Wednesday, April 30, 2014

ကျန်းမာရေးကဏ္ဍကို တကယ်အကျိုးပြုမည့် ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေပြီဖြစ်

နေပြည်တော် ဧပြီ ၂၉
အမျိုးသားကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယခင်အစိုးရလက်ထက်ရော ယခုအစိုးရ လက်ထက်ပါ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ နိမ့်ကျနေသည်ကို ဘက်ပေါင်းစုံမှ  ဝေဖန် ထောက်ပြနေသည်များကို ဆန်းစစ်ဆွေးနွေးနိုင်ရန်နှင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ရန်လိုအပ် သည့်နည်းလမ်းနှင့် အကြံဉာဏ်များရယူ ဆောင်ရွက်နိုင်ရန်နှင့် လက်တွေ့ ကျပြီး အကောင် အထည်ဖော်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး ရရှိနိုင်ရန်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရသစ် တာဝန်ထမ်းဆောင်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကျန်းမာရေး ၀န်ကြီးဌာနအတွက် ရန်ပုံငွေကို လေးဆ တိုးမြှင့်ပေးခဲ့သော်လည်း ပြည်သူလူထုကိုပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း သည် ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ရှိမြဲရှိနေဆဲ ဖြစ်သည်ကို ထောက်ပြနေကြပါကြောင်း။ ကျန်ရှိနေသေးသည့် အစိုးရသက်တမ်း နှစ်နှစ် တာကာလတွင် ရေတိုဆောင်ရွက်ပေးသည့် အပိုင်းအား မြန်မြန်ဆန်ဆန် အကောင်အထည် ဖော် ပေးသွားရန် လိုအပ်သကဲ့သို့ ရေရှည်ပြောင်းလဲမှုအတွက် လိုအပ်သော အုတ်မြစ်များကို ချမှတ် ဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း၊ ယခုခေတ်ကာလနှင့် ကိုက်ညီမှုရှိသည့် လက်တွေ့ ကျသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ရေရှည်ဆောင်ရွက်မည့် လုပ်ငန်း၊ ရေတို ဆောင်ရွက်မည့် လုပ်ငန်းဟူ၍  နှစ်ပိုင်းခွဲခြားသွားရန် လိုအပ်ပါကြောင်း။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ကျန်းမာရေးဘက်ဆိုင်ရာ ကော်မတီဝင်များနှင့် ပညာရှင်များ ပါဝင်သည့် လက်တွေ့ကျသော ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစည်း အဝေးတွင် နိုင်ငံတော်သမ္မတကြီး၏ မိန့်မှာကြားချက်များဖြစ်သည့် ကျန်းမာရေးကဏ္ဍတွင် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို ဆန်းစစ်လေ့လာ အကဲဖြတ်သွားရန်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ ကျေးလက်ကျန်းမာရေးပညာရှင်များပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့စည်းဆွေးနွေးဆောင်ရွက်ရန်၊ ဆွေးနွေးပွဲ ရလဒ်အရ လိုအပ်သော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် အဆင့်ဆင့်တင်ပြရန်၊ လက်တွေ့ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုမျိုး ပြုလုပ်ရန်၊ တစ်နှစ် ကလေး သေဆုံးမှု နှုန်း၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနငန်း၊ မိခင် သေဆုံးမှုနှုန်း ကျဆင်းစေရန်၊ သားဖွားနှင့် အရန်သားဖွားများ၊ ကျေးလက်ကျန်းမာရေး လုပ်သား တိုးမြှင့်ခန့်ထားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်၊ HIV/AIDS ငှက်ဖျား၊ တီဘီရောဂါများ ရည်မှန်းချက်အဆင့်အထိ ကျဆင်း လာစေရန်၊ ဆရာဝန်၊ သူနာပြုများကို အိမ်နီးချင်းနိုင်ငံတချို့က ကျေနပ်အားရဖွယ်ရာ လက်ခံကြသကဲ့သို့ ပြည်တွင်းပြည်သူများ ကျေနပ်လက်ခံသည့် အဆင့်ရောက်အောင် ဆောင် ရွက်ကြစေရန်၊ ဝန်ထမ်း ရာထူးခန့်အပ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အဆင့်တိုးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုများကို ပွင့်လင်းမြင်သာမှု၊ အဆင်ပြေစေမှုနှင့် မျှတမှုရှိစေရန်၊ ကျေးလက်ဒေသတွင် ဆွေမရှိ မျိုးမရှိ ဆေးရုံတက်ရောက်လာသော လူနာများအတွက် လူနာ နှင့်အစောင့် အဆင်ပြေသည့် စီမံခန့်ခွဲမှုများ ထည့်သွင်းဆောင်ရွက်ရန်၊ ဝန်ထမ်းနှင့် လူနာ အင်အား မမျှတမှုကြောင့် ဝန်ထမ်းများ စိတ်ဖိစီးမှုရောက်နေရသည့် ကိစ္စရပ်တွင် ဖွဲ့စည်းပုံ အင်အားတိုးချဲ့ရန်နှင့် ကြိုးစားသူကို ဆုပေး ချီးမြှင့်သည်စနစ်များ ကျင့်သုံးရန်၊ တိုးတက်များပြားလာသည့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်မည့် အသင်းအဖွဲ့များကို အားပေးမှုပြုလုပ်သွားရန်၊  ပုဂ္ဂလိက ကဏ္ဍပါဝင်မှု အားပေးရန်၊ တိုးတက်များပြားလာသည့် အစားအသောက် အတုအပများ ထိန်းချုပ်နိုင်ရေး လိုအပ်သော ဥပဒေများ ရေးဆွဲကြရန် စသည့်  ကျန်းမာရေးကဏ္ဍ မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များကို မမေ့မလျော့ ဆောင်ရွက်သွားရန် ထပ်မံ နှိုးဆော်လိုပါကြောင်း။
ကျန်းမာရေးကဏ္ဍ အလုံးစုံ ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့် ရှောက်မှု လူတိုင်း လက်လှမ်းမီလွှမ်းခြုံရေးတွင် ပါဝင်သည့် ကျန်းမာရေးအဆင့် မြှင့်တင်ခြင်း၊ ရောဂါများ ကာကွယ်တိုက်ဖျက်ခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လေးခုစလုံးကို ရေရှည်စီမံချက်များနှင့် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ရေတိုစီမံချက်တစ်ခုဖြစ်သည့် ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ သန်းချီပြီး ထိတွေ့မှုအများဆုံးဖြစ်သည့် Curative အပိုင်း၊ ဆေးရုံ၊ ဆေးခန်း၏ ကျန်းမာရေးစောင့်ရှောက်မှုကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
တစ်နိုင်ငံလုံးရှိ ဆေးရုံဆေးခန်းမှပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု၏ အဆင်ပြေမှု၊ အဆင် မပြေမှုအပေါ် အဓိကမူတည်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရအပေါ် ရောင်ပြန် ဟပ်စေမှာ ဖြစ်ပါကြောင်း။
ကျန်းမာရေး စောင့်ရှောက်မှု အင်္ဂါရပ်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်းအဆောက်အအုံ၊ ဆရာဝန်၊ ဆရာမ၊ ကျွမ်းကျင်ဝန်ထမ်း၊ ဆေးဝါးနှင့် အထောက်အကူစက်ပစ္စည်း ကိရိယာအမျိုးမျိုးတို့ ဖြစ်ပါကြောင်း၊ လက်တွေ့တွင် အဆိုပါ အင်္ဂါရပ်များ ပြည့်စုံပါမှ  ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်သည့် ကုသရေးအပိုင်းသည် ပြီးပြည့်စုံမှာ ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် လပိုင်းအတွင်းက မြို့ကြီးလေးမြို့၊ ဆေးရုံကြီး ၁၅ ရုံကို သွားပြီး လေ့လာစစ်ဆေး ကြည့်ရှုခဲ့ရာတွင် အားရကျေနပ်ဖွယ်ရာ ကောင်းသည့် ဝန်ဆောင်မှုမျိုးပေးနေသည့် ဆေးရုံမတွေ့ ခဲ့ရပါကြောင်း၊ ဆေးဝါးထောက်ပံ့မှု ပြည့်စုံသော်လည်း ကျန်သည့် ဆေးရုံအဆောက်အအုံပိုင်း လိုအပ်မှု ဆရာဝန်ဆရာမ၊ ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှု၊  အထောက်အကူ စက်ပစ္စည်းဆိုင်ရာ လိုအပ်မှု၊ ဝန်ထမ်းများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုများကို တစ်ပုံတစ်ပင် မ ဖြေရှင်းပေးနိုင်ခဲ့သည်ကို တွေ့ခဲ့ရပါကြောင်း။
ကုသမှုခံယူနေကြသည့် လူနာများဘက်က ပြန်ဆန်းစစ်ကြည့်ရာတွင်  ယေဘုယျအားဖြင့်အားဖြင့် အလွှာသုံးမျိုး သုံးစား ခွဲခြားလို့ ရပါကြောင်း၊ ပထမအုပ်စုအနေဖြင့် ငွေကြေးတတ်နိုင် သည့် အလွှာရှိ လူနာများအနေဖြင့် ပြည်တွင်းကုသမှုကို အားမရသည့်အတွက် နိုင်ငံခြားသို့ သွားရောက်ကုသည့် အုပ်စုဖြစ်ပြီး တစ်နှစ်ကို နိုင်ငံ၏ နိုင်ငံခြားငွေ စုစုပေါင်း ဒေါ်လာသန်း ၂၀၀ ခန့် ယိုစီးထွက်မှု ရှိနေပါကြောင်း။
အဆိုပါ အုပ်စုအတွက် နိုင်ငံတကာအဆင့်မီသည့် ဆေးရုံတစ်ရုံ၊ နှစ်ရုံပေါ်ပေါက်လာရန် မိမိတို့စွမ်းဆောင်နိုင်သည့် နည်းလမ်းကိုလည်း ဆွေးနွေးပေးစေချင်ကြောင်း Private Sector, Public Sector, P.P.P ဖြစ်စေ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာနိုင်ရန် အဓိကဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ ယိုထွက်ခြင်းထက် နိုင်ငံတော်နှင့် ကျန်းမာရေးလောက ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်ပါကြောင်း၊ ဒုတိယဖြစ်သည့် အလယ်အလတ်တန်းစားဖြစ်သော မရှိမရှားအုပ်စု အနေဖြင့် ဆေးရုံဆေးခန်းကိုသွားပြီး ကုသမှုယူနေသည့် ဆေးရုံများကို ပြည့်လျှံနေစေသည့် အုပ်စုဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် ငွေကြေးအကုန်အကျ များလွန်းနေသကဲ့သို့ ကျေနပ်မှု ရှိသည့် ဝန်ဆောင်မှု မရကြသည်ကို ကြားနေကြရပါကြောင်း။
တစ်ချိန်တည်းတွင် ယခင်ကာလ ဆေးရုံဆေးခန်းများ၌ ဆေးဝါးမလုံလောက်ခဲ့ပေမယ့် ယခု ဆေးဝါးအမျိုးမျိုး ဝယ်ယူရန် သက်ဆိုင်ရာဆေးရုံကြီးများသို့ တိုက်ရိုက်ရန်ပုံငွေချပေး၍ ဆေးဝါး လုံလောက်မှု ရှိလာသည်နှင့်အမျှ ပိုလျှံလာသည့် ဆေးဝါးများကို သိုလှောင်နိုင်ရန် အဆောက်အအုံ လိုအပ်မှုကို နောက်ဆက်တွဲ အကျိုးဆက်ပေါ် လာပါကြောင်း။
လူနာများလာရခြင်း အကြောင်းရင်းများအနက် အခမဲ့ဆေးဝါးကုသမှုပေးခြင်းသည် အကြောင်း အရာတစ်ခုဖြစ်ပါ ကြောင်း ၊ သို့ရာတွင် လက်ရှိစနစ်သည် နိုင်ငံအနေဖြင့် ရေရှည် ကိုက်ညီမှု ရှိ၊ မရှိ၊ ဖြစ်နိုင်မဖြစ်နိုင်ကို သုံးသပ်ကြရန် လိုအပ်မှာ ဖြစ်ပါကြောင်း။
တတိယဖြစ်သည့် အခြေခံလူတန်းစားနှင့် ကျေးလက်နေပြည်သူလူထု ဖြစ်ပြီး ဆေးရုံ၊ ဆေး ဆေးခန်းများကို မလာနိုင်၊ မသွားနိုင်သူများဖြစ်ပါကြောင်း၊ ရွာတိုင်းအတွက် ကျေးရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည့် အရန်သားဖွား ဆရာမနှင့် လူထုကျန်းမာရေးလုပ်သားဖြင့် စပေးစေလိုပါကြောင်း။
အဆိုပါ အုပ်စုများအားလုံးအတွက် လွှမ်းခြုံနိုင်သည့် ရေရှည်ကျန်းမာရေး အာမခံစနစ်တစ်ခု ထူထောင်နိုင်ရန်၊ မည်ကဲ့သို့ လုပ်ဆောင်ပါက သင့်တော်မည်ကို အားလုံးက အကြံပေးဆွေးနွေး စေလိုပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံမှ ကျင့်သုံးနေသည့် အာမခံစနစ်၊ နိုင်ငံတကာကျင့်သုံးနေသည့် အာမခံစနစ် သင့်တော်ရာ ရွေးချယ်နိုင်ရန် လိုအပ်လာမှာ ဖြစ်ကြောင်း။
အရေးကြီးဆုံးအချက် တစ်ချက်ဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာန ခုနစ်ခုရှိသည့် အနက် ကျန်းမာရေးဦးစီးဌာန တစ်ခုတည်းက ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းရာခိုင်နှုန်း ၈၀ ခန့်ကို တာဝန်ယူဆောင်ရွက်နေ သည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးဌာန လုပ်ငန်း အတော်များများကို ဦးစီးဌာနတစ်ခုနည်းက ကိုင်တွယ်ရသည့် အတွက် မနိုင်မနင်းဖြစ်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခရီးစဉ်များ ရောက်သည့်အခါတိုင်း လိုအပ်မှုများ တင်ပြသည့် အထဲတွင် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့် သားဖွား ဆရာမများအပြင် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ပါ ပါကြောင်း၊ အထူးကု ဆရာဝန် လိုအပ်ချက်များအနက် Radiologist, Anesthetist, Pathologist, Pediatric Surgeon အပါအဝင် သွားဆရာဝန် များလည်း  ပါပါကြောင်း။
MRCOG အောင်ရန် ခက်လာသည့်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် မည်သို့ ဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ကို ဝိုင်းဝန်းစဉ်းစား အကြံပြုကြစေလိုပါကြောင်း၊ Undergrad ဖြစ်သည့် MBBS, BDS ၏ လိုအပ်ချက်များကို လွှတ်တော်တွင် တစ်ချိန်လုံးတောင်းဆိုနေတာ ကို တွေ့ရပါကြောင်း၊ မိမိတို့တွင် ဘွဲ့ရများ ထောင်ချီရှိနေသော်လည်း ပေးလိုပေမယ့် မပေးနိုင်ခြင်းသည် စနစ်တစ်ခုခု မှားနေခြင်း ဖြစ်ပါကြောင်း။
ဘွဲ့လွန်ဆိုသည်အတိုင်း လူတိုင်း အနည်းဆုံး Master ပြီးရင် Doctorate သွားချင်ကြပါ ကြောင်း၊ အချိန်ငါးနှစ်၊ ခုနစ်နှစ်ပေးမှ ဘွဲ့လွန်တစ်ဦးသာရသည့် အစီအစဉ်သည် လတ်တလော လိုအပ်ချက်များနှင့် မကိုက်ညီသည်ကို တွေ့ရပါကြောင်း၊ Master အစား Diploma, Certificate Course များ ပေးပါက လက်ရှိ Shortage ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်း နိုင်မည်ဖြစ်ပါကြောင်း။
သူနာပြုနှင့် သားဖွားဆရာမများကိုလည်း Bachelor ဘွဲ့နှင့်အတူ Diploma နှင့် Certificate Course မျိုး သွားနိုင်မည်ဆိုပါက ယခု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
ထို့အတူ လူသားအရင်းအမြစ် မွေးထုတ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြား သင်ယူမှုကို သမားရိုးကျ သင်ကြားသင်ယူမှုမှ  တစ်ဆင့်တက်ပြီး Electronic နည်းပညာသုံး၍ သင်နိုင်သည့်နည်းလမ်းမျိုး ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်၏ အသက်ဖြစ်သည့် Research Funding နှင့် စက်ပစ္စည်းများလိုအပ်မှု၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ များအတွက် အိမ်ရာ၊ အဆောင်လိုအပ်မှုများကို ထည့်သွင်းစဉ်းစား ကြရမှာဖြစ်ကြောင်း။
ပြီးခဲ့သည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CT စက်ကြီးများကို ပေးပို့နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်စရာ ဖြစ်သော်လည်း အချို့နေရာများတွင် Radiologist ရှိသော်လည်း Training မရသေးသည့်အတွက် ယခုအထိ မရိုက်နိုင်၊ မဖတ်နိုင်သည့် အခက်အခဲရှိနေတာကို တွေ့ရပါကြောင်း။
ထို့အပြင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်မှုအပိုင်းတွင် တချို့သော အဆောက် အအုံများမှာ ကြီးကြပ်မှုအားနည်းသည့်အတွက် အရည်အသွေး မမီတာများကို တွေ့ခဲ့ရပါ ကြောင်း။
အဆိုပါ အခက်အခဲများ၊ လိုအပ်ချက်များကို ကျော်လွှားနိုင်ပြီး ကျန်းမာရေးကဏ္ဍကို တကယ် အကျိုးပြုမည့် ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများကို သင့်တော်သလို Redesign လုပ်ပြီး ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် ကိုက်ညီမည့်ဖွဲ့စည်းမှု ပုံစံအသစ်နှင့် ပြန်လည်ဖွဲ့စည်း စီမံခန့်ခွဲလုပ်ဆောင်သွား ပါမှ ကျန်းမာရေးကဏ္ဍ ရှေ့ကိုတက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း။
ကျန်ရှိနေသည့် Promotive, Preventive, Rehabilitation အပိုင်းမှာလည်း ရေတိုရေရှည် ဘယ်လိုပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်သည်ကို တက်ရောက်ကြသူအားလုံးက ဝိုင်းဝန်း အကြံပေးကြရန် လိုအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသားကျန်းမာရေးကော်မတီ၏ (၁/၂၀၁၃)အစည်းအဝေးဆုံးဖြတ်ချက်များကို ကော်မတီတွဲဖက်အတွင်း ရေးမှူး ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းနိုင်ဦးက လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပေါ် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ သန်းအောင်က လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် အမျိုးသားကျန်းမာရေးကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ဆက်နွှယ်သည့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အငြိမ်းစား  စားဆေးပညာရှင်များက ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲသင့် သည်များနှင့် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းပေးသင့်သည်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေသက်ခင်က ဆေးပညာလောက ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုအပိုင်း တိုးတက်ရေးတို့အတွက် အကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်များကို ကော်မတီတွဲဖက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းနိုင်ဦးက ဖတ်ကြားအတည်ပြုသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တင်ပြချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းပေး၍ လက်ရှိ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုအပိုင်းတွင် ကောင်းမွန် သည့် အပိုင်းများ ရှိသကဲ့သို့ လိုအပ်ချက် များလည်း ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ အစည်း အဝေးကို ကျင်းပ၍ လိုအပ်ချက်များကို ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းပေးနိုင်ရန် အားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အလားတူ ဆေးဝန်ထမ်း များ၏ လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံတော်သမ္မတရုံး၏၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အမိန့်ကြေညာစာအမှတ်(၁၇/၂ဝ၁၄)ဖြင့် အမျိုးသားကျန်းမာရေးကော်မတီကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပြီးနောက် ပထမဆုံးကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း သိရသည်။
ယခင် အမျိုးသားကျန်းမာရေးကော်မတီကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၁၉ နှစ်အတွင်း အစည်းအဝေးပေါင်း (၄၄)ကြိမ် ကျင်းပခဲ့၍ ကျန်းမာရေး ဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေး ဆုံးဖြတ်ချက်များ အမြောက်အမြား ရှိခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment