ယနေ့မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်နှင့်အညီ အဘက်ဘက်၌ ပြုပြင် ပြောင်းလဲဆောင်ရွက်ရာတွင်
မီဒီယာကဏ္ဍသည်လည်း မထုတ်ဝေမီ ကြိုတင်စိစစ်ခြင်းမှ လုံးဝကင်းလွတ်ခွင့်ပေးခဲ့သည်မှာ တစ်နှစ်ခွဲကာလမျှ
ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ မီဒီယာလောကကြီး ပိုမိုတိုးတက်လာစေရန် ရည်သန်၍ ထိုသို့ဖြေလျှော့မှုများ
ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ယခင်ထုတ်ဝေခွင့်ကန့် သတ်ထားသည့် စာပေအမျိုးအစားများဖြစ်သည့်
နိုင်ငံရေး၊ ဂမ္ဘီရစာပေအစရှိ သည်များ ထုတ်ဝေခွင့်ရခဲ့သလို ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကိုလည်း
၂၀၁၃ ခုနှစ် ဧပြီလမှစ၍ ဖြန့်ချိခွင့်ပြုခဲ့ရာ ယနေ့အချိန်အထိ ပုဂ္ဂလိက သတင်းစာ ၁၈ စောင်ထုတ်ဝေလျက်ရှိပါသည်။
ဆက်လက်၍လည်း ထုတ် ဝေခွင့်များ ခွင့်ပြုပေးလျက်ရှိပါသည်။ ထိုသို့ဖြေလျှော့ပေးမှုကြောင့်
မီဒီယာ ကဏ္ဍ ပိုမိုပွင့်လင်း တိုးတက်လာခဲ့သော်လည်း လွတ်လပ်စွာလုပ်ဆောင်ခွင့် ကို ကျင့်သုံးရာတွင်
တစ်ဖက်မှလည်း စောင့်ထိန်းအပ်သည့် မီဒီယာကျင့်ဝတ်များ ရှိသလို တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုသည်တို့ကိုလည်း
ကျင့်သုံးမှသာလျှင် မီဒီယာသည် ကောင်းမွန်သောပတ်ဝန်းကျင် ရှိလာမည်ဖြစ်ပြီး လူမှုအဖွဲ့
အစည်းနှင့် နိုင်ငံတော်အကြား သတင်းအချက်အလက်များကို ဆက်သွယ်ပေါင်းကူးဖြန့်ချိ ပေးသည့်
နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ လုပ်ဆောင်ပေးနိုင်မည်
ဖြစ်သည်။
မြန်မာမီဒီယာကဏ္ဍသည် လျင်မြန်စွာ ပြောင်းလဲလာသည်ကို တွေ့မြင်နေရပါသည်။ အွန်လိုင်းမီဒီယာ
သုံးစွဲမှု မြင့်တက်လာနေပြီး သမားရိုးကျမီဒီယာ နယ်ပယ်ကိုပင် ချင်းနင်းနေရာယူလျက် ရှိလာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲရရှိနိုင်မှုသည် ဖွံ့ဖြိုးမှုနည်းပါးနေသေးသော်လည်း ပညာတတ်
လူငယ်လူရွယ်များသည် သမားရိုးကျ မီဒီယာဖြစ်သည့် ပုံနှိပ်မီဒီယာသုံးစွဲမှုထက် ဒစ်ဂျစ်ဒယ်မီဒီယာကို
ပိုမိုအသုံးပြုသည်ကို လေ့လာတွေ့ရှိရ ပါသည်။
ထိုသို့ အင်တာနက်သုံးစွဲမှု များပြားလာသည့် အလျောက် သတင်းအချက်အလက်များ
စီးဆင်းမှုမှာလည်း လျင်မြန်လာခဲ့ပါသည်။ သတင်းအချက်အလက်များလျင်မြန်စွာ စီးဆင်းမှုသည်
ကောင်းကျိုးအနေဖြင့် ပြည်သူများ သတင်းကို လတ်ဆတ်စွာ သိရှိနိုင်ခွင့်ရှိသော်လည်း တစ်ဖက်မှ
ဆိုးကျိုးကိုလည်းဖြစ် ပေါ်နိုင်ပါသည်။ လျင်မြန်စွာစီးဆင်းသော သတင်းအချက်အလက်များသည်
မှန်ကန်တိကျရန် လိုသလို အမုန်းပွားရန် များစေသည့် Hate Speech ကဲ့သို့ သော သတင်းအချက်အလက်များ
မဖြစ်စေရန်လည်း လိုအပ်ပေသည်။ သို့ဖြစ်၍ စာနယ်ဇင်းလောကသားများ အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်များကို
ကောင်းစွာ သိရှိလိုက်နာရန်မှာ မည်မျှ အရေးကြီးကြောင်း ထင်ရှားလှပါသည်။
သို့သော် နိုင်ငံတော်မှ မီဒီယာလွတ်လပ်ခွင့်ကို ဒီမိုကရေစီစံနှင့်အညီ လမ်းဖွင့်ပေးခဲ့သော်လည်း
သတင်းအချက် အလက်များကို လွတ်လပ်စွာရေးသား ဖော်ပြကြရာတွင် မီဒီယာကျင့်ဝတ်များ ဖြစ်သည့်
မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)၏ စာနယ်ဇင်းကျင့်ဝတ် တစ်ခုဖြစ်သည့် “သတင်းမီဒီယာ
တစ်ခုကဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရေးနှင့်တတ်နိုင်သမျှ ပြည့်စုံရန်
စိစစ်ရမည်” ဟူသောကျင့်ဝတ်၊ Society of
Professional Journalists ၏ ကျင့်ဝတ်တစ်ခုဖြစ်သည့် “အမှုမဲ့အမှတ်မဲ့ မှားယွင်းစွာ သတင်းဖော်ပြခြင်းကို
မဖြစ်ပေါ်စေရန် သတိထားလုပ်ဆောင်ခြင်းနှင့် ရရှိသည့် သတင်းမှန်၊မမှန် သတင်းအရင်းအမြစ်များ
အားလုံးကို ဆန်းစစ်ခြင်းကို ပြုလုပ်ရမည်။ သတင်းအချက်အလက်များကို မိမိလိုရာသို့တမင်ဆွဲယူ
ရေးသားလုပ်ဆောင်မှုကို မည်သည့်အခါမျှ မပြုလုပ်ရပါ” ဟူသော ကျင့်ဝတ်များကို လိုက်နာမှု
အားနည်းနေသည်ကို တွေ့ရှိနေရပါသည်။ ထို့အပြင်Society of Professional Journalists ၏
ကျင့်ဝတ်တစ်ခုဖြစ်သည့် “သတင်းဓာတ်ပုံများ(သို့) ဗီဒီယိုများကို မိမိလိုရာသို့ဆွဲ၍ နဂိုအတိုင်းမဟုတ်ဘဲ
ပုံပျက်အောင်ပြုလုပ်၍ မဖော်ပြရ” ဟူသော ကျင့်ဝတ်ကိုလည်း လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိနေရပါသည်။
သတင်းဓာတ်ပုံများ(သို့) ဗီဒီယိုများကို ကာယကံရှင်၏ ခွင့်ပြုချက်မပါရှိဘဲ မိမိလိုရာသို့ဆွဲ၍
ပုံဖျက်ကာလုပ်ဆောင်ခြင်း၊ ခိုင်မာမှုမရှိသော သတင်းအရင်းအမြစ်များမှ သတင်းရယူရေးသားခြင်း၊
လိုရာဆွဲ၍ ရေးသားနေခြင်း၊ သတင်းဖော်ပြရာတွင် ရရှိသော သတင်းကို အစအဆုံးဖော်ပြခြင်းမရှိဘဲ
မူရင်းဆိုလိုသော အဓိပ္ပာယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အဓိပ္ပာယ်မျိုး ရေးသားကာ ထိုသတင်းကို
ဖတ်ရှုကြားသိရသည့် အများပြည်သူများအကြား မကျေနပ်မှု၊ ထိုသတင်းကို ပြောကြားသည့် ပုဂ္ဂိုလ်(သို့)
ထိုပုဂ္ဂိုလ်ကိုယ်စားပြုသည့် အဖွဲ့အစည်းအပေါ် အများပြည်သူများက အထင်သေး အမုန်းပွားစေခြင်း၊
ထိုပုဂ္ဂိုလ် (သို့) ထိုပုဂ္ဂိုလ် ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၏ ကျော်စောသတင်းနှင့်
သိက္ခာကို ကျဆင်းစေ နိုင်သည်အထိ ဆိုးရွားစွာ သတင်းကို မိမိတို့လိုသလို ဆွဲယူဖော်ပြ အဓိပ္ပာယ်ဖွင့်ကာ
စာလုံးမည်းကြီးများ (Bold Letters) ဖြင့်ရေးသား တင်ပြမှုများသည် Smear Campaign(ခေါ်)
အိုးမဲသုတ် သိက္ခာကျစေသော ရေးသားမှုများ တိုးပွားလာခြင်း သည် မြန်မာမီဒီယာလောကတွင် ဝမ်းနည်းဖွယ်ရာပင်
ဖြစ်ပါသည်။
မြန်မာမီဒီယာဖြင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ တည်ဆောက်ရမည့်အစား လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊
ဘာသာတစ်ခုနှင့် တစ်ခုအကြား အထင်အမြင်လွဲမှားမှု၊ ရန်လိုမုန်းတီးမှုနှင့် အဆုံးတွင် ပဋိပက္ခများ
ဖြစ်ပွားနိုင်သည်အထိ နိုင်ငံတော်၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ခြင်းများ၊
အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တို့အပေါ် ကျော်စောသတင်း၊ ဂုဏ်သတင်းတို့ ယုတ်လျော့စေခြင်း၊
မလိုလားအပ်သော အမှုကိစ္စများ ဖြစ်ပေါ်စေနိုင်ခြင်းတို့ကို လေ့လာတွေ့ရှိရ ပါသည်။
မြန်မာမီဒီယာကဏ္ဍသည် တာဝန်သိသော၊ တာဝန်ခံသော မီဒီယာ ဝန်းကျင်ကောင်းတစ်ခု
ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ ပြန်ကြားရေးဝန်ကြီး ဌာနသည် နိုင်ငံတကာ မီဒီယာအထောက်အပံ့အဖွဲ့
(International Media Support) နှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မီဒီယာဖွံ့ဖြိုးရေး
အစီအစဉ် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ
စာချုပ်ပါ ပူးပေါင်း ဆောင်ရွက်မည့် မီဒီယာဖွံ့ဖြိုးမှု အစီအစဉ် များစွာအနက် စာနယ်ဇင်း
အတတ်ပညာဆိုင်ရာ အရည်အသွေးများ (Professional Journalism) များ တိုးပွားလာစေရန်အတွက်
ဆောင်ရွက်ရာတွင် ဓာတ်ပုံစာနယ်ဇင်း သမားများနှင့် ပုံနှိပ်စာနယ်ဇင်းသမား များကို သင်တန်းပေးခြင်း၊
ဓာတ်ပုံပွဲတော် ကျင်းပပေးခြင်းနှင့် Myanmar Journalism School ကျောင်းတစ်ခုကို အခြားသော
ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့ အစည်းများဖြစ် သည့် Myanmar Forever Group, UNESCO, ဥရောပ
မီဒီယာဖွံ့ဖြိုးမှု အဖွဲ့များဖြစ်သော Canal France International (CFI)၊ ဂျာမနီနိုင်ငံရှိ
DW Akademie နှင့် ဆွီဒင်နိုင်ငံရှိ Fojo Media Institute တို့ ပူးပေါင်းဖွင့်လှစ်ရန်
စီစဉ်ခြင်းတို့ပါဝင်ပါသည်။ ဤနေရာတွင် Myanmar Jounalism School နှင့် ပတ်သက်၍ အနည်းငယ်
တင်ပြလိုပါသည်။ အဆိုပါ ကျောင်းဖွင့်လှစ်ရန်နှင့် ပတ်သက်သော အစီအစဉ်ကို ၂၀၁၃ ခုနှစ်
ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်
ပြင်သစ် နိုင်ငံ ယဉ်ကျေးမှုဝန်ကြီး Ms.Aurelie Filipetti တို့အကြား ချုပ်ဆိုသည့် ရုပ်ရှင်နှင့်
မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုပွဲတွင် တင်ပြခဲ့ကြပါသည်။ ထို
ကျောင်းကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များမှာ စာနယ်ဇင်းကျင့်ဝတ်များတွင် အမြစ်တွယ်ပါရှိနေသည့်
နိုင်ငံတကာ စာနယ်ဇင်း တန်ဖိုးများကို တိုးတက်လာစေခြင်းဖြင့် ယုံကြည်အားထားရသော သတင်းတင်ပြမှုများ
ရေးသား တင်ပြနိုင်စေရန်နှင့် မြန်မာနိုင်ငံအတွက် စာနယ်ဇင်း ဆိုင်ရာ အရည်အသွေးများကိုလည်း
သတ်မှတ် ကျင့်သုံးနိုင်ရန်တို့ ဖြစ်ပါသည်။ ထို Myanmar Jounalism School တွင် အစကနဦးအဖြစ်
တစ်နှစ်ကြာဒီပလိုမာ သင်တန်းပေးခြင်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ရန် ရည်မှန်းထားပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် IMS တို့အကြားချုပ်ဆိုခဲ့သည့် MoU ပါ ပူးပေါင်းဆောင်ရွက်မည့်
အစီအစဉ် တစ်ခုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟူသော နယ်ပယ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်
နှစ်ပေါင်းများစွာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတကြီးခေါင်းဆောင်သော
အစိုးရသစ်သည် ငြိမ်းချမ်းရေးရရှိရန် အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးလျက် ရှိပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
ပြည်သူများသိရှိရန် သတင်းရေးသား တင်ပြမှုသည် ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှုနှင့်
ဒီမိုကရေစီစနစ် ခိုင်မာစွာပေါ်ထွန်းမှု တို့အတွက် အရေးပါလှပါသည်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်
ပတ်သက်၍ သတင်းတင်ပြရေးသားရန်အတွက် စာနယ်ဇင်းဆိုင်ရာ ဗဟုသုတကျွမ်းကျင်မှု အပိုင်းတွင်
အားနည်းနေမှုနှင့် ပဋိပက္ခများနှင့် ပတ်သက်၍ သတင်းရေးသားရာတွင် တစ်ဖက်သတ်ရေးသားမှုနှင့်
တိုက်ရိုက်(သို့) သွယ်ဝိုက်သောအားဖြင့် အကြမ်းဖက်မှုကို ဖြစ်စေနိုင်သည့် လှုံ့ဆော်ရေးသားမှုများ
ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရန်နှင့်
စာနယ်ဇင်းအရည်အသွေးများ ပြည့်ဝလာစေရန်အတွက် Conflict Sensitive Journalism သင်တန်းများကို
၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊
မုံရွာ၊ ကလေး၊မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မကွေးနှင့် ပုသိမ် ၁၁ မြို့များတွင်
ပို့ချပေးခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွက် Confl ict Sensitive Journalism သင်တန်းလက်စွဲကို
ရေးသား ပြုစုလျက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်သောသတင်းရေးသားမှုအပေါ်
မီဒီယာစောင့်ကြည့်(Monitor) လုပ်မည့် အစီအစဉ်ကိုလည်း လုပ်ဆောင်ရန် ရှိပါသည်။ ထို့အပြင်အခြားသော
မီဒီယာလက်တွေ့ လုပ်ဆောင်သူများနှင့် စာနယ်ဇင်းများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် လက်ရှိ
ဆောင်ရွက်နေသည့် လုပ်ဆောင်မှုများကို ထောက်ပံ့ပေးရန်နှင့် အဖွဲ့အစည်းများနှင့် သင်တန်းပို့ချမှုများ
ဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးရန်တို့ ဖြစ်ပါသည်။
မီဒီယာဖွံ့ဖြိုးရေး အစီအစဉ် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအရ
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းအချို့မှ အစီအစဉ်များ ချောမွေ့စွာ
အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အစိုးရဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို
ထောက်ပံ့ပေးရန်၊ဒေသအဆင့် စီမံချက်လုပ်ငန်းများ အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ
များမှတစ်ဆင့် လိုအပ်သော ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးရန်၊ အစီအစဉ်ကို ချောမွေ့စွာအကောင်အထည်ဖော်ရန်အတွက်
အစိုးရဌာနအသီးသီးကြား လိုအပ်သော ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးရန် IMS ၏ အတိုင်ပင်ခံပညာရှင်များ
နိုင်ငံတကာ ပညာရှင်များအတွက် လိုအပ်သော အကူအညီများထောက်ပံ့ပေးရန် (ဥပမာ-ပြည်ဝင်ခွင့်ဗီဇာ)၊
မြန်မာနိုင်ငံအတွင်း IMS ၏ တည်ရှိမှုကို မှတ်ပုံတင်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းတွင်
ကူညီထောက်ပံ့မှုပေးရန် အစရှိသည်တို့ ဖြစ်ပါသည်။ နိုင်ငံတော်တွင် ဒီမိုကရေစီစနစ်နှင့်
မီဒီယာကဏ္ဍ ပွင့်လင်းလာသည်နှင့်အမျှ အများပြည်သူများ သိအပ်သော အစိုးရဌာနဆိုင်ရာ သတင်းအချက်အလက်များကို
အချိန်နှင့်တစ်ပြေးညီ ရရှိစေရန် မီဒီယာနှင့်ဆက်သွယ်၍ ဆောင်ရွက်နိုင်ရန်နှင့် မီဒီယာမှ
မေးသော မေးခွန်းများကို ဖြေကြားနိုင်ရန် အစိုးရဌာနအသီးသီးတွင် ပြောရေးဆိုခွင့် ရှိသူများအဖွဲ့
ဖွဲ့စည်းထားပါသည်။ သို့သော်နှစ်ပေါင်းများစွာ မီဒီယာနှင့် ထိတွေ့ဆက်ဆံမှုအလေ့အထ နည်းပါးခဲ့သောကြောင့်
မီဒီယာနှင့် ဆက်ဆံရာတွင်စိုးရိမ်မှုများ ရှိနေခြင်းနှင့် အတွေ့အကြုံ နည်းပါးမှုများမှာယနေ့
ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများပင် ဖြစ်ပါသည်။
ယင်းအခြေအနေများကို ကုစားနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်တွင်း
ပြည်ပမှ မီဒီယာ ကျွမ်းကျင် ပညာရှင်များအား ဖိတ်ကြား၍ မီဒီယာနှင့် ထိတွေ့ဆက်ဆံမှု သင်တန်းများကို
ပြုလုပ်ပေးခဲ့ပါသည်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် သတင်းပညာနှင့်
ပတ်သက်၍ သိရှိနိုင်စေရန် ပြည်တွင်းပြည်ပမှ ပညာရှင်များကို ဖိတ်ကြား၍ သင်တန်းများကိုလည်း
ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများမှာ မတ် ၁၄ ရက်မှ ၂၅ ရက်အထိ ဆရာဦးကိုကိုလှိုင်၊
ဆရာမောင်ဝံသ၊ ဆရာဦးရဲနိုင်မိုး၊ ဆရာဦးကိုကို (စက်မှုတက္ကသိုလ်)၊ ဆရာဦးဟိန်းလတ်၊ ဆရာဦးတင့်ဆွေ၊
ဆရာဦးရဲမြင့်ဖေနှင့် ဆရာဦးမြတ်ခိုင်တို့ သင်ကြားပေးသည့် သတင်းထောက်သင်တန်း၊ ၂၀၁၁ ခုနှစ်
မေလမှ အောက်တိုဘာလ အတွင်း ဆရာဦးရဲနိုင်မိုးက သင်ကြားပေးသည့် သတင်းမီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်း
ငါးကြိမ်၊ ၁၉-၁၁-၂၀၁၂ မှ ၂၃-၁၁-၂၀၁၂ အထိ UNESCO အထောက်အပံ့ဖြင့် Mr. Graham Wattas
နှင့် Ms. Sardra တို့က သင်ကြား ပေးသော Public Relations Training For Government
Officials သင်တန်း၊ ၂၆-၁၂-၂၀၁၂ မှ ၂၈-၁၂-၂၀၁၂ အထိ UNESCO ၏ အထောက် အပံ့ဖြင့် ဆရာဦးရဲနိုင်မိုး
သင်ကြားပေးသော Public Relations Training For Government Offi cials သင်တန်း၊ အများပြည်သူဝန်ဆောင်မှုသတင်းစာ
အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပြန်ကြားရေးဝန်ကြီးဌာနရှိ သတင်းထောက်များကို သတင်းပညာသင်တန်းများ၊
၂၂-၅-၂၀၁၃ မှ ၂၃-၅-၂၀၁၃ အထိ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့်
မီဒီယာပညာရှင်များဖြစ်သည့် Ms. Barbarar Swann၊ Mr. Blair Levin၊ Mr. David D
Oxensord နှင့် Mr. Jim Me Queeny တို့က သင်ကြားပေးသည့် The Development of
Communication Strategy သင်တန်း၊ ၁၆-၇-၂၀၁၃ မှ ၁၇-၇-၂၀၁၃ အထိ စင်ကာပူနိုင်ငံ အထောက်အပံ့ဖြင့်
ပညာရှင် Ms. K Bhavani က သင်ကြားပေးသည့် Crisis Media Management သင်တန်း၊ ၁၄-၈-၂၀၁၃ မှ ၂၃-၈-၂၀၁၃ အထိ အမေရိကန်နိုင်ငံ
USAID အထောက်အပံ့ဖြင့် မီဒီယာပညာရှင် Ms. Margnenite Sullivan သင်ကြားပေးသည့် မီဒီယာကိုထိရောက်စွာ
အသုံးချရေး သင်တန်း နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ဂျာမနီနိုင်ငံ၏
အထောက်အပံ့ဖြင့် ဦးသီဟန်မျိုးညွန့်၊ The Hiroshima Peace Institute မှ Professor
Dr. N Ganesan၊ ဆရာမဒေါ်စိမ့်ရီထက်နှင့် ဆရာ Dမ. တင်မောင်မောင်သန်းတို့ သင်ကြားပေးသည့်
Civil Service Training သင်တန်း သုံးကြိမ်၊ ၁၀-၁၀-၂၀၁၃ မှ ၁၁-၁၀-၂၀၁၃ အထိ Dr. ဒေါ်သီတာတင်
သင်ကြားပေးသည့် မီဒီယာအကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏
အထောက် အပံ့ဖြင့် ၁၂-၁၁-၂၀၁၃ မှ ၁၄-၁၁-၂၀၁၃ အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် ဆရာဦးရဲနိုင်မိုးတို့ သင်ကြားပေးသည့် ပြည်သူ့ဆက်ဆံရေးသင်တန်း၊
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိ ဂျာမနီနိုင်ငံ Konrad Adenauer
Stiftung အဖွဲ့၏ အထောက်အပံ့ဖြင့် The Hiroshima Peace Institute မှ Professor Dr.
N Ganesan နှင့် ဆရာမ ဒေါ်စိမ့်ရီထက်တို့ သင်ကြားပေးသည့် Civil Service Training သင်တန်း
နှစ်ကြိမ်တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက် ပေးခြင်းဖြင့် မြန်မာမီဒီယာ
ကဏ္ဍသည် တာဝန်သိသော၊ တာဝန်ခံသော မီဒီယာဝန်းကျင်ကောင်းတစ်ခု ပေါ်ပေါက်လာစေနိုင်မည် ဖြစ်ပါသည်။
ကလောင်အစွမ်းဖြင့် ကောင်းမှုပြုနိုင်သလို၊ ကလောင် အစွမ်းဖြင့် မတည်ငြိမ်မှုနှင့်
အကျိုးယုတ်စေမှုများ ဖြစ်စေနိုင် ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်နှင့် လူမှုအသိုက်အဝန်းအပေါ်
အကျိုးပြုမည့် တာဝန်သိသော၊ တာဝန်ခံသော ကျင့်ဝတ်နှင့်ညီသော မီဒီယာဝန်းကျင်ဖြစ်ပေါ်ရေးမှာ
တစ်ဦးတစ်ယောက်ကောင်းရုံမျှဖြင့် မရနိုင်၊ တစ်စု တစ်ဖွဲ့ကောင်းရုံမျှဖြင့် မရနိုင်၊
အစိုးရအဖွဲ့ ကောင်းရုံမျှဖြင့် မရနိုင်ပါ။ သက်ဆိုင်သည့်သူများအားလုံး (Stakeholders)
များမှ တက်ညီလက်ညီဖြင့် လုပ်ဆောင်မှသာလျှင် အများပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီ
နိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုများ အစဉ်သဖြင့် ရရှိနိုင်မည်မှာ မလွဲဧကန်ပင်
ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ဒေါက်တာသီတာတင်
No comments:
Post a Comment