Friday, August 2, 2013

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ပြည်ထောင်စုလွှတ်တော်၏ထုတ်ပြန်ကြေညာချက်



ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု လွှတ်တော်
ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ
နေထိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ပြည်ထောင်စု လွှတ်တော်၏ ထုတ်ပြန်ကြေညာချက်

၁။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ သတင်း ထုတ်ပြန်ချက်(၁၀/၂၀၁၃) အား ကြိုဆိုပါသည်။
၂။နိုင်ငံတော် သမ္မတ ဦးစီးဦးဆောင် ပြုနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း အားပေးထောက်ခံပါသည်။
၃။လက်နက်ကိုင် ပဋိပက္ခဖြစ်နေခြင်းမှ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရန်အတွက် သက်ဆိုင်သူများသည် စိတ်ကောင်း စေတနာမှန်များ ထားရှိဆောင်ရွက်ရေး၊ အချင်းချင်း အပြန်အလှန် နားလည်စာနာရေး၊ ယုံကြည်မှု ရရှိရေးတို့ကို အလေးအနက်ထားရှိ ဆောင်ရွက်ကြစေလိုပါသည်။
၎။အပစ်အခတ် အပြည့်အဝ ရပ်စဲရေးအတွက် တာဝန်ရှိသူများက တရားနည်းလမ်းတကျ မျှမျှတတ ဆောင်ရွက်ကြပါရန်၊ နိုင်ငံရေး ဆွေးနွေးမှုများ စတင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ပေးကြ ရာတွင် ပြည်သူ လူထုများကလည်း ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်လိုပါသည်။
၅။ပြီးခဲ့သော ကာလအတွင်းက ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့၊ ပဲခူးတိုင်း အနောက်ခြမ်း၊ လားရှိုးမြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုမျိုးများ နိုင်ငံအတွင်း ထပ်မံ မဖြစ်ပွားကြရန် အတွက် နိုင်ငံသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြပါရန်နှင့် တရားဥပဒေများကိုလည်း လေးစားလိုက်နာကြရန် မေတ္တာရပ်ခံ ပန်ကြားလိုပါ ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်

No comments:

Post a Comment