင်းသူများကို ဦးညွတ် အလေးပြုလိုက်သည်။ ဤတွင် မူလတန်း ကျောင်းသားလေးတစ်ဦးက
“သမ္မတကြီးခင်ဗျား။ သမ္မတကြီးဟာ အမေရိကန် ပြည်ထောင်စုရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်လို့ ကျွန်တော်တို့ကို
ဆရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သမ္မတကြီးကို စတင်အရိုအသေပေး အလေးပြုရမှာပါ။
အခု သမ္မတကြီးက ကျွန်တော်တို့ကို စတင် အလေးပြုလိုက်တာ မှားသွားပြီလို့ ထင်ပါတယ်” ဟု
ပြောလိုက်ရာ သမ္မတ ရုစဗဲ့လ် “ကလေးတို့ အခု ငါ သမ္မတ ဖြစ်နေပြီ။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့
ကလေးတို့လို ကျေးရွာမူလတန်း ကျောင်းက ကျောင်းသားလေးတစ်ယောက်ပါပဲ။ မူလတန်းကျောင်းကတည်းက
စာကြိုးစား၊ အနေအထိုင် ကောင်းအောင်နေ၊ လေ့လာဆည်းပူးလို့ အခုလို သမ္မတ ဖြစ်လာတာပါ။ ကလေးတို့လည်း
တစ်နေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ ဝန်ကြီးတွေ၊ သမ္မတတွေ ဖြစ်လာနိုင်ကြတယ်။
အခု ဒီအတန်းထဲက ကလေးတွေ သမ္မတဖြစ်လာရင် င့ါထက် အရည်အချင်းပိုတော်တဲ့ သမ္မတ ဖြစ်နိုင်တယ်။
ဒါကြောင့် နိုင်ငံရဲ့ အကောင်းဆုံး၊ အတော်ဆုံး သမ္မတတွေ၊ ခေါင်းဆောင်တွေ၊ ပညာရှင်ကြီးတွေ
ဖြစ်လာမယ့် အနာဂတ် အညွန့်၊ အဖူးလေးတွေကို အခုကတည်းကကြိုတင်ပြီး အလေးပြုလိုက်ရတာပါ”
ဟု ရှင်းပြလိုက်လေသည်။
ကမ္ဘာ့နိုင်ငံတိုင်းမျာပင် မိမိတို့ နိုင်ငံ၏ အနာဂတ်ကို ပခုံးထမ်းလွှဲယူ ဦးဆောင်မည့်
ယနေ့ ကျောင်းသားလူငယ်များကို မျှော်လင့်တကြီးဖြင့် ပြုစုပျိုးထောင်ကြပေသည်။ လူငယ်တို့၏
ကောင်းမြတ်သော နုပျိုလန်းဆန်းတက်ကြွဖျတ်လတ် ခြင်း၊ စူးစမ်းလေ့လာခြင်း၊ စွန့်စားတတ်ခြင်း၊
ခွန်အားတောင့်တင်းကြံ့ခိုင်ခြင်း၊ ရိုးသား၍ အပြစ်ကင်းခြင်း စသည့် အရည် အချင်းများသည်
လမ်းကောင်းလမ်းမှန်ပေါ် လျှောက်လှမ်းအားထုတ်ကြခြင်းဖြင့် ပိုမို တောက်ပြောင်ပြည့်ဝလာနိုင်
ပေသည်။
ကိုယ်ကျင့်တရားပိုင်းတွင် ပတ်ဝန်းကျင်၏ လှုံ့ဆော်သွေးဆောင်မှု၊ မိမိစိတ် အလိုကို
မဆင်မခြင် လိုက်ပါမှုကြောင့် ယိုယွင်းအကျင့်ပျက်တတ်ပေသည်။ မိမိတို့ ကျောင်းပညာအလုပ်ခွင်
ပညာများကို ကြိုးကုတ်ဆည်းပူးနေရ၍ မိမိတို့ မလေ့လာ၊ မသိကျွမ်းနိုင်သေးသော နိုင်ငံရေးနယ်ပယ်၌
မလည်မဝယ် အသုံးချခံကြရမည်ဆိုလျှင်၊ ပြည်ပမှ သရုပ်ပျက် ယဉ်ကျေးမှုများကို အတုယူ ယဉ်ပါးသွားမည်ဆိုလျှင်
အပြစ်ကင်း၍ ထက်မြက်လှသော လူငယ်တို့ဘဝလမ်းကြောင်း မဖြောင့်ဖြူး၊ မသာယာနိုင်တော့ပေ။
နိုင်ငံခြားရုပ်ရှင်များမှ သရုပ်ပျက်မှုများ၊ လမ်းသရဲများကို အထင်ကြီးအားကျတုပ၍
ရေလိုက်လွဲခဲ့သော လမ်းသရဲ လူငယ်အုပ်စုများ ၁၉၅၀ ပြည့်နှစ်တစ်ဝိုက်က ထကြွမင်းမူခဲ့သည်။
စာနယ်ဇင်းများက ဝေဖန်ရှုတ်ချရေးသားခဲ့ရသည်။ မိဘနှင့် ဆရာများ လူမှုရေး အဖွဲ့များက ပြန်လည်စည်းရုံး
သိမ်းသွင်းခဲ့ကြရသည်။ အုပ်စုချင်း ချိန်ကာ ရိုက်ကြနှက်ကြ၊ မလိုသူကို ဝိုင်းရိုက်၊ ဆေးလိပ်၊
အရက်၊ မူးယစ်ဆေးဝါးများသုံးစွဲ ပျက်စီးကြသည်။ အရက်ဖိုး၊ ဆေးလိပ်ဖိုး၊ ဘိန်း(မူးယစ်ဆေး)
ဖိုး မရှိလျှင် မိမိအိမ်မှ ပစ္စည်းဖြစ်စေ၊ တခြားသူ၏ ပစ္စည်းကိုဖြစ်စေ ခိုးဝှက်လာတတ်ကြသည်။
ဥပဒေ စိုးမိုးရေး တာဝန်ယူရသော ရဲ၊ တရားရုံး၊ အကျဉ်းထောင်တို့က အရေးယူ အပြစ်ပေးခဲ့ရသည်။
ထိုစဉ်က ရန်ကုန် တက္ကသိုလ်မှ ဆရာ ဦးကျော်ဝင်း၊ ဆရာမ ဒေါ်ခင်မြလွင်တို့ ဦးဆောင်ကာ ဆရာ၊
ကျောင်းသားများ စုပေါင်းလေ့လာပြီး လမ်းသရဲဂိုဏ်းများ အကြောင်း သုတေသန ပြုခဲ့သည်ကို
ကျွန်တော် လုပ်ကိုင်ခဲ့သော ကြေးမုံသတင်းစာ၌ သတင်းဖော်ပြခဲ့ဖူး၏။ ဖူမန်ချူးဂိုဏ်း၊ စိန်ဂေါ်လီဂိုဏ်း၊
ကျွဲရိုင်းဂိုဏ်း၊ ဒယ်နီဇူးလူးဂိုဏ်း၊ ရှပ်(ခ)(ငါးမန်း)ဂိုဏ်း၊ စိန်ရဲတင်းဂိုဏ်း၊ လမ်းဘီးလူးဂိုဏ်း
စသည်တို့သည် ၁၉၆၀ ပြည့်နှစ်တစ်ဝိုက်အထိ သောင်းကျန်းခဲ့သည်။
ခေတ်အဆက်ဆက် ကျောင်းသားလူငယ်များကို ပညာရေးလမ်းကြောင်းမှ သွေဖည်မသွားအောင် တည့်မတ်ပေး
လိုသည့် လူမှုရေး အဖွဲ့များ၊ မိဘဆရာအသင်း၊ ကျောင်းကောင်စီ စသည်တို့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။
လူရည်ချွန် စီမံကိန်း၊ ကြက်ခြေနီ လူငယ်စသည့် စီမံချက်များဖြင့်လည်း လူငယ်များကို လမ်းမှန်ပေါ်
လျှောက်ရန် တည့်မတ်ပေးခဲ့ ကြရ၏။ နိုင်ငံရေး အစိုးရများကလည်း သန်ရာသန်ရာ လူငယ်၊ ကျောင်းသားအဖွဲ့များ
ဖွဲ့ကြသည်။ ဝါဒစုံ ကွဲသော နိုင်ငံ တွင် လူငယ်၊ ကျောင်းသားအဖွဲ့များလည်း မိမိတို့အား
ဦးဆောင်ဖွဲ့စည်းသည့် ပါတီဂိုဏ်းဂဏများ၏ အသုံးချခံ အဖွဲ့အစည်းများ ဖြစ်လာခဲ့သည်။ အဖွဲ့မျိုးစုံ
ကွဲခဲ့ပေသည်။
ပညာရှာအရွယ် လူငယ်ကျောင်းသားများသည် နိုင်ငံတော်၏ အနာဂတ်တွင် ပွင့်လန်းမွှေးကြိုင်မည့်
အညွန့်၊ အဖူး၊ အငုံများဖြစ်ရာ ပညာကို အဓိက (ငြိမ်းချမ်းဖြောင့်တန်းစွာ) လေ့လာဆည်းပူးပြီး
မြန်မာနိုင်ငံတော်ကြီး ခေတ်မီ အဆင့် အတန်း မြင့်စွာ ကမ္ဘာနှင့် ရင်ပေါင်တန်းပြီး ဖွံ့ဖြိုးတိုးတက်အောင်
မိမိတို့ ပညာစွမ်းဖြင့် မြှင့်တင်ပေးရမည့် သူများ ဖြစ်ပေသည်။ ယနေ့ ဖွံ့ဖြိုးတိုးတက်
ချမ်းသာကြွယ်ဝသွားသော နိုင်ငံများကို ကြည့်လျှင် ပညာရေး၊ ပညာရပ်ကို အလေးထား ပြုစုပျိုးထောင်ကြသည်။
လုပ်အားကိုယ်စီဖြင့် ကြိုးမ်းကြသည်။
ယနေ့ခေတ် လူငယ် (မူလတန်းအရွယ်/အချို့မူကြိုအရွယ်) များသည် ကွန်ပျူတာကို ကိုင်တတ်၊
သုံးတတ်နေကြပေ ပြီ။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အတိတ်ကောင်း၊ နမိတ်ကောင်း ဖြစ်လေသည်။
ယခုအခါ ပညာရည် ထူးချွန်ထက်မြက်သော ပညာသင်များအတွက် လူရည်ချွန် ထူးချွန်ထက်မြက်သော ပညာသင်များအတွက်
လူရည်ချွန်များ ရွေးချယ်ဂုဏ်ပြုနေသည်ကို တွေ့ရသည်။ ကျွန်တော် သတင်းစာများတွင်အချိန်ပြည့်
တာဝန်ယူခဲ့ရ သဖြင့် ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီ ပညာရေးဌာနက လူရည်ချွန် စီမံကိန်း
စတင်ဆောင်ရွက်ခဲ့သော သတင်း၊ နှစ်စဉ် လူရည်ချွန်များ ရွေးချယ်ခဲ့ပြီး ငပလီ ရွှေဝါချိုင်စခန်း၊
အင်းလေးခေါင်တိုင် စခန်း၊ ကျိုက္ခမီ စက်စဲ စခန်း၊ ရန်ကုန် အင်းလျားလေး စခန်းများတွင်
အနားယူ အပန်းဖြေရင်း လေ့လာမှုများ ပြုလုပ်သွားခဲ့သည့် သတင်းများ၊ ဓာတ်ပုံများကို သတင်းစာများ၌
ဖော်ပြခဲ့ရသည်။ ၁၉၇၃ ခုနှစ် လူရည်ချွန်များ၏ အင်းလေးခေါင်တိုင် စခန်းသို့ ပညာရေး ဌာန
လူရည်ချွန်စီမံကိန်း ဗဟိုကော်မတီ၏ ဖိတ်ကြားချက်အရ ဒေါက်တာမောင်ဒီ၊ ဦးသောင်းထွဋ်တို့နှင့်
အတူ သွားရောက်ကာ လူရည်ချွန်များအား တွေ့ဆုံဟောပြောခဲ့ရသည်ကို မှတ်မိနေဆဲဖြစ်ပါသည်။
၁၉၆၄ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနကစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လူရည်ချွန်
စီမံကိန်း၏ ဦးတည်ချက် အနှစ်သာရမှာ အနာဂတ် ကာလတွင် လူရည်ချွန်များသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို
ဆက်လက် တည်ဆောက်သူများ၊ နိုင်ငံတော်နှင့် မြန်မာ့လူ့ဘောင်ကို ကာကွယ်စောင့်ရှောက်သူများ
ခေါင်းဆောင်မှုကို ဆက်ခံသူ များ၊ နိုင်ငံတော်၏ အမွေခံကောင်း သားသမီးများ ဖြစ်လာရေးတို့ပင်
ဖြစ်သည်။
လူရည်ချွန်စီမံကိန်း၏ ရည်မှန်းချက်တွင် ပညာရပ် ထူးချွန်ထက်မြက်သော လူငယ်များ
ပိုမိုများပြားစွာ ပေါ်ထွက်လာရန်၊ ဘက်စုံပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင်
အားကြိုးမာန်တက် ပါဝင်လှုပ်ရှားရန်၊ သစ်လွင်တိုးတက်သည့် အတွေးအခေါ်များ ရှင်သန်ကျယ်ပြန့်ပြီး
ဗဟုသုတ စုဆောင်းရှာဖွေမှု အလေ့အထ ထွန်းကားရန်၊ နိုင်ငံအတွက်စာရိတ္တကောင်းမွန်ပြီး မှန်ကန်သည့်
ပြိုင်ဆိုင်မှု ထွန်းကားရန်၊ အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်မှုတို့ကို ကျယ်ပြန့်စွာ
လှုပ်ရှားလုပ်ဆောင်လာရန်၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့ လူ့ဘောင် တည်ဆောက်ရာ၌ အမာခံ အင်အားစုများ
ဖြစ်ပေါ်လာရန်၊ လူရည်ချွန်များကို လူငယ်ကျောင်းသားထုက စံပြနမူနာ အဖြစ် အတုယူအားကျကြိုးပမ်းလာရန်
ဟူသည့် အချက် (၇)ချက် ပါဝင်သည်။
လူရည်ချွန်များကို တက္ကသိုလ်ကောလိပ်များ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ စက်မှုလက်မှု
သိပ္ပံများ၊ စိုက်ပျိုးရေး သိပ္ပံများ၊ ဆရာအတတ်သင် ကျောင်းများနှင့် ပြည်ထောင်စုတိုင်းရင်းသား
လူမျိုးများ ဖွံ့ဖြိုးရေး သိပ္ပံမှ ကျောင်းသားကျောင်းသူများအနက် ဘက်စုံထူးချွန်သူများကို
ရွေးချယ်ဂုဏ်ပြုသောအားဖြင့် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်း ဖြစ်သည်။ လူရည်ချွန်အဖြစ်
သတ္တမတန်း စာမေးပွဲ ဖြေဆိုသည့် အဆင့်မှ စတင်ရွေးချယ်သည်။
လူရည်ချွန် စီမံကိန်း စတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၆၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ
ကျောင်းသားကျောင်းသူ ပေါင်း ၆၁၆၂ ဦးကို ရွေးချယ်ဂုဏ်ပြုပြီး ဖြစ်သည်။ ယင်းတို့ထဲတွင်
ခြောက်ထပ်ကွမ်း(ခြောက်နှစ်ဆက် အရွေးခံရသည့်) လူရည်ချွန် ၁၂ ဦး၊ ငါးထပ်ကွမ်း လူရည်ချွန်
၄၄ ဦး၊ လေးထပ်ကွမ်း လူရည်ချွန် ၁၅၇ ဦး၊ သုံးထပ်ကျွမ်း လူရည်ချွန် ၄၄၆ ဦး၊ နှစ်ထပ်ကွမ်း
လူရည်ချွန် ၁၀၃၀ နှင့် ပထမအကြိမ် ရွေးချယ်ခြင်းခံရသော လူရည်ချွန် ၄၄၇၃ ဦးတို့ ပါဝင်သည်။
လူရည်ချွန်များ အပန်းဖြေရင်း လေ့လာကြသည့် စခန်းများမှာ ရခိုင်ပြည်နယ် ငပလီ ရွှေဝါချိုင်
လူရည်ချွန်စခန်း၊ ရှမ်းပြည်နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၊ မွန်ပြည်နယ် ကျိုက္ခမီ
စက်စဲ လူရည်ချွန်စခန်း၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မောင်းမကန် လူရည်ချွန်စခန်း နှင့်
ရန်ကုန်တိုင်းဒေသကြီး စုပေါင်း လူရည်ချွန်စခန်း တို့ ဖြစ်ကြ သည်။ နိုင်ငံ အကြီးအကဲကလည်း
လူရည်ချွန်များကို တွေ့ဆုံပြီး ချီးကျူးစကား ပြောကာ ဂုဏ်ပြုညစာ စားပွဲ တည်ခင်းလေ့ရှိသည်။
ထိုကာလများ၌ မြန်မာ့အသံမှ လူရည်ချွန် သီချင်းများ လွှင့်ထုတ်ကာ ပြည်ထောင်စု တစ်ဝန်းလုံး
ကြားသိဝမ်းသာ ပီတိဖြစ်စေခဲ့သည်။
ယနေ့ လူရည်ချွန်များ စတင်ရွေးချယ်
ချီးမြှင့်ဂုဏ်ပြုနေပြီ ဖြစ်ရာ အနာဂတ် မြန်မာ့ပညာရေး၊ အနာဂတ် နိုင်ငံတော် ခရီးအတွက်
အလားအကာကောင်း၊ အတိတ်ကောင်းဖြစ်၍ မင်္ဂလာရှိသော သတင်းကောင်း အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရကြောင်းပါး
ခင်ဗျား။ ။
No comments:
Post a Comment