ဒေါက်တာသီတာတင်
မီဒီယာ ဥပဒေမူကြမ်း လေးခုတွင် ပါရှိသော
ပြဋ္ဌာန်း ချက်များသည် ဖွဲ့စည်း မှုများ (Structures) အရ လည်းကောင်း၊ လုပ်ဆောင် ပုံစနစ်များ
(Mechanisams)အရ လည်း ကောင်း ၊ မြန်မာ့မီဒီယာ စနစ်၏ ရည်မှန်းချက်များကို ရရှိအောင်
မည်သို့ လုပ်ဆောင် ပေးနိုင်သည်ကို ဆန်းစစ်ရန် အတွက် ရည်မှန်းချက် များကို တိုက်ဆိုင်
စစ်ဆေးသည့် အချက်များ (Checklists) များအဖြစ် အသုံးပြုကာ တင်ပြ သွားမည် ဖြစ်ပါသည်။
ယင်းသို့ ဆန်းစစ် ခြင်းဖြင့် မီဒီယာ ဥပဒေ မူကြမ်း လေးခုတွင် ပါရှိသည့် ပြဋ္ဌာန်းချက်
များသည် တစ်ခုနှင့်တစ်ခု လိုက်လျော ညီထွေမှု ရှိ/ မရှိ ဝိရောဓိ ဖြစ်/မဖြစ် ကိုပါ ဆန်းစစ်
နိုင်မည် ဖြစ်သည်။
ရှေးဦးစွာ မြန်မာ့ မီဒီယာ စနစ်၏ ရည်မှန်းချက်
များအနက် တစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်း ရယူ
ပိုင်ခွင့် ဆိုသည့် အချက်သည် မီဒီယာ ဥပဒေကြမ်း လေးခုတွင် ပါဝင်ခြင်းရှိ မရှိ ဆန်းစစ်
ရာတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ မူကြမ်းတွင် ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရေးသား
ဖြန့်ဝေခွင့်တို့ကို သက်ဆိုင်ရာ ဥပဒေများနှင့် အညီ စနစ်တကျ ဆောင်ရွက် ရန်ဟု လည်းကောင်း၊
သတင်းမီဒီယာ မူကြမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ စာနယ်ဇင်း သမားများသည် ဝေဖန်ခွင့်ရှိခြင်း၊
သတင်းအချက်အလက်ကို ရယူပိုင်ခွင့်ရှိခြင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ
ကိစ္စရပ်များကို ဖော်ထုတ် ရေးသားခွင့်ရှိခြင်း၊ ထုတ်ဝေစာများကို အစိုးရမှစိစစ်ခြင်းမှ
ကင်းလွတ်ခွင့် ရှိခြင်း တို့ကို လည်းကောင်း၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင်
အများပြည်သူ ဝန်ဆောင်မှု မီဒီယာသည် လွတ်လပ်စွာ တွေးခေါ် ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့် တိုကို လေးစား အသိ အမှတ် ပြုသော ၀န်းကျင် တစ်ခုတွင် လည်ပတ် ဆောင်ရွက်ခြင်း၊
အယ်ဒီတာ လုပ်ငန်းဆိုင်ရာ ဂုဏ်သိက္ခာကို အလေးအနက်ထားပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး
ဆိုင်ရာ ချုပ်ကိုင် မှုများမှ ကင်းလွတ်ခြင်း၊ စာနယ်ဇင်းတို့ ရရှိအပ်သော လုပ်ပိုင် ခွင့်ကိုလွတ်လပ်စွာ
ဆောင်ရွက်ခြင်း၊ ကြိုတင်စိစစ် ဖြတ်တောက် မှုနှင့် လွတ်လပ်မှုကို အဟန့်အတား ဖြစ်စေသည့်
အလားတူ ဆောင်ရွက် မှုများမှ ကင်းလွတ်စေခြင်း၊ ကိုယ်ပိုင် သတင်းအချက်အလက်နှင့် အယ်ဒီတာ
အာဘော်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ရှိခြင်း၊ မူပိုင်ခွင့် ဆိုင်ရာ အခွင့်အရေးများ
ရရှိခံစားခွင့်ရှိခြင်း ကိုလည်းကောင်း ၊ ရုပ်သံလွှင့် ဥပဒေ မူကြမ်း တွင်လည်း ရုပ်သံ
လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းနှင့် ဖြစ်ပေါ် တိုးတက် မှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
ကျင့်ဝတ်ပိုင်း ဆိုင်ရာနှင့် ရုပ်သံ မီဒီယာ လွတ်လပ်မှု ပေါ်တွင် အခြေခံ ခြင်းဟု လည်းကောင်း
ဖော်ပြပါ ရှိကြောင်း တွေ့ရှိ ရသည်။
ဒုတိယ ဆန်းစစ် ချက်အဖြစ်-"မီဒီယာ၏
အခန်း ကဏ္ဍကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်း ချက်များနှင့် ရည်ရွယ် ချက်များ
ဖော်ဆောင် ရာတွင် အသိ အမှတ် ပြုလာ စေရေး " ဟူသော မြန်မာ့ မီဒီယာ စနစ် မျှော်မှန်း
ချက်ကို မီဒီယာ ဥပဒေကြမ်း လေးခုတွင် ပါဝင်ခြင်းရှိ မရှိ ဆန်းစစ် ရာတွင် ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းတွင် နိုင်ငံတော် အတွင်း၌ အရည် အသွေး အဆင့် အတန်း မီ၍
ကျင့်ဝတ် သိက္ခာ ရှိသော ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းများ ဖြစ်ထွန်းရေးကို
ဦးတည်ခြင်းနှင့် ပုံနှိပ်သူနှင့် ထုတ်ဝေသူ များသည် မိမိတို့၏ လုပ်ငန်းများကို တည်ငြိမ်
ခိုင်မာစွာ ဆောင်ရွက် နိုင်ရန် အတွက် ခေတ်နှင့် လျော်ညီသော သီးခြားလုပ်ငန်းဆိုင်ရာ
ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းရန်ဟူ၍ ပါရှိ သည်။ သတင်း မီဒီယာ ဥပဒေ ကြမ်းတွင် - သတင်း မီဒီယာ
လုပ်ငန်းသည် စတုတ္ထ မဏ္ဍိုင် အဖြစ် ပီပြင်စွာ ရပ်တည် နိုင်စေရန် ဟူသော အချက်ကို ထည့်သွင်း
ရေးဆွဲ ထားကြောင်း တွေ့ရှိ ရသဖြင့် ဒီမိုကရေစီ စနစ်ကို တည်ဆောက် ရာတွင် မီဒီယာကို စတုတ္ထ
မဏ္ဍိုင် ဖြစ်ပေါ်စေရန် ဟူသော နိုင်ငံတော်၏ ရည်မှန်းချက်နှင့် ကိုက်ညီမှု ရှိကြောင်း တွေ့ရှိ
ရပါသည်။ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေ ကြမ်းတွင် လူမျိုးစု အသီးသီး၊ ယဉ်ကျေးမှု
အဖုံဖုံနှင့် ဘာသာ ပေါင်းစုံ တို့ကို ထည့်သွင်း စဉ်းစား၍ မြန်မာပြည်သူ အားလုံးကို ဖျော်ဖြေ
ပေးခြင်း၊ ပညာ ပေးခြင်းနှင့် ပြန်ကြား ပေးခြင်း များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လွှမ်းခြုံသော
အစီအစဉ်များ ပါဝင်ခြင်း၊ တိုင်းရင်းသား လူမျိုးများနှင့် လူနည်းစု များ၏ ဘာသာ စကားဖြင့်
ဖော်ပြ ထုတ်လွှင့် ခြင်းနှင့် ၎င်းတို့၏ ခံစားချက်၊ ယူဆချက် များကိုလည်း ထည့်သွင်း ဖော်ပြ
စေခြင်း၊ ပြည်သူများ အကျိုး ဖြစ်ထွန်း စေမည့် ပြည်တွင်း၊ ပြည်ပ သတင်း များကို ထုတ်လွှင့်
ဖော်ပြ ရာတွင် လည်းကောင်း၊ လွှတ်တော် အပါအဝင် ဆုံးဖြတ်ချက် ချနိုင်သည့် အရေး ပါသော အဖွဲ့
အစည်း များ၏ သတင်း များကို ဖော်ပြ ရာတွင် လည်းကောင်း ဘက်လိုက်မှု မရှိဘဲ မျှတစွာ တင်ပြခြင်း
ဆိုသည့် အချက် များကို ဥပဒေ ကြမ်းတွင် လေ့လာ တွေ့ရှိရ ပါသည်။ ရုပ်သံလွှင့် ဥပဒေ ကြမ်းတွင်
ရုပ်သံလွှင့် ဥပဒေ ကြမ်းတွင် ရုပ်သံ ထုတ်လွှင့်မှု များကို အသုံးပြုကာ အများ ပြည်သူများ
အသိ ပညာ ဖွံ့ဖြိုး တိုးတက် စေခြင်း၊ အရည် အသွေး ပြည့်မီသော ပညာပေး အစီအစဉ်၊ ဖျော်ဖြေရေး
အစီ အစဉ် များကို ပြည်သူများ အကြိုက် ထုတ်လွှင့် ပေးခြင်း၊ ပြည်တွင်းထုတ် အစီ အစဉ် များကို
ဦးစား ပေး၍ ရုပ်သံ လွှင့်ထုတ် ချိန် သတ်မှတ် ထားခြင်းနှင့် ကြော်ငြာ ရိုက်ကူး ထုတ်လွှင့်
ရာတွင် ပြည်တွင်း အရင်း အမြစ် များကို အသုံး ပြုရန် အားပေး ခြင်းတို့ ပါဝင် ပါသည်။
တတိယ ဆန်းစစ် ချက်အဖြစ်- မြန်မာ့မီဒီယာ
စနစ်၏ ပုံစံများသည် ရည်မှန်း ချက်ကို ရောက်ရှိ စေနိုင်ခြင်း ရှိ မရှိကို ဆန်းစစ် ရာတွင်
ရုပ်သံလွှင့် ဥပဒေ ကြမ်းပါ စီမံ ဆောင်ရွက် မှုပုံစံမှာ အမျိုးသား ရုပ်သံလွှင့် ဖွံ့ဖြိုး
တိုးတက်ရေး အဖွဲ့သည် ရုပ်သံ လိုင်စင်စနစ်၊ ရုပ်သံလွှင့် မီဒီယာ ဖွံ့ဖြိုးရေးနှင့် လျှပ်စစ်
သံလိုက်လှိုင်း စီမံခန့်ခွဲမှု များကို Inter-agency body အဖြစ် လည်းကောင်း၊ အမျိုးသား
ရုပ်သံလွှင့် ကောင်စီသည် ရုပ်သံလွှင့်ခြင်း လုပ်ငန်း အတွက် လွတ်လပ်ပြီး အမှီအခို ကင်းသော
ကိုယ်ပိုင် စီမံ ခန့်ခွဲခွင့် ရှိသော ကြီးကြပ် ထိန်းသိမ်းရေး ကောင်စီ အဖြစ် ထားရှိ
လုပ်ဆောင်ခြင်း တွေ့ရှိ ရပါသည်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေ ကြမ်းတွင် စီမံ
ဆောင်ရွက်မှု ပုံစံမှာ လွတ်လပ်ပြီး အမှီအခို ကင်းသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာ
ကောင်စီ တစ်ခု ရှိပြီး အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာ လမ်းညွှန် စည်းကမ်း များနှင့်အညီ
ဆောင်ရွက်မှု ရှိစေရန်နှင့် ဌာနတွင်း မူဝါဒများ ဆုံးဖြတ် နိုင်ရန် အများ ပြည်သူ ဝန်ဆောင်မှု
သတင်းစာ အုပ်ချုပ်ရေး အဖွဲ့နှင့် အများ ပြည်သူ ဝန်ဆောင်မှု ရေဒီယို ရုပ်သံလွှင့် အုပ်ချုပ်ရေး
အဖွဲ့ဟု ဖွဲ့စည်း ထားပါသည်။ သတင်း မီဒီယာ ဥပဒေ ကြမ်းတွင်လည်း သတင်း မီဒီယာ ကောင်စီကို
အမှီ အခိုကင်းပြီး ကိုယ်တိုင် စီမံ ခန့်ခွဲခွင့် ရှိသော အဖွဲ့ အစည်း အဖြစ် ဖွဲ့စည်း ထားသည်ကို ဆန်းစစ် တွေ့ရှိရ ပါသည်။
No comments:
Post a Comment