Friday, August 2, 2013

မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင် ကာကွယ်ရေး သတိပေး နှိုးဆော်ချက်

နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေး ကန်များဖြင့် မွေးမြူ ဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အောက်ဖော်ပြပါ အချက်များကို ငါး/ ပုစွန် မွေးမြူရေးကန်များ၌ လိုက်နာ ဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်-
၁။မွေးမြူရေး ကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သော နေရာများတွင် သဲအိတ်များဖြင့် ဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်။
၂။အကယ်၍ ရေကြီး ရေလျှံလာပါက ငါးများ လွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားရန်။
၃။ရေစီးကြောင်းနှင့် နီးသော ငါးကန်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားရန်။
၎။လိုအပ်ပါက ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင် ပြင်ဆင်ထားရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေး ရွှေ့ပြောင်းကြရန်။
၅။သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ရေလွတ်သော နေရာသို့ ရွှေ့ပြောင်းထားရန်။
၆။ပုံမှန် အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက် မသွားစေရေး ဆောင်ရွက်ထားရန်။
၇။မွေးမြူရေးကန်၏ ရေထွက်/ ရေလျှံပေါက်များ၊ ရေကျော်မည့် နေရာများအား အစဉ် ဂရုတစိုက် စစ်ဆေးနေရန်။
၈။ထူးခြားသည့် အခြေအနေများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အတွက် ဆက်သွယ် သတင်းပေးနိုင်မည့် နည်းလမ်းများအား ကြိုတင်ပြင်ဆင်ထားရန်။
၉။အစိုးရပိုင် ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက် ရှိသော အရေးပေါ် မိုးလေဝသ သတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက် နားထောင်ရန်နှင့် ပြည်တွင်းထုတ် ဂျာနယ်များအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူ အချင်းချင်း သတင်းအချက်အလက် ဖလှယ်ကြရန်။
၁၀။ရေကြီးနစ်မြုပ်မှု အတွက် အရေးပေါ် အခြေအနေများ ဖြစ်ပေါ်ပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ် အကူအညီ တောင်းခံကြရန်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန

No comments:

Post a Comment