ညောင်လေးပင် နိုဝင်ဘာ ၁၃
မသန်စွမ်းမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ကျင်းပပြီး မသန်စွမ်းသူ မှတ်ပုံတင်လျှောက်ထားခဲ့ကြသည့် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့မှ မသန်စွမ်းသူစုစုပေါင်း ၁၁၅၅ ဦးတို့အတွက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များနှင့် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၄၆၅၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မသန်စွမ်းသူမှတ်ပုံတင် လျှောက်ထားခဲ့ကြသည့် ညောင်လေးပင် မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်မှ မသန်စွမ်းသူ စုစုပေါင်း ၁၁၅၅ ဦးတို့အတွက် မသန်စွမ်းသူမှတ်ပုံတင် လက်မှတ်များနှင့် ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အားလုံးအကျုံးဝင်ပါဝင်နိုင်သည့် လူ့အဖွဲ့အစည်း (All Inclusive Society) ဖြစ်စေရေးဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျ မကျန်ရစ်စေရေး (Leave No One Behind) မူနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့မှ မသန်စွမ်းသူကိုယ်စားလှယ်များကို မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးများ လက်ရောက်ပေးအပ်သည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ပူးပေါင်း၍ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို မြို့နယ် ၃၉ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူ ၁၅၀၇၇ ဦးအား မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment