နေပြည်တော် နိုဝင်ဘာ ၁၃
အခြေခံသစ်တောပညာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ကျင်းပရာ သင်တန်းသားများက စစ်ရေးပြကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအား အလေးပြုပြီး သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ထူးချွန်ဆုရသင်တန်းသားများအား ဆုချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းကို ၁၈၉၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့သည်မှာ ၁၂၈ နှစ်ရှိပြီဖြစ်ကြောင်း၊ ဌာနအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်ရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်၍ ပြည်သူလူထုအကျိုးကို သယ်ပိုးလိုစိတ်ရှိသည့် ဝန်ထမ်းကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ကြားပေးလိုက်သည့် စာတွေ့လက်တွေ့ပညာရပ်များနှင့် လုပ်ငန်းခွင်အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ နိုင်ငံတော်၏ သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်သွားရန်နှင့် တရားမဝင်ထုတ်ယူခြင်းများကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ကာကွယ်တားဆီးသွားကြရန် ပြောကြားပြီး သင်တန်းဆင်းတပ်ခွဲများက ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြု၍ စစ်ရေးပြကွင်းမှ ပြန်လည်ချီတက် ထွက်ခွာကြသည်။
ဆက်လက်၍ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ဥယျာဉ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပန်းပွဲတော်ကျင်းပမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment