Wednesday, April 30, 2014

ကင်းထောက်မောင်မယ်များ တွေ့ဆုံပွဲ ကျင်းပ

မန္တလေး ဧပြီ ၂၉
၂၀၁၄ ခုနှစ် ကင်းထောက်မောင်မယ်များ တွေ့ဆုံပွဲနှင့်ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး၊ ကြီးကြပ်ဆရာ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမျိုးသား ကင်းထောက်အလံနှင့် အမျိုးသမီး ကင်းထောက်အလံများကို လွှင့်တင်ကြပြီး ကင်းထောက်မောင်မယ်ူများက ကင်းထောက်ကတိ သုံးပါးကို ရွတ်ဆိုကတိပြုကြသည်။
ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အနာဂတ် မျိုးဆက်သစ် ဖြစ်သော လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အကြောင်း အကျိုး ဆက်စပ်တွေးခေါ်တတ်စေရေး၊ ကျန်းမာကြံ့ခိင်သည့် နိုင်ငံသားကောင်းများ ဖြစ်စေရေး၊ ကမ္ဘာကို ကြည့်မြင်တတ်သော လူတော်လူကောင်းများ ဖြစ်စေရေးတို့အတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ “ပညာပြည့်ဝ နှလုံးလှပြီး ကျန်းမာပျော်ရွှင် ပညာသင်” နိုင်ကြသော လူငယ်များ ဖြစ်စေရေး အတွက်လည်း အစဉ်ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် စကားနှင့် အညီ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် တည်တံ့နိုင်ရေးအတွက် လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်း လုပ်ငန်းထက် ပို၍ အရေးကြီးသော လုပ်ငန်း မရှိနိုင်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကင်းထောက်မောင်မယ်များက ဂါရဝပြု လက်ဆောင်ပေးအပ်ပြီး “ပြည်သူ့အတွက် အစဉ်အသင့်” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ယင်းနောက် ဝန်ကြီးချုပ်က ကင်းထောက် မောင်မယ်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၁၉၆၄ ခုနှစ်ကတည်းက လှုပ်ရှားမှု မရှိတော့သော ကင်းထောက်အဖွဲ့များကို အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်  ဒီဇင်ဘာလနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အခြေခံ ပညာ ကျောင်း ၂၀ ကို အခြေပြု ပြီး ကင်းထောက်အမျိုးသား ၁၀၀၀၊ အမျိုးသမီး ၁၀၀၀ တို့ဖြင့် ရည်ရွယ်ချက် လေးရပ်၊ ကင်းထောက်ကတိ သုံးချက်၊ ကင်းထောက် ကျင့်ဝတ် ၁၀ပါးတို့ကို ရေးဆွဲပြီး ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း ၇၈ ကျောင်းကို အခြေပြုပြီး အမျိုးသား ကင်းထောက်လူငယ်များ၊ အမျိုးသမီး ကင်းထောက်လူငယ်များဟူ၍ တစ်မျိုးစီးသီးခြားလှုပ်ရှားဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ကင်းထောက်မောင်မယ်များသည် ပြင်ဦးလွင်တွင် စခန်းချ နေထိုင်နေစဉ်အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ အဖြစ် အုပ်စုများ ခွဲ၍ မဟာအံ့ထူးကံသာ ဘုရားပရိဝုဏ် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘိုးဘွားရိပ်သာ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများအား ပြုစုခြင်း၊ မျက်မမြင်ကျောင်း အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေငယ်ကျေးရွာ အလကကျောင်း တွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့်သစ်ပင်စိုက်ပျိုးခြင်း၊ ရေငယ်ကျေးရွာအတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment