Monday, February 17, 2014

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီသို့ မေးမြန်း အကြံပြုချက် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်များအား ထုတ်ပြန်ကြေညာ



(ယမန်နေ့မှအဆက်)
ထိုသို့ ဆောင်ရွက် ပေးနိုင်ရေး အတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ မြန်မာ့ အာမခံလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက်လည်း ကညနရုံးများတွင် နေရာစီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် Delivery Unit မှလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။

၇။ ရွှေပေါက္ကံမြို့အဝင် ဝေဘာလီလမ်းမပေါ်ရှိ ခြောက်ကွေ့ကား မှတ်တိုင်တွင် ပျံကျဈေးသည်များ၊ ဆိုင်ကယ် ကယ်ရီများ၊ ဆိုက်ကားများ၊ ကြားကားများသည် စည်းကမ်းမဲ့စွာ လမ်းမပေါ်တင်ရပ်မှုများ ပြုလုပ်နေသဖြင့် ယာဉ်အန္တရာယ်များ ဖြစ်ပေါ် နေခြင်းနှင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် ရှင်းလင်းပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့ အဝင်ဝေဘာဂီလမ်းမပေါ်ရှိ ခြောက်ကွေ့ကားမှတ်တိုင် သည် ယာဉ်ကြောများ မကြာခဏ ပိတ်ဆို့သော လမ်းဆုံ တစ်ခုဖြစ်သည်။ အဆိုပါ လမ်းဆုံတွင် ဆိုင်ကယ် ကယ်ရီများ၊ ဆိုက်ကားများ၊ ကြားကားများ ရပ်တန့်မှုကြောင့် ယာဉ်ကြော ပိတ်ဆို့လေ့ရှိပါသည်။ အဆိုပါ လမ်းဆုံသို့ မြောက်ဥက္ကလာယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များသည် နေ့စဉ် ရှင်းလင်း ဆောင်ရွက် လျက်ရှိပြီး ဆိုင်ကယ်များ၊ ကြားကားများကိုလည်း ထိထိရောက်ရောက် စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ စစ်ဆေး အရေးယူရေး အဖွဲ့များ မရှိချိန် တွင် ၎င်းတို့မှ ပြန်လည် ရပ်တန့်ကြကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အဆိုပါ လမ်းဆုံ၌ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေး မှူးရုံး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့မှ ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ် ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
၈။ မြောက်ဥက္ကလာပမြို့နယ်မှ လက်ရှိ ယာဉ်လိုင်းများတွင် ဘတ်စ်ယာဉ် လိုအပ်ချက်ရှိသဖြင့် ပြည်ပမှ တင်သွင်းသည့် ဘတ်စ်ယာဉ်အတွက် ကောက်ခံနေသည့် အခွန်အခ လျှော့ပေးပါရန်။ လက်ရှိ ကိုရီးယား၊ တရုတ်နိုင်ငံတို့မှ တင်သွင်းသည့် ဘယ်မောင်း ဘတ်စ်ယာဉ်များကို ယာနှင့်ခွင့်ပြုထားပါသည်။ ပိုမိုကောင်းမွန် သည့် ဂျပန်ထုတ် ညာမောင်းဘတ်စ်ယာဉ်များ တင်သွင်းခွင့်ပြုပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ မော်တော်ယာဉ်များအား ပြည်ပမှ တင်သွင်းရာတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်နှင့် ကုန်သွယ်ရေး လုပ်ငန်းခွန်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကညနမှ ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခများကို ကောက်ခံလျက် ရှိပါသည်။ ကောက်ခံရာတွင်လည်း လူအများ အသုံးပြုသည့် ယာဉ်အမျိုးအစား အတွက် လျှော့ပေါ့ကောက်ခံ လျက်ရှိပါသည်။ ကညန အနေဖြင့် ပုဂ္ဂလိက လူစီးယာဉ်များ အပေါ် အင်ဂျင် ပါဝါစီစီအရ ၅၀% ၊ ၈၀% ၊ ၁၀၀% နှင့် ၁၂၀% စသည်ဖြင့် ကောက်ခံသော်လည်း ခရီးသည်တင် ဘတ်စ်ယာဉ်များအား လျှော့ပေါ့၍ ၅% သာ ကောက်ခံလျက် ရှိပါသည်။ ဘတ်စ်ယာဉ်ကြီးများ အတွက် အခွန်ငွေ ထပ်မံလျှော့ချပေးရန် တင်ပြလာခြင်း အတွက် ထပ်မံတင်ပြပေးမည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါသည်။ ဘယ်မောင်း ဘတ်စ်ယာဉ်များ တင်သွင်းခြင်း ပြုရခြင်းမှာ မိမိတို့နိုင်ငံသည် လက်ယာကပ်မောင်း နိုင်ငံဖြစ်၍ မော်တော်ယာဉ် အားလုံး Road Safty အရ ဘယ်မောင်းဖြစ်ရမည် ဖြစ်ပါသည်။ သို့မှသာ ယာဉ်မောင်းနှင်ရာတွင် လည်းကောင်း၊ ကျော်တက်ရာတွင် လည်းကောင်း၊ မြင်ကွင်းရှင်းပြီး အန္တရာယ်ကင်းရှင်း မည်ဖြစ် ပါသည်။ ဘတ်စ်ယာဉ်ကြီး အတွက် ယာဉ်မောင်းသည့်ဘက်နှင့် ဆန့်ကျင် ဘက်၌ ခရီးသည်တက်/ဆင်း တံခါးပေါက်ရှိပါသည်။ ဘယ်ဘက် လက်ကိုင်ဘီး ဖြစ်မှသာ ညာဘက်ခြမ်းတွင် တံခါးပေါက်ရှိ၍ ခရီးသည်တက် ဆင်းရာတွင် ပလက်ဖောင်းသို့ တိုက်ရိုက် ဆင်းနိုင်၊ တက်နိုင်မည် ဖြစ်ပါသည်။ ညာလက်ကိုင်ဘီး ဖြစ်ပါက ခရီးသည်များသည် ဘယ်ဘက်မှ ဆင်း/တက်ရမည် ဖြစ်၍ ယာဉ်ကြောအတွင်း ဆင်း/တက်ရမည့် အခြေအနေ ဖြစ်သောကြောင့် အန္တရာယ်အလွန်များသည့် အခြေအနေဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Road Safty အတွက် လည်းကောင်း၊ ခရီးသည်တို့၏ အသက်အန္တရာယ် ကင်းရန်အတွက် လည်းကောင်း ဘယ်မောင်း ဖြစ်မှသာ တင်သွင်းခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
၉။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ တိုးကြောင်ကလေးနှင့် ရွာသာကြီး ဘူတာကြား ဘူတာတစ်ခု ထပ်မံ ဆောင်ရွက်ပေးရန် မေးမြန်းချက်နှင့် ပတ်သက်၍ တိုးကြောင်ကလေး-ရွာသာကြီးဘူတာသည် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်တွင် ရှိသဖြင့် ဘူတာတစ်ခု ထပ်မံဆောင်ရွက်ပေးရန်ကိစ္စကို Feasibility Study လုပ်ပြီးလိုအပ်မှု ရှိမရှိ သုံးသပ် တင်ပြပေးသွားမည် ဖြစ်ကြောင်းဖြေကြားအပ်ပါသည်။
၁၀။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မင်းရဲကျော်စွာလမ်းကို ဖြတ်သန်းဖောက် လုပ်ထားသော ဒဂုံတက္ကသိုလ် မီးရထားလမ်းကို အဆင့်မြှင့်တင်ပေးပြီး မင်္ဂလာဒုံ မြို့နယ်အထိ ဆက်သွယ်တိုးချဲ့ဖောက်လုပ် ပေးနိုင်ပါရန်နှင့် ရထားများ တိုးချဲ့ ပြေးဆွဲပေးပါရန် မေးမြန်းချက်နှင့် ပတ်သက်၍ တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားလမ်းပိုင်းကို (၄-၃-၂၀၀၆) တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၄ ဒသမ ၉၆ မိုင်ရှိပါ သည်။ ဖောက်လုပ်စဉ်က အရေးပေါ် ဆောင်ရွက်ခဲ့ရသဖြင့် လယ်ကွင်းများမှ ရွှံ့မြေများကို တူး၍ ဆောင်ရွက်ခဲ့ရ သောကြောင့် မိုးတွင်း၌ ရထားလမ်းမြေကျွံ ခြင်းများရှိခဲ့ပါသည်။ သို့ပါ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မိုးတွင်းကာလမှစ၍ Sand Blanket Method ဖြင့် ပြုပြင် ဆောင်ရွက်လျက် ရှိပါသည်။ ယခုနှစ် ပွင့်လင်း ရာသီတွင် သံလမ်းဆက်များ ညှိခြင်း၊ ကွန်ကရစ် ဇလီဖားတုံးပြည့်ဖြည့်ခြင်း၊ လမ်းမပက်ကင်ရိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် သစ်သားဇလီဖားများအစား ကွန်ကရစ်ဇလီဖားများဖြင့် လဲလှယ်လျက်ရှိရာ လျာထား ၁၂၁၄၂တုံးအနက် ၅၉၇၇တုံး ဖြည့်တင်းပြီး ဖြစ်၍ ယခုအခါ ယခင်က ထက် လမ်းပိုင်း ပိုမိုတောင့်တင်း ကြံ့ခိုင် နေပြီဖြစ်ပါသည်။ ၎င်းလမ်းပိုင်းကို ၂၀၁၅ ခုနှစ် မတ်လကုန်တွင် ကွန်ကရစ်ဇလီဖားတုံး ၁၂၁၄၂ တုံး ပြည့်အောင် ထည့်သွင်း၍ ကောင်းသည်ထက် ကောင်းအောင် ဆောင်ရွက်လျက်ရှိပါသည်။ ကွန်ကရစ် ဇလီဖားတုံး အပြည့်ဖြည့်ခြင်း၊ လမ်းမပက်ကင်ရိုက်ခြင်းနှင့် Sand Blanket ဆောင်ရွက်ခြင်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက် သွားမည် ဖြစ်ပါသည်။ အပြင်မြို့ပတ်ရထားလမ်း၊ ခရီးမိုင် ၃၄ ဒသမ ၅၆ မိုင်ခန့်ကို တိုးကြောင်ကလေးဘူတာမှ ဒဂုံတက္ကသိုလ်၊ ပုလဲ၊ ရေနံ့သာ၊ နွယ်ခွေ၊ ထောက်ကြံ့၊ ထိန်စွန်း၊ ဘန့်ဘွေးကုန်း၊ ကွမ်းခြံကုန်းတို့ကိုဖြတ်၍ လက်ရှိ ရန်ကုန်ပြည်ရ ထားလမ်းပေါ်ရှိ မိုးကြိုးပစ်ဘူတာကို ဆက်သွယ် ဖောက်လုပ်ရန် လျာထား ခဲ့သည်။ တိုးကြောင် ကလေး-ဒဂုံတက္ကသိုလ် ဘူတာကို ဖောက်လုပ်ပြီး သော်လည်း ကျန်လမ်းပိုင်းများ ဖောက်လုပ်ရန် ကျန်ရှိနေသေးသဖြင့် Greater Yangon Plan နှင့် ဆက်စပ်၍ ဖောက်လုပ်ရန် အတွက် နှစ်လတ်စီမံကိန်းတွင် လျာထားပါကြောင်း ဖြေကြား အပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment