Wednesday, April 30, 2014

ငွေဆောင် ဘက်စုံပညာထူးချွန် လူငယ်စခန်းမှ ထူးချွန်လူငယ်များ ရွှေတိဂုံစေတီတော်ကြီးသို့ အလှူငွေ ကိုးသိန်းကျော် လှူဒါန်း

ငွေဆောင် ဧပြီ ၂၉
မြန်မာနိုင်ငံ    ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ  အခြေခံပညာ ကျောင်းပေါင်းစုံမှ  ၂ဝ၁၄  ခုနှစ် ထူးချွန်မောင်မယ်လူငယ်များ ကို နိုင်ငံ တော်၏လမ်းညွှန်မှု ပညာရေးဝန်ကြီး ဌာန၏      ဦးဆောင်ကြီးကြပ် မှုဖြင့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများ ဖြစ်သည့် ငွေဆောင်၊ ပုဂံညောင်ဦးနှင့် ရှမ်းပြည်နယ် အင်လေးဒေသတို့ကို  အပန်းဖြေစခန်းများ ဖွင့်လှစ်၍ လေ့လာရေးခရီးစဉ်စတင်ခဲ့ရာ ငွေဆောင် ကမ်းခြေသို့ 
သွားရောက်လေ့လာ အပန်းဖြေမည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့်    ထူးချွန်လူငယ် မောင်မယ်များ သည်   ခရီးစဉ်စတင် ထွက်ခွာသည့် ဧပြီ ၂၆ ရက် နံနက် တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီးကို စုပေါင်းအလှူငွေအဖြစ် ငွေကျပ်ကိုးသိန်းကျော်  သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
'' ဒီအလှူငွေက ဆီမီး၊ ရေချမ်း၊ ပန်း ပူဇော်ကပ်လှူနိုင်ရန်ရည်ရွယ်ပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သို့ ငွေကျပ် ၉၃၂ဝဝဝ ကို စုပေါင်းလှူဒါန်းတဲ့ အလှူဖြစ်ပါတယ်။ ကျွန်တော်တို့ ငွေဆောင်အဖွဲ့မှာ  ထူးချွန်ကျောင်း သား ၈၈ ဦး၊ ကျောင်းသူ ၈၆ ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမ  ၁၈  ဦးစုစုပေါင်း ၁၉၂ ဦး လိုက်ပါလာခဲ့တာ ပါ။  ဒီနှစ်နဲ့ဆို  ငွေဆောင်က   ယခု တစ်ကြိမ်မှာဆိုရင်  ဒုတိယအခေါက် ဖြစ်ပြီး ဒီနှစ်မှာတော့ စခန်းတာဝန်ခံ အနေနဲ့ တာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ်'' ဟု အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ  ညွှန်ကြား ရေးမှူး(ပညာ) ဦးအောင်မြင့်က ပြော သည်။
ဒုတိယအကြိမ်    ၂ဝ၁၄  ခုနှစ် မြန်မာနိုင်ငံကျောင်းပေါင်းစုံမှ ဘက်စုံ ထူးချွန်သည့် ကျောင်းသား ကျောင်း သူများကို နိုင်ငံတော်က တာဝန်ယူပြီး ပညာရေးဝန်ကြီးဌာန၏  ဦးဆောင် စီစဉ်မှုဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ထူးချွန်ကျောင်းသားများကို ငွေဆောင်၊ နဝမတန်းဖြေဆို ထားသည့် ထူးချွန် ကျောင်းသား ကျောင်းသူများကို ရှမ်းပြည်နယ်ရှိ အင်းလေးဒေသ၊ အဋ္ဌမတန်းဖြေဆိုထားသည့် ဘက်စုံထူးချွန်  ကျောင်းသားများကို ပုဂံညောင်ဦးတို့သို့ သုံး နေရာခွဲ၍ လေ့လာရေးခရီးစဉ် တစ်ရပ်အနေဖြင့် ငါးရက်ကြာ အပန်းဖြေလေ့လာပြီး နောက်ဆုံး မေလ ၃ ရက်တွင် နေပြည်တော်၌ ဘက်စုံထူး ချွန်ကျောင်းသား  ကျောင်းသူ အားလုံး စုပေါင်းပြန်လည် ဆုံစည်းကြမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment