Tuesday, August 6, 2013

ရေဘေးသင့်ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်းထုတ် ပြန်ခြင်း



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (   ၁၂ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော်  ၁၄ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ      ရက်)
ရေဘေးသင့်ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်းထုတ်ပြန်ခြင်း

၁။၂၇-၇-၂၀၁၃ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ အတွင်းရှိ မြို့နယ်အချို့နှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီမြို့နယ်တို့တွင် ရေလွှမ်းမိုးကာ ရေဘေးဒုက္ခများ ဖြစ်ပေါ်ခဲ့သည်။
၂။ကရင်ပြည်နယ် အတွင်း ရေလွှမ်းမိုးမှုကြောင့် ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် ကမမောင်းမြို့နယ်ခွဲအတွင်း ရေဘေးသင့် အိမ်ထောင်စု ပေါင်း ( ၆၇၃၃) စု၊ လူဦးရေ (၃၃၄၀၉) ဦးတို့အား ကယ်ဆယ်ရေး စခန်း(၇၉) ခု ဖွင့်လှစ်ကူညီလျက် ရှိခဲ့ရာမှ ၅-၈-၂၀၁၃ရက်တွင် အိမ်ထောင်စု (၃၄၄၀) စု လူဦးရေ(၁၆၅၇၉) ဦးသာကျန်ရှိ၍ ကယ်ဆယ်ရေး စခန်း(၄၇) ခုဖြင့် လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  သင်္ကန်းညီနောင်- ကော့ကရိတ် ကားလမ်းပိုင်းတွင် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည့် နေရာများအား ကရင်ပြည်နယ် အစိုးရ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ နယ်မြေခံ တပ်မတော်သားများ နှင့် တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်း ခဲ့သဖြင့် ၂-၈-၂၀၁၃ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ခရီးသည်နှင့် ကုန်စည်များ ပုံမှန် သွားလာ ပို့ဆောင်နိုင်နေပြီ ဖြစ်သည်။ ကရင်ပြည်နယ် အတွင်း ရေလွှမ်းမိုးမှုကြောင့် ၅-၈-၂၀၁၃ ရက်ထိ လူ(၆) ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် တံတား  (၄ )  စင်း၊  ခေတ္တ ပိတ်ထားရသော အခြေခံပညာ စာသင်ကျောင်း( ၃၆၇)  ကျောင်းနှင့် ရေနစ်မြုပ်ဆဲ စပါးစိုက် ဧက (၃၆၇၅) ဧကဖြစ်သည်။
၃။အလားတူ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ် တို့တွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း( ၁၀၅၀) စု၊ လူဦးရေ(၄၆၈၀) ဦးတို့အား  ကယ်ဆယ်ရေး စခန်း (၃၄) ခု ဖွင့်လှစ်ကူညီခဲ့ရာမှ မြစ်ရေ ပြန်လည် ကျဆင်းသွားသဖြင့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများမှာ ၄င်းတို့၏ နေအိမ်များသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ ကျိုက်မရောမြို့နယ် တွင် အိမ်ထောင်စု (၃၆၁) စု၊ လူဦးရေ (၁၆၀၀) ဦးအား ကယ်ဆယ်ရေးစခန်း (၃) ခုဖြင့် ကူညီ စောင့်ရှောက်လျက်ရှိသည်။  မြစ်ရေကြီးမှုကြောင့် မုဒုံမြို့နယ်တွင် တံတား(၁) စင်းနှင့် ပေါင်မြို့နယ်တွင် စာသင်ကျောင်းဆောင် (၁) ဆောင် ပျက်စီးခဲ့ကာ ကျိုက်မရောမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်း (၅၈) ကျောင်းအား ခေတ္တပိတ်ထားရသည်။
၎။၂-၈-၂၀၁၃ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် အတွင်း ရေလွှမ်းမိုး မှုကြောင့် အိမ်ထောင်စု (၃၂၄) စု၊ လူဦးရေ (၁၆၇၀) ဦးအား ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်၍ ကူညီ စောင့်ရှောက်လျက်ရှိသည်။
၅။ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၏ ရေဘေးကယ်ဆယ် စောင့်ရှောက်ရေး ခရီးစဉ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းငွေကျပ် သိန်း (၂၀၀ဝ) အား  ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် ဖာပွန်မြို့နယ်ရှိ  ရေဘေးသင့် အိမ်ထောင်စု (၇၁၈၁) စု အတွက် အိမ်ထောင်စု တစ်စုလျင် ၁၅၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်း ၁၀၇၇၁၅၀၀ဝိ/- အပါအဝင် ဆန်၊ ဆေးဝါးနှင့် အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
၆။ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများ အတွက် ငွေ (၈၈.၅) သိန်း၊ ဆန်(၃၃၇)အိတ်၊ ဆီ (၈၆) ပိဿာ၊ ကြက်ဥ (၈၃၆၄) လုံးနှင့် ခေါက်ဆွဲခြောက် (၁၃၄၇၈) ထုပ် တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
၇။ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူတို့ ပူးပေါင်း၍ ရေကျသွားသော ဒေသများတွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment