Saturday, November 14, 2026

ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၁၃

ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လျှောက်ထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများသို့ သဘောထားတောင်းခံရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနရုံးအဖွဲ့များအား ဆောလျင်စွာပြန်ကြားပေးရေး သတိပေးတိုက်တွန်းပေးရန်လိုကြောင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး သတ်မှတ်ကာလအတွင်း ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများကစိစစ်၍ ဗဟိုကော်မတီသို့တင်ပြပြီး ဥပဒေနှင့်အညီ မှန်ကန်စွာအရေးယူ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်ပေးသွင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြေခွန်နှုန်း ထားအသစ်ဖြင့် ကောက်ခံလျက်ရှိကြောင်း၊ မြေခွန်များ အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်နိုင်ရေးကို တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့်လုပ်ငန်း စာတွဲများကိုတင်ပြရာ ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လုပ်ငန်းတစ်ခုချင်းအပေါ် စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment