Saturday, November 14, 2026

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တွင် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးပေးအပ်

 

ညောင်လေးပင် နိုဝင်ဘာ ၁၃

မသန်စွမ်းမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ကျင်းပပြီး မသန်စွမ်းသူ မှတ်ပုံတင်လျှောက်ထားခဲ့ကြသည့် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့မှ မသန်စွမ်းသူစုစုပေါင်း ၁၁၅၅ ဦးတို့အတွက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များနှင့် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၄၆၅၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ် ငါးမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ ထောက်ပံ့ပေးအပ်

 


နေပြည်တော် နိုဝင်ဘာ ၁၃

ရပ်စောက်မြို့တွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဇော်ဂျီကွေ့ဓမ္မာရုံနှင့် မိုးလုံလေလုံအားကစားခန်းမတို့၌ ပြောင်းရွှေ့ခိုလှုံလျက်ရှိသော အိမ်ထောင်စု ၈၃ စုမှ ရေဘေးသင့် ပြည်သူ ၃၃၇ ဦးအတွက် ယနေ့တွင် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၄၃၅၇၉၀ဝ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၁၃

ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လျှောက်ထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများသို့ သဘောထားတောင်းခံရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနရုံးအဖွဲ့များအား ဆောလျင်စွာပြန်ကြားပေးရေး သတိပေးတိုက်တွန်းပေးရန်လိုကြောင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး သတ်မှတ်ကာလအတွင်း ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများကစိစစ်၍ ဗဟိုကော်မတီသို့တင်ပြပြီး ဥပဒေနှင့်အညီ မှန်ကန်စွာအရေးယူ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်ပေးသွင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြေခွန်နှုန်း ထားအသစ်ဖြင့် ကောက်ခံလျက်ရှိကြောင်း၊ မြေခွန်များ အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်နိုင်ရေးကို တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့်လုပ်ငန်း စာတွဲများကိုတင်ပြရာ ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လုပ်ငန်းတစ်ခုချင်းအပေါ် စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၁၃

အခြေခံသစ်တောပညာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ကျင်းပရာ သင်တန်းသားများက စစ်ရေးပြကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအား အလေးပြုပြီး သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ထူးချွန်ဆုရသင်တန်းသားများအား ဆုချီးမြှင့်သည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းစေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည်နှင့် ကြိုတင်အားဖြည့်မှုဆိုင်ရာ သုတေသနလုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲ ကျင်းပ


 

ရန်ကုန် နိုဝင်ဘာ ၁၃

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည် သုတေသနလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပါဝင်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ သုတေသနလုပ်ငန်းများတွင် လေ့ကျင့်သင်ယူခဲ့ကြသော အင်ဂျင်နီယာများအား သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။