Thursday, May 1, 2014

ဒေးဒလူကျွန်းတွင် မြောင်းများ တူးဖော်ခြင်း လုပ်ငန်း မိုးမကျမီ ပြီးစီးရန် အင်တိုက်အားတိုက် ဆောင်ရွက်နေ

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် မိုးတွင်း ကာလတွင် ရာသီဥတုဆိုးရွားမှုနှင့် ထူးကဲမိုးရွာသွန်းမှုများကြောင့် ဧရာ ဝတီတိုင်းဒေသကြီး အတွင်းတွင် နေရာအများအပြား ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုများစွာဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးနစ်မြုပ်မှုဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးနှင့် လျော့နည်း သက်သာစေရေးအတွက် တိုင်း ဒေသကြီးအတွင်း ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေး တာတမံများ ပြုပြင်ခြင်း၊ လိုအပ်သော နေရာများတွင် ပန်းတာအသစ် တည်ဆောက် ခြင်း၊ ရေထိန်းတံခါးပြုပြင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း လုပ်ငန်း များအား ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ မိုးမကျမီနှင့်မိုးရာသီအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ်အတွင်း ကျွန်းပတ်တာ ခုနစ်ခုရှိသည့် အနက် လုပ်ငန်း လိုအပ်ချက်အရ ဒေးဒလူကျွန်း ပတ်တာအတွင်း ယခုနှစ် မိုးမကျမီ စက်ယန္တရားကြီးများ အသုံးပြု၍ မိုးတွင်းအခါ ကျွန်းတွင်း ရေပိုရေလျှံ များ နုတ်နိုင်ရန်အတွက် အဓိက ရည်ရွယ်ကာ ကျွန်းတွင်းမြောင်း တူးဖော်ခြင်းလုပ်ငန်းများ တူးဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထပ်မံသိရှိရသည်။
''ဒီကျွန်းပတ်တာက ဒေးဒလူ ကျွန်းပတ်တာဖြစ်ပါတယ်။ ကျွန်းပတ်တာ အလျားက ၁၃ မိုင်ပါ။ ပြီးခဲ့တဲ့နှစ်က မိုးများတော့ ကျွန်းတွင်း ရေနုတ်တဲ့နေရာမှာ အခက်အခဲ ရှိတာနဲ့ အခုလိုရေထုတ်အားကောင်း အောင် မြောင်းတူး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာပါ။
ဒေသခံတွေရဲ့ လိုအပ်တယ်လို့ တင်ပြတဲ့ နေရာတွေအပေါ် ကျွန်တော်တို့ဌာနက နည်းပညာ၊ ရန်ပုံငွေနဲ့ စေတနာပါ စိုက်ထည့်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးနေပါတယ်။ အခု လက်ရှိ ဆောင်ရွက်ပေးနေတာကတော့ ရိုးဟောင်း၊ ချောင်းဟောင်းနဲ့ ကျွန်းတွင်းမြောင်းအလျားစုစုပေါင်း ၁၂ မိုင်နဲ့ ကျင်းပေါင်း ၈ဝဝဝဝ ရှိတဲ့လုပ်ငန်းကို တူးဖော်ပေးနေတာ ဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၄၂၇၉ ဧကကို အကျိုးပြုမှာဖြစ်ပါတယ်'' ဟု အဆိုပါလုပ်ငန်း တာဝန်ခံ ဦးသိန်းဇော် (ဦးစီးမှူး-မြို့ပြ)က ပြောသည်။
''ဒီကျွန်းပတ်တာအတွင်းမှာ ကျွန်တော့်လယ်ဧက ၁ဝဝ ကျော် ရှိပါတယ်။ မိုးများတဲ့နှစ်မှာ စပါးတွေ ရေမြုပ်ပါတယ်။ ဌာနဆိုင်ရာတွေ ကနေ အခုလို တူးပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လယ်သမားတွေရဲ့ မျှော်လင့်ချက် အိပ်မက်တစ်ခု အကောင်အထည်ဖော်သွားတာ ဖြစ်ပါတယ်။ ဒီကွင်းကကောက်ကြီး (ဘေးကျား) စပါးအဓိက စိုက်ပျိုးတဲ့ စိုက်ကွင်းတွေဖြစ်ပါတယ်။ ဒီနှစ် တော့ ကျွန်တော်တို့လယ်တွေ ရေကြီးနစ်မြုပ်မှုဘေးက သေချာ ပေါက် လျော့နည်းသက်သာလိမ့်မယ် လို့ယုံကြည်ပါတယ်။ ဆည်မြောင်း ဦးစီးဌာနကိုလည်း အရမ်းကျေးဇူး တင်ပါတယ်''ဟု ဒေသခံလယ်သမား တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင်အတွင်း ကျွန်းတွင်းမြောင်းများ တူးဖော်ခြင်း၊ ရေထုတ်ပြွန်နှင့် ရေတံခါးများ တည်ဆောက်ခြင်း၊ တာမြှင့်တာဆင့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိုးတွင်းအခါ မြစ်ရေကြီးချိန်တွင် စိုက်ဧက များ အတွင်း ရေကြီးနစ်မြုပ်မှုမှ လျော့နည်း သက်သာစေမည်ဖြစ် ကြောင်း၊ ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးနိုင်ပြီး ကျွန်းတွင်း ရေစီးရေလာပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အဓိက ကဏ္ဍဖြစ် သည့် လယ်ယာကဏ္ဍနှင့် အဓိက သီးနှံဖြစ်သည့် စပါးသီးနှံများ ပိုမိုစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလာ နိုင်မည်ဖြစ်ကြောင်း ဦးစိုးဝင်း (လက်ထောက်ညွှန်ကြားရေးမှူး-မြို့ပြ) ဆည်မြောင်းဦးစီးဌာန ဖျာပုံ ခရိုင်၏ ခြုံငုံသုံးသပ်ပြောကြားချက် များအရ သိရသည်။

No comments:

Post a Comment