နေပြည်တော် နိုဝင်ဘာ ၉
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ချောင်းကမ်းပါးပြိုကျမှု
အမြန် ဆောင်ရွက်ပေးရေး၊ အစိုးရဘဏ်များ၌ အပ်နှံထား သည့်ငွေများကို လိုအပ်သည့်ပမာဏ ထုတ်ယူနိုင်ရေး၊
ပလက်ဖောင်းနှင့် အမှိုက်ပုံရွှေ့ပြောင်းပေးရေး၊ တက္ကသိုလ်ဆောက်လုပ်ပြီး ကျန်ရှိမြေများ
ပြန်လည်စွန့်လွှတ်ပေးရေး၊ ဆရာ ဆရာမ အင်အားဖြည့်ဆည်းပေးရေး၊ ပညာရေးကောလိပ်တွင် ဒေသခံတိုင်းရင်းသားများ
တက်ရောက်ခွင့် ရရှိရေး၊ ဝန်ထမ်းဟောင်းများ ပြန်လည်ခန့်ထားပေးရေး၊ ပညာရေးဒီဂရီ ကောလိပ်တစ်ခု
တည်ထောင်ဖွင့်လှစ်ပေးရေး၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရေးတို့နှင့် စပ်လျဉ်း၍
မေးခွန်း ၁၁ ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်းနှင့်ဥပဒေကြမ်းတစ်ခု
အတည်ပြုခြင်းတို့ကိုဆောင်ရွက်ကြသည်။
ဦးစွာ ကျောက်တန်းမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏
ကျောက်တန်းမြို့နယ် ကဒပ္ပနကျေးရွာရှိ ချောင်းကမ်းပါးပြိုကျမှုအား မည်သည့်ဘဏ္ဍာနှစ်တွင်
အမြန်ဆုံးဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးထွန်းလူက ကျောက်တန်းမြို့နယ် ကဒပ္ပနကျေးရွာတွင် မှော်ဝန်းချောင်းရေတိုက်စားမှုကြောင့်
ချောင်းကမ်းပါးပြိုကျပျက်စီးမှုများ ကာကွယ်နိုင်ရန် မှော်ဝန်းချောင်းတွင် သောင်စွယ်ဖြတ်ခြင်း၊
ဖြတ်တူးမြောင်း တူးဖော်ခြင်းနှင့် ကဒပ္ပနချောင်းတွင် သောင်စွယ်ဖြတ်ခြင်းနှင့် ကမ်းထိန်းတမံများ
တည်ဆောက်ပေးရန်တို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်
လျာထားရန်ပုံငွေတွင်ပါဝင်ခြင်း မရှိပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လာမည့်ဘဏ္ဍာနှစ်များ၌
ရန်ပုံငွေလျာထားပေး မည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သင့်သည့်
အစီအမံများကိုရေးဆွဲ တွက်ချက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်
ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာ အကူအညီများ
ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏
အစိုးရဘဏ်များ၌ အပ်နှံငွေများအား လိုအပ်သလောက် ထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မူဝါဒ၊
နည်းပညာ၊ ဝန်ဆောင်မှုများကျင့်သုံးရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က နိုင်ငံပိုင်ဘဏ် များအနေဖြင့် Customer များမှ ငွေသားထုတ်ယူရာတွင်
ဘဏ်များ၏ ငွေသားလွယ်ကူမှုအပေါ်မူတည်၍ အဆင်ပြေချောမွေ့စွာ ငွေသားထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊
ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများနှင့် စာရင်းပြောင်းနည်းလမ်းများကို ပိုမိုအားပေးဆောင်ရွက်ရန်နှင့်
မြို့နယ်ဘဏ်ခွဲများအထိ ထိရောက်စွာ ကြပ်မတ်ကွပ်ကဲနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။
နိုင်ငံတော်ပိုင်ဘဏ်များသည် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်၏ ဒီဂျစ်တယ်စီးပွားရေး အဆောက်အအုံ သို့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ အရှိန်အဟုန်
မပြတ်ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်
အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှု လျှော့ချပြီး အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများ
တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်
နိုင်ငံပိုင်ဘဏ်များ၏ လက်ရှိနည်းပညာစနစ်များ၊ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း၊ သုံးစွဲနိုင်မည့်
ဘဏ္ဍာရေး အရင်းအမြစ်နှင့် လူ့စွမ်းအား အရင်းအမြစ်တို့အပေါ် ထည့်သွင်းသုံးသပ်ကာ ဦးစားပေးလုပ်ငန်းများကို
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လိုအပ်ချက်ပေါ်မူတည်ပြီး အဆင့်လိုက်မြှင့်တင်
