Wednesday, April 30, 2014

ရပ်ကွက်၊ ကျေးရွာများရှိ ရွက်ပုန်းသီး ကစားသမားများ မွေးထုတ်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် အားကစားပွဲများ ပုံမှန်ကျင်းပပေးခြင်းဖြစ်

မြန်မာ့အားကစားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်နှင့် ရွက်ပုန်းသီး မျိုးဆက်သစ် လူငယ် အားကစား သမားများကို ရှာဖွေဖော်ထုတ်ရန် အတွက် တပ်ကုန်းမြို့နယ်တွင် အားကစားနည်း အမျိုးမျိုးကို တစ်လလျှင် တစ်မျိုး ကျ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ပထမအကြိမ် တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဒိုင်းဘော်လီဘော ပြိုင်ပွဲကို ဧပြီ ၂၅ ရက်က မြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ရာ ဘော်လီဘောအသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုကဲ့သို့ အားကစားပွဲများ ကျင်းပပေးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ “မြန်မာ့အားကစား ကမ္ဘာက သိစေရမည်” ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာလည်း ရောက်ပြီး တပ်ကုန်းမြို့ရှိ လူငယ် အားကစားသမားများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ရွက်ပုန်းသီး ကစားသမားလေးများကို မြေတောင်မြှောက် မွေးထုတ်ပေးလိုသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလို ဖော်ဆောင်ပေးခြင်းဖြင့် အရည်အသွေးရှိတဲ့ ကစားသမားတွေ ထွက်ပေါ်လာတဲ့အခါ အဲဒီ ကစားသမား လေးတွေကို တပ်ကုန်းမြို့နယ် အနေနဲ့ ပဏာမ လူရွေးချယ်ထားတယ်။ ကြိုတင်ပြီးတော့ ကြံ့ခိုင်စွမ်းရည်ကိုလည်း လေ့ကျင့်ပေးတယ်။ သူတို့ရဲ့ တိုးက်မှု အလားအလာတွေကို ကြည့်ပြီး နိုင်ငံတော်က တည်ထောင်ပေးထားတဲ့ အားကစားသိပ္ပံကျောင်းကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။ လက်ရှိ မြန်မာ့ ဂုဏ်ဆောင် ကစားသမားတွေ အတွက် အရန်အင်အားလည်း ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်” ဟု အားကစားနှင့် ကာယပညာ ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးခင်မောင်အေးက ရှင်းပြသည်။
ဆက်လက်ပြီး တပ်ကုန်းမြို့နယ် အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းခဲ့မှုနှင့် ပတ်သက်၍ “လက်ရှိ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေအနက် ဘော်လီဘောမှာဆိုရင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ မြန်မာ့လက် ရွေးစင် ကိုမြဝင်း ဖြစ်ပြီး တိုင်းလက်ရွေးစင် အဆင့်မှာ ၂၀ လောက် ရှိပါတယ် ဘောလုံးမှာတော့ ဦးအောင်ဗိုလ်ဟိန်းက မြန်မာ့လက်ရွေးစင် ပဏာမ အနေနဲ့ ယူနန်မှာ သွားရောက်ခြေစမ်းပွဲကစားခဲ့ဖူးပါတယ်။ ၂၀၁၀ ခုနှစ်မှာ မောင်အာကာမြတ်သူက အာဆီယံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ယှဉ်ပြိုင် ကစားခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။ ယခုလက်ရှိ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွေမှာ မောင်ချစ်မင်းစိုးက ရခိုင်ယူနိုက်တက် အသင်းမှာ ကစားရင်း မြန်မာ ယူ-၂၂ လက်ရွေးစင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကို တွေ့ရပါတယ်။ ရိုးရာခြင်း အနေနဲ့ တိုင်းလက်ရွေးစင် အဆင့်မှာ တစ်ဦးပါဝင်ထားပြီး ပြေးခုန်ပစ် အားကစားနည်းမှာ စောနန္ဒာခိင်ဟာ မြန်မာ့လက်ရွေးစင် အဖြစ် ကစားခဲ့ပြီး တိုင်းအဆင့်မှာ ၁၀ ဦးလောက် ရှိပါတယ်။ ကြက်တောင်အားကစား နည်းမှာလည်း တိုင်းအဆင့် အမျိုးသမီး လက်ရွေးစင် နှစ်ဦးပေါ်ပေါက်ခဲ့တာကို သိရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
မြန်မာ့အားကစားကို တစ်ဖက်တစ်လမ်းကနေပြီး အထောက်အကူပြုနိုင်ရေး၊ မြန်မာအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ အတွက် သက်ဆိုင်ရာ မြို့နယ်များ အနေဖြင့်လည်း အားကစား နည်းများကို ကျင်းပပေးပြီး အရည်အချင်း ရှိသည့် ကစားသမားလေးများကို မွေးထုတ်ပေးရန် လိုအပ်လှသည်။

ထိုသို့ ပုံမှန် လေ့ကျင့်ပျိုးထောင်ပေးသွားမှသာ လူငယ်မျိုးဆက်သစ် ကစားသမားများ အနေဖြင့် အားကစားနည်း အလိုက် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အခက်အခဲမရှိ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း။   ။

No comments:

Post a Comment