လင်းကိုကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ
ကျောင်းသား၊ ကျောင်းသူ လူငယ်များအား နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့် လေကြောင်းပညာကျွမ်းကျင်သော
အနာဂတ်မျိုးဆက်သစ် လူငယ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရေကြောင်း လူငယ်အခြေခံသင်တန်းများအား
တပ်မတော်(ရေ)မှလည်းကောင်း၊ လေကြောင်းလူငယ် သင်တန်းများအား တပ်မတော် (လေ)မှလည်းကောင်း၊
သက်ဆိုင်ရာမြို့များ၌ ဧပြီ ၂၃ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဧပြီ ၂၄ ရက်ထုတ် မြဝတီသတင်းစာ တွင်
ဖတ်ရှုခဲ့ရပါသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ ရှည်လျားသော ကမ်းရိုးတန်း၊ ကျယ်ပြန့်သော ပင်လယ်ပြင်၊
မြစ်ချောင်းများ နှင့် မြင့်မားကျယ်ပြန့်သော ကုန်းလွင်ပြင်များ၊ တောင်တန်းဒေသများအား
ပိုင်ဆိုင်ထားသောနိုင်ငံ ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံ၏ ရှည်လျားကျယ်ပြန့်သော ကမ်းရိုးတန်းပင်လယ်ပြင်၊
ရှည်လျားသော မြစ်ချောင်းများအား တိုင်းတစ်ပါးရန်မှ ကာကွယ်ရန်နှင့် သယံဇာတများကို အကျိုးရှိစွာ
ထုတ်ဖော်အသုံးပြုနိုင်ရန် အတွက် ရေကြောင်း ပညာရပ်များနှင့် ရင်းနှီးရန် လိုအပ်ပါသည်။
ထို့အတူ ကျယ်ပြန့်လှသော မြန်မာနိုင်ငံ၏ ဝေဟင်ကို ကာကွယ်ရန်နှင့် နိုင်ငံတစ်လွှား
အချိန်တိုတိုနှင့် ခရီးပေါက်နိုင် သည့် လေကြောင်းဆိုင်ရာနည်းပညာရပ်များကိုလည်း မြန်မာလူငယ်များ
ရင်းနှီးတတ်ကျွမ်းရမည်ဖြစ် ပေသည်။
စာရေးသူ ငယ်စဉ်က အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့တွင်
ကြီးပြင်းခဲ့ရသဖြင့် ကွတ်ခိုင်မြို့ရှိ လေယာဉ်ကွင်းငယ်တွင် အတက်အဆင်းပုခဲ့သော လေယာဉ်ငယ်များ၊
ရဟတ်ယာဉ်များ၊ မြို့ပေါ်မှ ဖြတ်သန်းသွားသော T 33 တိုက်လေယာဉ် များကို ကြည့်၍ လေသူရဲများကို
အားကျခဲ့ပါသည်။ သို့သော်လည်း ထိုစဉ်က လေကြောင်း လူငယ်သင်တန်းနှင့် ရေကြောင်း လူငယ်သင်တန်းများအား
မြို့ကြီးများတွင်သာ ဖွင့်လှစ်ခဲ့သဖြင့် စာရေးသူနှင့် အလှမ်းဝေးခဲ့ ရပါသည်။
ထို့အတူ ၁၉၇၄ ခုနှစ် သဘာဝသိပ္ပံတက္ကသိုလ်(လှိုင်) တွင် တက်ရောက်သောအခါ လူငယ်အင်းလျားလေး
စခန်းဘေး တွင်ဖြစ်၍ ရေကြောင်းလူငယ်များ လေ့ကျင့်နေသည်ကို မြင်တွေ့ရ၍ အားကျခဲ့ဖူးပါသည်။ထိုစဉ်က
ဖွင့်လှစ်ခဲ့သော လေကြောင်းလူငယ် သင်တန်းသားများသည် လူမဲ့လေယာဉ်ပျံအား ရေဒီယိုဖြင့်
ထိန်းကျောင်းမောင်း နှင်ခြင်း၊ စက်မဲ့လေယာဉ်ဖြင့် ကောင်းကင်၌ ပျံသန်းခြင်း စသည်အထိ
စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အတူ ရေကြောင်းလူငယ်သင်တန်းများအနေဖြင့်လည်း
လှေလှော်၊ ရွက်တိုက်အားကစားနည်းများတွင် နိုင်ငံလက်ရွေးစင် အထိ လည်းကောင်း၊ ပင်လယ်ကူးသင်္ဘောကြီးများပေါ်တွင်
တာဝန်ထမ်းဆောင်သည့် သင်္ဘောသားများ၊ အင်ဂျင်နီယာများ ဖြစ်သည်အထိ လည်းကောင်း ရပ်တည်နိုင်ခဲ့သည်ကို
တွေ့ရှိရပါသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင်
ထိုသင်တန်းများ ရပ်ဆိုင်းခဲ့ပြီး လူငယ်များလည်း နွေရာသီကျောင်းပိတ်ရက်ကာလအား အကျိုးရှိစွာဖြင့်
ဖြတ်သန်းရမည့် အခွင့်အရေးနှင့် ကင်းဝေးခဲ့ရပါသည်။ ထို့ကြောင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင်
ပျောက်ဆုံးနေသော လူငယ်များ၏ အားမာန်များကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း ဆောင်းပါးတစ်ပုဒ်အား
၂ဝ၁၃ ခုနှစ်အတွင်းက မြဝတီသတင်းစာမှ တစ်ဆင့် တင်ပြခဲ့ဖူးပါသည်။
တပ်မတော်(ရေ)သည် ရေကြောင်းလူငယ်သင်တန်းများအား ရေကြောင်းပညာကို စိတ်ပါဝင်စားသော
အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်နိုင်ရန်၊ နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး
ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာရေး လေ့ကျင့်ပေးရန်နှင့်
လှေလှော်အားကစားနည်း၊ ရွက်တိုက် အားကစားနည်းများအတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ
မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းလျားရေကြောင်းလူငယ်စခန်း၊
မော်လမြိုင်၊ မြိတ်ကျွန်းစု၊ ပုသိမ်၊ ကျောက်ဖြူမြို့ စခန်းများတွင် ကျောင်းသား၊ ကျောင်းသူ
လူငယ်များအတွက် တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ပါသည်။
အလားတူပင် တပ်မတော်(လေ)မှလည်း လေကြောင်းလူငယ်သင်တန်းများအား လေကြောင်းနှင့် အာကာသ
သိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော
ပညာရပ်များကို တတ်သိနားလည်စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး
စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှုအလေ့အကျင့် ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့်
မိတ္ထီလာ၊ မြစ်ကြီးနား၊ နမ့်စမ်၊ မြိတ်၊ လမ်းမတော်၊ ပုသိမ်၊ ဟုမ္မလင်း၊ မကွေး၊ တောင်ငူမြို့များတွင်
ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် တစ်ပြိုင်နက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ယခုအချိန်တွင် နွေရာသီကင်းထောက်လူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်
သင်တန်း စသည်တို့အား ဖွင့်လှစ်ပေးခြင်းဖြင့် ယခင်က လေလွင့်နေသော နွေရာသီ လူငယ်အားမာန်များအား
ပြန်လည်စုစည်း၍ မြှင့်တင်ပေးလျက်ရှိပါသည်။
ထို့ကြောင့် နိုင်ငံတော်၏
ရေပြင်နှင့် ဝေဟင်ပိုင်နက်တို့အား ကာကွယ် စောင့်ရှောက်ပြီး သဘာဝအရင်း အမြစ်များအား
အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ နိုင်ငံတော်၏ ရည်မှန်းချက်များအား အထောက်အကူပြု အကောင်အထည်
ဖော်ဆောင်နိုင်မည့် ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်းအား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
No comments:
Post a Comment