ဆောင်ရွက်လျက် ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
နိုင်ငံပိုင်ဘဏ်များသို့ ဘဏ်များ၏ ငွေသားလွယ်ကူမှုအပေါ် မူတည်၍ အဆင်ပြေချောမွေ့စွာ
ဆောင်ရွက်ပေးနိုင်ရေး အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့
အောင်ဇေယျရပ်ကွက် အ.ထ.က(၁)ကျောင်းခြံစည်းရိုး အနီးသို့ ပလက်ဖောင်းပြောင်းရွှေ့ရန် ရေတို၊
ရေရှည် အစီအမံများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်
ဦးဝင်းမိုးခိုင်က တပ်ကုန်းမြို့ အောင်ဇေယျရပ်ကွက် အ.ထ.က (၁) ကျောင်းရှေ့ရှိ အောင်သီဟလမ်း
ပလက်ဖောင်းနှစ်ခု ကြားတွင် မိန်းလမ်းဖြစ်သဖြင့် လူသွားလူလာများခြင်း၊ ကားကြီးများ ဖြတ်သန်းသွားလာမှုရှိခြင်းကြောင့်
ကျောင်းတက်/ ဆင်းချိန်တွင် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်း
သွားလာနိုင်ရန်အတွက် အဆိုပါ ပလက်ဖောင်းအား ဖျက်၍ အ.ထ.က(၁) ကျောင်းခြံစည်းရိုးအနီး
(ရေမြောင်း အနီး)သို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏
ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ၌ အောင်သီဟလမ်းတွင် မူလပလက်ဖောင်းအဟောင်းအားဖျက်၍
ပလက် ဖောင်းအသစ်ပြုလုပ်ခြင်း (၁၆၀၀'x၅'-၆") လုပ်ငန်းအား ငွေကျပ် ၁၂၁ ဒသမ ၇၂၅ သန်းဖြင့်
ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်
ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ
ဒေါ်အေးအေးမြင့်၏ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များရှိ ထားဝယ်ချောင်
အမှိုက်ပုံကြီးအား မည်သည့်အချိန်တွင် အမြန်ဆုံးရွှေ့ပြောင်းပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်
စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က လက်ရှိအချိန်တွင် အမှိုက်စွန့်ပစ်ရန်
မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်းမရှိပါကြောင်း၊
ပြည်သူများမှနေ့စဉ်စွန့်ပစ်သည့် အမှိုက်တန်ချိန် (၁၀ဝဝ မှ ၁၂ဝဝ)ခန့်အား စီမံခန့်ခွဲနိုင်ရန်အတွက်
အရန်အနေဖြင့် ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ သရက်ပင်ချောင် စွန့်ပစ်အမှိုက်ပုံအား
ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်အမှိုက်မှ
စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက စနစ်တကျ အမှိုက်ပုံပိတ်သိမ်းသည့်
လုပ်ငန်းစဉ်အတိုင်း စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းပြန်လည် ဖြေကြားသည်။
ပဲခူးမဲဆန္ဒနယ်မှ ဦးမင်းခန့်ကျော်၏ ပဲခူး
တက္ကသိုလ်ဆောက်လုပ်ပြီးနောက်ကျန်ရှိသည့် မြေဧကအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်
ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက
ပဲခူးတက္ကသိုလ် သည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်ပြီး နှစ်စဉ်တိုးတက်များပြားလာသည့်
ကျောင်းသားဦးရေများအတွက်လိုအပ်သည့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ နားနေဆောင်များ၊
တက္ကသိုလ်အပန်းဖြေရိပ်သာ၊ စာသင်ဆောင်များဆောက်လုပ်ခြင်း၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက်
အိမ်ရာများ ဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထား၍ တည်ဆောက်ခြင်းလုပ်ငန်းများ
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊
သုတေသနပြုလုပ်ရန် အဆောက်အအုံများနှင့် လက်တွေ့စမ်းသပ်ရန် မြေနေရာများ၊ ဝန်ထမ်းနေအိမ်များ၊
အားကစားအဆောက်အအုံများကို ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက်
လျာထား၍ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် စွန့်လွှတ်/
လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၏
ရှမ်း ပြည်နယ်ရှိ ဆရာ ဆရာမ မပြည့်စုံသော ကျောင်းများ တွင် ဆရာ ဆရာမ ခန့်ထားပေးနိုင်ရေး၊
ပညာရေး ကောလိပ်များတွင် ဒေသခံတိုင်းရင်းသားများ ပိုမို တက်ရောက်ခွင့်ရရှိရေးနှင့် ပညာရေးဝန်ထမ်းများ
ဌာနသို့ပြန်လည်ဝင်ရောက်လိုပါက ဦးစားပေး ခန့်ထားနိုင်ရေးတို့အား ဆောင်ရွက်ပေးနိုင်ခြင်း
ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ဒေသခံတိုင်းရင်းသားများထဲမှ
တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့် ရရှိသော အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ
စာပေသင်ကြားရေးအထောက် အကူပြုအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်များအနေဖြင့်
တိုင်းရင်းသားစာပေသင်အဖြစ် လျှောက်ထားရာတွင် သက်ဆိုင်ရာ တိုင်းရင်းသား စာပေကို အရေး၊
အဖတ်၊ သင်ကြားနိုင်သူဖြစ်ပြီး (Teaching Assistant-TA) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်း
Grade 10 အောင်မြင် ပြီးသူဖြစ်ရမည်ဖြစ်ကာ (Language Teacher-LT) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းမှာ
မူလတန်းဆင့် ပြီးမြောက်အောင် မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပါကြောင်း။
အဆိုပြုလျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနများသို့ ပေးပို့ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသား
လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန(နေပြည်တော်)သို့
စိစစ်ပေးပို့ရပါကြောင်း၊ စိစစ်ပြီးသည့် အဆိုပြု လျှောက်လွှာများကို ပညာရေးဝန်ကြီးဌာနသို့
ညှိနှိုင်းပေးပို့ရပါကြောင်း၊ အဆိုပါ လျှောက်လွှာများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည်
ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းသို့တက်ရောက်ခွင့်ရရှိပြီး
အခြေခံပညာ ဦးစီးဌာနမှ TA/LT(ပုတ်ပြတ်)အဖြစ် နှစ်စဉ်ခန့်ထားပေးလျက်ရှိပါကြောင်း။
ဘွဲ့ရရှိပြီးသူများအတွက် ပညာရေးဒီဂရီ
ကောလိပ်များတွင် ဖွင့်လှစ်လျက်ရှိသည့် ပညာရေးနှင့် သင်ပြပညာရေးဒီဂရီကောလိပ်များတွင်
(Diploma in Education and Pedagogy- Dip.EP) သင်တန်းသို့ တက်ရောက်၍ မူလတန်းပြများအဖြစ်
ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ပါကြောင်း။
အခြေခံပညာဦးစီးဌာနအနေဖြင့် ဒေသအခြေ အနေအရ
ယာယီပိတ်ထားရသော ကျောင်းများမှ သတင်းပို့ဆက်သွယ်လာသည့် ဝန်ထမ်းများနှင့် ဖွင့်ကျောင်းများတွင်
ယာယီတွဲဖက်တာဝန် ထမ်းဆောင်လိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်လာပါက
သတ်မှတ်လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်
ပညာရေးမှူးရုံးများက စိစစ်ပြီး တွဲဖက်တာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သတင်းပေးပို့ဆက်သွယ်ခြင်းမရှိသည့် ဝန်ထမ်းများကို
လစာရပ်ဆိုင်းထားခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း စသည့်လုပ်ထုံး
လုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိပြီး တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသည့် ပညာရေးဝန်ထမ်းများအနေဖြင့်
တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့
ကိုယ်တိုင်သတင်းပို့ဆက်သွယ် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်းအား ဌာနဆိုင်ရာ
စစ်ဆေးမှုပြုပြီး အပြစ်မရှိကြောင်း အကြောင်းပြချက် ခိုင်လုံပါက အလုပ်ပြန်လည်ခန့်အပ်
ပေးမည်ဖြစ်ပါကြောင်း၊ ရာထူးမှထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသူ များကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊
နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်
ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
တနင်္သာရီမဲဆန္ဒနယ်မှ ဦးအောင်ဆန်းလွင်၏
မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရန် အစီအစဉ် ရှိမရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန
အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်မြို့နှင့်မိုင် ၁၅၀ အကွာ၌ ထားဝယ်ပညာရေး
ဒီဂရီကောလိပ်ကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် မြိတ်မြို့နှင့် ၃၄၂ မိုင်အကွာ၌ မော်လမြိုင်ပညာရေးဒီဂရီ
ကောလိပ်ကိုလည်းကောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိနှစ်သက်ရာကျောင်းသို့
လျှောက်ထားလာပါက တက်ရောက်ခွင့် ပြုလျက်ရှိပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း တောင်ပိုင်း
ခရိုင်များဖြစ်သည့်ဘုတ်ပြင်းနှင့် ကော့သောင်း ဒေသများမှ ထားဝယ်မြို့သို့ သွားရောက်၍
ဆရာအတတ်ပညာသင်ယူရန် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအတွက် ပညာရေး ဒီဂရီကောလိပ်ဝင်ခွင့်နှင့်
စပ်လျဉ်း၍ တက္ကသိုလ် ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့သို့ ပုံမှန် နေ့ကျောင်းသားအဖြစ်
ဝင်ခွင့်လျှောက်ထားစဉ်တွင် ဆန္ဒပြုလွှာ၌ မိမိအဆင်ပြေနှစ်သက်ရာ ပညာရေးဒီဂရီကောလိပ်များသို့
ဦးစားပေးလျှောက် ထားနိုင်ပြီး ဆရာအတတ် ပညာများသင်ယူရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါ
ကြောင်း။
သို့ဖြစ်ပါ၍ မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ်
တည်ထောင်ဖွင့်လှစ်ပေးရန်လတ်တလော အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏
မြစ်ကြီးနားမြို့နယ် အ-မ-က(၃)တွင် တစ်ထပ် ကျောင်းဆောင်တစ်ခု တည်ဆောက်ပေးနိုင်ခြင်း
ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကချင်ပြည်နယ်
မြစ်ကြီးနားမြို့နယ် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း (နန်းကွေ့)ရှိ အန္တရာယ်ဆောင်
(၇၅ x ၂၅)ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင်အား ဖျက်သိမ်း ၍ လိုအပ်သော စာသင်ခန်း သုံးခန်းစာ
ပေ (၆၀ x ၃၀) RCC တစ်ထပ် ဆောက်လုပ်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍
ပြည်နယ်၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မော်လိုက်မဲဆန္ဒနယ်မှ ဦးမြင့်စိုးဆင့်၏
မော်လိုက် မြို့ အခြေခံပညာမူလတန်းကျောင်း အမှတ် (၂) ၌ တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန်
အစီ အစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး
မော်လိုက်မြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း တွင် အန္တရာယ်ဆောင်၌သင်ကြားနေသော
စာသင်ခန်း နှစ်ခန်း၊ ယာယီဆောင်တွင် သင်ကြားနေသော စာသင်ခန်း တစ်ခန်း စုစုပေါင်း သုံးခန်းအတွက်
အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ (၆၀x၃၀) RCC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက်
လာမည့်ဘဏ္ဍာရေးနှစ်များ တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏
တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်၏
မြောင်းမြမြို့နယ် မူ(လွန်) ကွင်းပေါက်ကြီး ကျောင်းအား တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်
ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး
မြောင်းမြမြို့နယ် ကွင်းပေါက်ကြီး-အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ယာယီကျောင်းဆောင်ဖြင့်
သင်ကြားနေရခြင်းကြောင့် အဆိုပါကျောင်းရှိ ယာယီဆောင် (၇၅ x ၁၅)ပေ ဓနိမိုး၊ ဓနိကာ၊ သဲခင်း
တစ်ထပ်အား ဖျက်သိမ်း၍ ပေ (၉၀ x ၃၀) RCC တစ်ထပ် ဆောက်လုပ်ရန်အတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်
ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ တိုင်းဒေသကြီး၏
တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မြို့သစ်မြို့နယ်
ဆားတဲကျေးရွာ အလယ်တန်းကျောင်း၌ နှစ်ထပ် ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်ပေးနိုင် ခြင်း
ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မကွေးတိုင်းဒေသကြီး
ဆားတဲကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းဆောင်များ အနက် အဆောင် (၁) (၁၂၀ x ၃၆)ပေ (E)
ပုံသဏ္ဌာန် RCC တစ်ထပ်ဆောင်တွင် စာသင်ခန်း လေးခန်းဖြင့် ကျောင်းသား ကျောင်းသူများ သင်ကြားလျက်ရှိပြီး
အင်ဂျင်နီယာမှ အန္တရာယ်ဆောင်အဖြစ် သတ်မှတ်သင့်ကြောင်း ထောက်ခံချက်ပေးထားပါသဖြင့် ၎င်းကျောင်းဆောင်တွင်ရှိသော
စာသင်ခန်း လေးခန်း နှင့် တန်းခွဲအရလိုအပ်သော စာသင်ခန်း နှစ်ခန်း စုစုပေါင်း စာသင်ခန်း
ခြောက်ခန်းအတွက် အန္တရာယ် ဆောင် (၁၂၀ x ၃၆)ပေ (E) ပုံသဏ္ဌာန် RCC တစ်ထပ် ကျောင်းဆောင်အားဖျက်သိမ်း၍
ပေ(၁၁၀ x ၃၀) RCC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင်
ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏တန်းစီဇယားဖြင့် ဆောင်ရွက်သွား
မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်
တင်သွင်းသည့် “မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများတွင် ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ‘ကျောင်းတွင်းအကြမ်းဖက်
မှု ကင်းစင်ရေးမူဝါဒ (Zero - Tolerance Anti-Bullying and School Safety Policy)’ တစ်ရပ်
ချမှတ်အကောင် အထည်ဖော်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်
ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်းက ကလေး
သူငယ်တစ်ဦးသည် ကြောက်ရွံ့မှု၊ ဖိနှိပ်မှုနှင့်အနိုင် အထက်ကျင့်မှုများရှိနေသည့် ပတ်ဝန်းကျင်တွင်
အရည်အသွေးပြည့်ဝသော ပညာရေးကို အပြည့်အဝရရှိနိုင်မည် မဟုတ်ပါသဖြင့် ပညာရေးအခွင့်အရေးနှင့်
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတို့ကို တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ကျောင်းတွင်းအကြမ်းဖက်မှုများကို ဖြစ်ပွားပြီးမှ
အရေးယူဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ် တားဆီးရေးကို အခြေခံသည့် စနစ်ကျသော မူဝါဒတစ်ရပ်
ချမှတ်ရန်လိုအပ်ပြီး ယင်းမူဝါဒတွင် အကြမ်းဖက်မှုတားမြစ်ရေး၊ တိုင်ကြားဖြေရှင်းရေး၊
ထိခိုက်နစ်နာသူများအား ကာကွယ်စောင့်ရှောက် ရေး၊ ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူ
ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးတို့ကို ပြည့်စုံ စွာ ထည့်သွင်းသတ်မှတ်ရန်လိုအပ်ပါကြောင်း။
ကလေးသူငယ်များ၏ အခွင့်အရေးနှင့် အကျိုး
စီးပွားကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံတော်၊ မိဘအုပ်ထိန်းသူများ၊ ပညာရေးဆိုင်ရာတာဝန်ရှိသူများနှင့်
လူမှုအသိုက်အဝန်းတစ်ရပ်လုံးတွင် တာဝန်ရှိသည့်အတွက် သက်ဆိုင်ရာဥပဒေများနှင့်အညီ ကလေးသူငယ်များအတွက်
ဘေးကင်းလုံခြုံသည့် ပညာသင်ကြားသင်ယူမှု ပတ်ဝန်းကျင်တစ်ရပ်လုံးကို ဖန်တီးပေးရန် လိုအပ်ပါကြောင်း
အဆိုကို ထောက်ခံဆွေးနွေးသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အနာဂတ်နှင့် ဘေးကင်း လုံခြုံမှုအတွက် ကျောင်းတွင်းအကြမ်းဖက်မှု
ကင်းစင်ရေး မူဝါဒတစ်ရပ်ကို အစိုးရအနေဖြင့် စနစ်တကျ ရေးဆွဲချမှတ်ရန် မလွဲမသွေ တိုက်တွန်းသင့်ပါကြောင်း၊
သို့ရာတွင် အဆိုပါမူဝါဒသည် ကလေးသူငယ်များအား အပြစ်ပေးရုံသက်သက်မျှသာ မဟုတ်ဘဲအသိပညာပေးခြင်း၊
ကြိုတင်ကာကွယ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြုပြင်စောင့်ရှောက်ပေးခြင်းတို့ မျှတစွာ
ပေါင်းစပ်ပါဝင်သည့် ခေတ်မီမူဝါဒတစ်ရပ်ဖြစ်ရန် လိုအပ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ
ရွှေပြည်စိုးက ကျောင်းသား ကျောင်းသူများ စိတ်ပိုင်း ဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး
အေးချမ်း စွာ ပညာသင်ကြားနိုင်ရေး ရေရှည်အကျိုးစီးပွား အတွက် Bullying နှင့် ကျောင်းတွင်းအကြမ်းဖက်မှု
မျိုးစုံကင်းစင်စေရေး မူဝါဒတစ်ခုခုကို သက်ဆိုင်ရာက သတ်မှတ်ထိန်းချုပ်ကာကွယ်ပေးပြီး
လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးအသိုက်အဝန်းဖွံ့ဖြိုးရေးကို ရှေးရှုသင့်ပါကြောင်း
အဆိုကိုထောက်ခံဆွေးနွေးသည်။
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ထွန်းက
ကျောင်းနေအရွယ် ကလေးသူငယ်များသည် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု
အပါအဝင် ကျောင်းတွင်း အကြမ်းဖက်မှုအမျိုးမျိုးကို ရင်ဆိုင် ကြုံတွေ့နေရပြီး ကိုယ်ထိလက်ရောက်
တိုက်ခိုက်ခံရခြင်း၊ ရန်ဖြစ်ခြင်း၊ နှုတ်ဖြင့် စော်ကားဆဲဆိုခြင်း၊ လှောင်ပြောင်ပြက်ရယ်ပြုခြင်း၊
အထီးကျန်အောင် သီးခြားခွဲထုတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အွန်လိုင်း မှတစ်ဆင့်
နှောင့်ယှက်ခြင်း စသည့်ပုံစံမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း။
ယင်းသို့သော အကြမ်းဖက်မှုများသည် ကျောင်းစုဝေးပွဲများ၊
ကျောင်းတွင်းလှုပ်ရှားမှုများ၊ စုပေါင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုများနှင့်
ပွဲတော်များကျင်းပချိန်တွင် မမျှော်လင့်ဘဲဖြစ်ပွား တတ်ပြီး ကျောင်းတွင်းအကြမ်းဖက်မှုများသည်
ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၏ကျောင်း တွင်း စီမံခန့်ခွဲမှုစနစ်နှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေကြောင်း၊
သို့ဖြစ်ပါ၍ ကျောင်းများတွင် စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးကို ကာကွယ်နိုင်ရန်နှင့်
အပြန်အလှန် ကြင်နာတတ်သော ကျောင်းယဉ်ကျေးမှု တစ်ရပ်တည်ဆောက်နိုင်ရန်အတွက် အဆိုကိုထောက်ခံပါကြောင်း
ဆွေးနွေးသည်။
ကော့ကရိတ် မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်က
ကျောင်းတွင်းအကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ တားဆီးကာကွယ်ရေးသည်
ကျောင်းတစ်ကျောင်း၊ ဆရာတစ်ဦး၊ မိဘ တစ်ဦးတည်းဖြင့် ဖြေရှင်းနိုင်သည့် ကိစ္စရပ်မဟုတ်ဘဲ
ကျောင်း၊ မိဘ၊ ဆရာ ဆရာမများ၊ ပညာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း
များ အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်
ပြည့်စုံသော နိုင်ငံ့သားကောင်း ပညာတတ်ကြီးများ ဖြစ်လာစေလိုကြောင်း၊ ကလေးတစ်ဦးချင်းစီ၏
လုံခြုံမှုသည် ပညာရေးအောင်မြင်မှု၏ အခြေခံဖြစ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်အတွက်အရေးပါသော
ရင်းနှီးမြှုပ်နှံမှုတစ်ရပ်လည်းဖြစ်ပါကြောင်း အဆို အား ထောက်ခံဆွေးနွေးသည်။
မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်က ယနေ့ခေတ်တွင်
ကလေးသူငယ်တစ်ဦး၏ ဘေးကင်းလုံခြုံမှုသည် ကျောင်းတံခါးအတွင်း၌သာ ကန့်သတ်မနေဘဲ ၎င်းတို့အသုံးပြုနေသည့်
မိုဘိုင်းဖုန်း၊ အင်တာနက်နှင့် လူမှုကွန်ရက်ပေါ်တွင်လည်း လုံခြုံမှုရှိရန် မဖြစ်မနေ
လိုအပ်လာ ပြီဖြစ်ကြောင်း၊ စာသင်ခန်းများအတွင်း လက်ကိုင်ဖုန်းမသုံးရ၊ ယူဆောင်မလာရဟု
ကန့်သတ် ထားသော်လည်း အသုံးပြု၍ရသည့် အခြားနေရာများတွင် သုံးစွဲမှုများရှိနေနိုင်သဖြင့်
ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံရေးနှင့် ဒီဂျစ်တယ်ခေတ် အန္တရာယ်များမှ ကာကွယ်ပေးနိုင်ရေးအတွက်
ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး သည် အထူးပင်အရေးကြီးပါကြောင်း
အဆိုကို ထောက်ခံဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ မှော်ဘီမဲဆန္ဒနယ်မှ
ဒေါက်တာနေလင်း၊ သရက်ချောင်းမဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊
ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး နှင့် ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်တို့က
ထောက်ခံအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်
တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့်
ကျောင်းတွင်း ဘေးကင်းလုံခြုံရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကိုလက်ရှိတွင်
လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများအားလုံး ဘေးကင်း
လုံခြုံသည့် ပညာသင်ယူမှုပတ်ဝန်းကျင်တွင် ပညာသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး
ဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်မှု
ရလဒ်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်သို့ ပြန်လည်တင် ပြနိုင်ရေး
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့်
ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းတွင်းအကြမ်းဖက်မှုဆိုင်ရာ
မူဝါဒတစ်ရပ်ကို ပညာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ
ပေါင်းစပ်ညှိနှိုင်းပြီး ကျောင်းနေအရွယ် ကလေးသူငယ် များသာမက ကျောင်းပြင်ပသို့ ရောက်ရှိနေသော
ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လိုအပ်ချက်များကိုပါ
ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လက်ရှိပြဋ္ဌာန်းထားပြီးဖြစ်သည့် ကလေး
သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child Rights Law, 2019)နှင့် ကလေးသူငယ်အခွင့်အရေး
များဆိုင်ရာ နည်းဥပဒေများ(Child Rights Rules) တို့တွင် ခေတ်နှင့်အညီ လိုအပ်သည့်ပြင်ဆင်
ဖြည့်စွက်မှုများ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်
ကျောင်းတွင်း အကြမ်းဖက်မှုကင်းစင်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုအား
မှတ်တမ်း ထားစောင့်ကြည့်သင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဗဟန်း
မဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏
အကြံပြုချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားလေ့လာဆောင်ရွက်သွားရန်
တိုက်တွန်းပါကြောင်း၊ ရှိပြီးဖြစ်သည့် ဥပဒေများနှင့်ဆက်စပ်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများ၊
ဝန်ကြီးဌာနများအားလုံး အချင်းချင်းညှိနှိုင်းပြီးကျောင်းတွင်း အကြမ်းဖက်မှုကင်းစင်ပပျောက်ရေးနှင့်
ထိန်းကျောင်း ရေးဆိုင်ရာမူဝါဒ Control Mechanism တစ်ရပ်ကို ချမှတ်လျက်ကနဦးအဆင့် အောင်မြင်အောင်
အကောင်အထည်ဖော်ပေးရန် လုပ်ငန်းစဉ်အားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ် ကြောင်း၊
တိုးတက်မှုများကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီးရလဒ်နှင့် တိုးတက်မှုများ
အပေါ်အခြေခံ၍ လိုအပ်သလို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
လွှတ်တော်က သဘောတူသည့်အတွက် အဆိုအား မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်းကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က
ပြင်ဆင်ချက်ဖြင့် အတည် ပြု၍ ပေးပို့လာသော “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက် ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း
ကော်မတီက ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အလိုက်လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ဥပဒေကြမ်းတစ်ရပ်လုံးနှင့်
စပ်လျဉ်း၍လွှတ်တော်က သဘောတူအတည်ပြုသည့်အတွက်လွှတ်တော် ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်
အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို နိုဝင်ဘာ
၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment