တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး
၁၅ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်
အမျိုးသားလွှတ်တော်တတိယပုံမှန်အစည်း အဝေး ၁၅ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့
၂၀၃ ဦး တက်ရောက်သဖြင့်
ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို
လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအမျိုးသား
လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးမြင့်စန်း၏ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး
ဦးစီးဌာနလက်အောက်ရှိ အလုပ်သမားကျွမ်းကျင် မှု လေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင်
ရပ်ဝေးသင်တန်းသားများတည်းခိုရန်အတွက်ပေ (၁၀၀x၅၀) RC နှစ်ထပ် သင်တန်းသားအိပ်ဆောင် တစ်လုံးအား
တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိ လိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးမျိုးအောင်က ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)တွင်
နယ်ဝေးမှလာရောက်၍ ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်မည့် သင်တန်းသား သင်တန်းသူများ
သင်တန်းကာလအတွင်းနေထိုင်နိုင်ရေးအတွက် ၅၆ ဦးဆံ့ သင်တန်းသားအိပ်ဆောင် ပေ(၁၀ဝx ၅ဝ)
RC နှစ်ထပ် တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ
ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေအရ၊ အသုံး ခန့်မှန်းခြေငွေစာရင်းတွင်
ထည့်သွင်းလျာထား တောင်းခံပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါကလုပ်ထုံးလုပ်နည်း၊
စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်
သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း၏ အားကစား ဝန်ကြီးဌာနအနေဖြင့် အားကစားပွဲဒိုင်များ
လေ့ကျင့်မွေးထုတ်ပြီး အရပ်ဘက်အားကစားပွဲများကို အကူ အညီပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်
တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံး
အဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ ဒိုင်သင်တန်းများနှစ်စဉ် ဖွင့်လှစ်လျက်ရှိရာ ပျမ်းမျှတစ်နှစ်လျှင်
ဒိုင်လူကြီး ၃၅၀ ခန့် မွေးထုတ်ပေးလျက်ရှိပြီး အလားအလာရှိ လူငယ်ဒိုင်လူကြီးများအား ဘောလုံးအဖွဲ့ချုပ်
ဒိုင်လုပ်ငန်းဌာနမှ ကမ္ဘာ့အသိအမှတ်ပြုဒိုင်လူကြီး ဖြစ်လာစေရန် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိ
ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အားကစားပြိုင်ပွဲများ
ကျင်းပပြုလုပ်ရန်နှင့် သင်တန်းများဖွင့်လှစ်ပို့ချရန် အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဒိုင်လူကြီး၊ နည်းပြများ တောင်းခံလာပါက သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့်
ချိတ်ဆက်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း
ဘောလုံးအားကစားနည်း အပါအဝင် အားကစားနည်းမျိုးစုံအတွက် ဒိုင်လူကြီး သင်တန်း ၁၀ ကြိမ်ဖွင့်လှစ်ရန်
ရန်ပုံငွေ ငွေကျပ် သိန်း ၂၂၀ လျာထားဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား
လှယ် အမှတ်(၁၀) စိုင်းဝင်းခိုင်၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု
အုမ္မသီးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်
ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို
သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး
ဦးအေးကျော် က ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုများကြောင့်
နောင်ချိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အားပေး
ထရန်စဖော်မာများ ပျက်စီးခဲ့ပါကြောင်း၊ အုမ္မသီး ကျေးရွာအနီးရှိ ဆမ္မဆယ်ကျေးရွာ၊ နားခေါ့ကျေးရွာ၊
နားကျောင်းခမ်းကျေးရွာ၊ ရေဝင်ကျေးရွာနှင့် သုံးဆယ်ကျေးရွာတို့ရှိ ဓာတ်အားလိုင်းနှင့်
ထရန်စဖော်မာများသည် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သော်လည်း ပျက်စီးမှုပမာဏ
နည်းပါးသည့်အတွက် ကျေးရွာမီးလင်းရေးကော်မတီများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး
ဓာတ်အားရယူသုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်း။
အုမ္မသီးကျေးရွာသည် အကြမ်းဖက်သောင်းကျန်း
သူများကြောင့် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာပျက်စီးမှု
ပမာဏကြီးမားသဖြင့် ဓာတ်အားပြန်လည် သုံးစွဲနိုင်ရန်အတွက် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ
ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအား
၂၀၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ရန် လျာထားပြီးဖြစ်ပြီး
ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ်(၂) ဦးတင်မျိုးဇော်၏ မကွေး တိုင်းဒေသကြီး မကွေးမြို့နယ် လက်ပံတောကျေးရွာ အုပ်စု
စည်ပင်သာကျေးရွာ လျှပ်စစ်မီးလင်းရေး အတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့်
ထရန်စဖော်မာ ချထားဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးအေးကျော်က စည်ပင်သာကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အား
လိုင်း ၁ ဒသမ ၂ မိုင် နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း
လုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ရန်
လျာထားပြီး ဘဏ္ဍာငွေရရှိမှုအခြေအနေအပေါ် မူတည်၍အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်နှင့်
မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို ပေ (၆၀ x ၃၀) RC နှစ်ထပ်အဆောက်အအုံ
ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေခွဲဝေချထား
ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထား တောင်းခံရာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မီးရှို့
ဖျက်ဆီးခံခဲ့ရသည့် ရုံးအဆောက်အအုံများ၊ မန္တလေး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့်
ပျက်စီးခဲ့သည့်ရုံးများအား ဦးစားပေးလျာထားတောင်းခံခဲ့သဖြင့် ခန္တီးခရိုင်ဦးစီးမှူးရုံးနှင့်
ခန္တီးမြို့နယ်ဦးစီးမှူး ရုံးအဆောက်အအုံများသည် လျာထားတောင်းခံမှုတွင် မပါရှိခဲ့ပါကြောင်း။
လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း
အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ရုံးများ၊ ဌာနပိုင်ရုံး ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော
ရုံးများနှင့် အမှန်တကယ် လူနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများအား အသစ်ပြန်လည် ဆောက်လုပ်နိုင်ရေးအတွက်
လျာထားတင်ပြတောင်းခံ ခြင်းဖြစ်သဖြင့် ခန္တီးခရိုင်ဦးစီးမှူးရုံးနှင့် ခန္တီးမြို့နယ်
ဦးစီးမှူးရုံး ဆောက်လုပ်ရန် လျာထားတောင်းခံမှုတွင် မပါရှိသောကြောင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်
ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ်
မူတည်၍ ဦးစားပေးအစီအစဉ်အလိုက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ်(၁၀) ဦးအောင်ဆန်းထူး၏ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာ၍ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့အနီး
တစ်ဝိုက်ရှိ မြို့ရွာများတွင် လာရောက်နေထိုင်ကြသူ များအတွက် မန္တလေးမြို့၌ ဗန်းမော်ခရိုင်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယာယီရုံးခွဲ လာရောက်ဖွင့်လှစ်ပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလင်းဇော် ထွန်းက အင်တာနက်နှင့်
လျှပ်စစ်မီးအခက်အခဲ ကြောင့် ကချင်ပြည်နယ်(ယာယီရုံးခွဲ)အား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင်
မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ စတင်ဖွင့်လှစ်၍ ကချင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာလာသည့်
ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း
လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အလားတူ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၄) ရွှေစည်းခုံဘုန်းကြီးကျောင်းတွင်
ဖွင့်လှစ်ထားသည့် ယာယီခိုလှုံရာစခန်းရှိ ဗန်းမော် ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား
ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ
ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ
ကချင် ပြည်နယ်(ယာယီရုံးခွဲ)ကို ၂ဝ၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် အထိ ဖွင့်လှစ်ပေးခဲ့ပြီး
မြစ်ကြီးနားမြို့နယ်တွင် အင်တာနက်၊ လျှပ်စစ်မီး ပြန်လည်ကောင်းမွန်ခြင်းနှင့် ယာယီနေရပ်စွန့်ခွာ
ပြည်သူအများစုရောက်ရှိနေထိုင်မှုကြောင့် အဆိုပါရုံးခွဲမှ အရာထမ်း၊ အမှုထမ်းများအား
မြစ်ကြီးနားမြို့သို့ ပြန်လည်ရွှေ့ပြောင်း တာဝန်ထမ်းဆောင်စေပြီး မြစ်ကြီးနားမြို့နယ်ရှိ
ယာယီ ခိုလှုံရာစခန်းများ၌ နေထိုင်လျက်ရှိသည့် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများအား
ဆက်လက်ဆောင်ရွက်စေခဲ့ပါကြောင်း။
ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ၍
မန္တလေးမြို့၊ ပြင်ဦးလွင်မြို့အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ရောက်ရှိနေထိုင်ကြသည့်
ယာယီနေရပ် စွန့်ခွာပြည်သူများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား
လျှောက်ထားခြင်းကို မြစ်ကြီးနားမြို့နယ်သို့ လာရောက်လျှောက်ထားရန် မလိုအပ်ဘဲ ရောက်ရှိနေထိုင်သည့်
မြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါကြောင်းနှင့်
မိမိမူလနေထိုင်သည့် ကချင်ပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ အိမ်ထောင်စု
လူဦးရေစာရင်းမပြောင်းရွှေ့ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြား စတင်ဆောင်ရွက်သူများအား ကချင်
ပြည်နယ် သင်္ကေတဖြင့်သာ ထုတ်ပေးဆောင်ရွက်လျက်ရှိသဖြင့် မန္တလေးမြို့ ဗန်းမော်ခရိုင်(ယာယီရုံးခွဲ)အား
ဖွင့်လှစ်ရန် ဝန်ကြီးဌာနအနေဖြင့် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်ခင်ဆွေ၏ ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်း ကျင်ကို
ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ
ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှု ကို အဆင့်လိုက် လျှော့ချကန့်သတ်နိုင်ရေး
ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက
ဆက်လက်ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အမှတ်(၁၂) ဦးဝေယံမျိုးက ကမ္ဘာ့နိုင်ငံ အများအပြားသည် ပလတ်စတစ်အမှိုက်ပြဿနာကို
ဖြေရှင်းရန်ဥပဒေအရ တားမြစ်ခြင်း၊ အခွန်အခ ကောက်ခံခြင်းနှင့် စီးပွားရေးဆိုင်ရာ မက်လုံးပေးခြင်း
စသည့် မူဝါဒအမျိုးမျိုးကို ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအတွက် အရေးကြီးသော သင်ခန်းစာများကို
လေ့လာရရှိနိုင်ပါကြောင်း၊ ဥပဒေဖြင့်လုံးဝတားမြစ် ခြင်းတစ်ခုတည်းဖြင့် မလုံလောက်ဘဲဈေးကွက်
အတွင်း သင့်တင့်သော အစားထိုးပစ္စည်းများ လုံလောက်စွာရရှိစေရေး၊ စီးပွားရေးဆိုင်ရာစည်းမျဉ်း
များကျင့်သုံးရေးနှင့် အဆင့်လိုက်အကောင်အထည်ဖော်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်မှသာ
ရေရှည် တည်တံ့သော အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ လက်ရှိလူမှုစီးပွားရေးအခြေအနေ၊
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ယန္တရားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏အခြေအနေအရ
ရုတ်တရက် လုံးဝပိတ်ပင်ခြင်းထက် ၃ နှစ်မှ ၅ နှစ်အတွင်း အဆင့်လိုက် လျှော့ချမည့် မူဝါဒအစီအမံသည်
အကောင်အထည်ဖော်ရန် အသင့်တော်ဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ ပလတ်စတစ်အိတ်များကို တားမြစ်ရာတွင်
ဈေးကွက်၌ အစားထိုးပစ္စည်း လုံလောက်စွာ ရရှိရန်လိုအပ်ပါကြောင်း၊ ပြည်တွင်း၌ ထွက်ရှိသောသဘာဝကုန်ကြမ်းများ
(ဝါး၊ ကြိမ်၊ စက္ကူ၊ အုန်းဆံ၊ အင်ဖက်၊ ငှက်ပျောဖက်)တို့ဖြင့် ပြုလုပ်သောအိတ်များနှင့်
ဆွေးမြည့်လွယ်သော Bioplastics ထုတ်လုပ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား
အသေးစားချေးငွေပံ့ပိုးပေးခြင်း၊ နည်းပညာ ကူညီပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်များ
ပေးအပ် ရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်
အဆိုအား ထောက်ခံပါကြောင်းဆွေးနွေးသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား
လှယ်အမှတ်(၁၂) ဒေါ်မာရီအားမူ က ပလတ်စတစ် ၏ အသုံးဝင်မှုကိုသာ အလေးထားအသုံးပြုပြီး စနစ်တကျ
စွန့်ပစ်မှုမရှိခြင်း၊ တစ်ခါသုံးပစ္စည်းများကို အလွန်အကျွံအသုံးပြုခြင်း၊ Recycle စနစ်များအားနည်းခြင်းတို့ကြောင့်
သဘာဝပတ်ဝန်းကျင် အပေါ်သို့ တဖြည်းဖြည်း ဆိုးကျိုးများကြီးမားများပြား လာသည်ကို တွေ့မြင်ရပါကြောင်း၊
အချို့သော ကမ္ဘာ့ နိုင်ငံများသည် ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရန် ဥပဒေမူဝါဒနှင့် လုပ်ငန်းစီမံချက်များ
ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် မလုံလောက်ဘဲ ပြည်သူလူထုအား
အသိပညာပေးခြင်းနှင့် အလေ့အကျင့်များ ပြောင်းလဲရေး၊ အစားထိုးပစ္စည်းများ ရရှိနိုင်ရေး၊
အမှိုက်သိမ်းဆည်းရေးစနစ်နှင့် စည်းကမ်းဖောက်ဖျက်သူများကို အရေးယူကြပ်မတ်စေရေးတို့ကို
ပေါင်းစပ်ဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ၏
အတွေ့အကြုံကောင်းများကိုလေ့လာပြီး မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကိုက်ညီသော
မူဝါဒများကို အဆင့်လိုက်အကောင်အထည်ဖော်သင့်ပါ ကြောင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး၊
စနစ်တကျစွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို နိုင်ငံတော်အဆင့်
လူမှုအဖွဲ့အစည်းအဆင့်နှင့် တစ်ဦးချင်းအဆင့်အထိ ပူးပေါင်း ဆောင်ရွက်နိုင်ပါရန် အဆိုအား
ထောက်ခံပါကြောင်းဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အမှတ်(၁၂) ဦးမင်းစိန်က ပလတ်စတစ် ကြွပ်ကြွပ်အိတ်ထဲကို ပူနွေးသောအာဟာရများ၊
ဟင်းရည်များ၊ လက်ဖက်ရည်၊ ကော်ဖီ အစရှိသည့် အပူရည်များကို ထည့်သွင်းအသုံးပြုခြင်းဖြင့်
ပလတ်စတစ်နှင့် အပူဓာတ်ပြုပြီး ကင်ဆာဖြစ် စေနိုင်သော ဓာတုပစ္စည်းများကို ရေရှည်စားသုံးမိပါက
ဟော်မုန်းစနစ်ကိုထိခိုက်စေပြီး ကိုယ်ခံအားကျဆင်းခြင်းနှင့် ကင်ဆာရောဂါအပါအဝင် အခြားသောနာတာရှည်
ရောဂါများ ဖြစ်ပွားနိုင်ခြေကိုမြင့်မားစေပါကြောင်း၊ ပလတ်စတစ်အိတ်များကို မီးရှို့ဖျက်ဆီးသည့်အခါ
လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ထွက်ပေါ်လာ
ပြီး လေထုကိုညစ်ညမ်းစေသောကြောင့် ပလတ်စတစ်များသည် လူနှင့်သတ္တဝါများ၏ ကျန်းမာရေးကို
ထိခိုက်စေရုံသာမက အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေပါကြောင်း။
နေ့စဉ်ဘဝတွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို
တတ်နိုင်သမျှလျှော့ချနိုင်ရန်အတွက် သဘာဝပစ္စည်းများကို အစားထိုးအသုံးပြုခြင်းနှင့်
အသုံးပြုပြီး ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကို စနစ်တကျစွန့်ပစ်၊ ပြန်လည်သိမ်းဆည်း၍ ကျန်းမာရေးကို
မထိခိုက်စေသော လူသုံးကုန်ပစ္စည်းများ ပြန်လည်ပြုလုပ်အသုံးပြုခြင်းဖြင့် မိမိတို့၏ ကျန်းမာရေးနှင့်
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မည် ဖြစ်သောကြောင့် အဆိုအားထောက်ခံပါကြောင်းဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း
သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ရပ်အဖြစ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပူးပေါင်း
ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ပင်လယ်အတွင်းသို့
ရောက်ရှိမှုကို လျှော့ချရန်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများ အားကောင်းလာစေရန်အတွက်လျှော့ချခြင်း၊
ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ် ခြင်း(Reduce - Reuse - Recycle
3Rs)နှင့် ပတ်လည်စီးပွားရေး (Circular Economy) တို့ကိုဖော်ဆောင်ရန် သက်ဆိုင်ရာအစိုးရဌာနများ၊
ပုဂ္ဂလိကကဏ္ဍ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပလတ်စတစ်လျှော့ချရေး ရည်မှန်းချက်များဖြစ်သည့်
ပလတ်စတစ်စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျှော့ချရန်၊ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်သို့ရောက်ရှိမှုလျှော့ချရန်နှင့်
ပြန်လည်အသုံးပြုမှု (Recycle)အားပေးရန် အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်
(၂ဝ၂၆-၂ဝ၃၅) ကို ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းအစီအစဉ်ကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကာလတို (၂၀၂၆-၂၀၂၈)၊ ကာလလတ် (၂၀၂၆-၂၀၃၀)၊ ကာလရှည်
(၂၀၂၆- ၂၀၃၅) ဟူ၍ အချိန်ကာလများ သတ်မှတ်ပြီး ထုတ်လုပ်သူ၊ ရောင်းချသူနှင့် သုံးစွဲသူအားလုံးပါဝင်သည့်
တာဝန်ယူမှုစနစ်တစ်ရပ် တည်ဆောက်သွားမည်ဖြစ်ရာ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ကန့်သတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊
Extended Producer Responsibility- EPR စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့၊ ပလတ်စတစ်ကုန်ကြမ်း၊
ကုန်ချောတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထုတ်လုပ်မှုနှင့် တင်သွင်းမှုစိစစ်ကြပ်မတ်ခြင်းနှင့်ပတ်သက်၍
ပြန်လည်အသုံးပြုနိုင်သောပလတ် စတစ်ဖြတ်စ (Recycle Plastic Scrap) တင်သွင်း/တင်ပို့ခြင်းကို
ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ရောနှောပါဝင်မှုမရှိဘဲ စက်ရုံများတွင် ပြန်လည်ဆန်းသစ်အသုံးပြုနိုင်သည့်
ကုန်ကြမ်းများအဖြစ် သန့်စင်ပြီး ကုန်ကြမ်းများကို စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ စက်ရုံလုပ်ငန်း
အရွယ်အစားအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် (Environmental
Impact Assessment)ဆောင်ရွက် ထားခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း စနစ်တကျ
ဆောင်ရွက်လျက်ရှိပါကြောင်း။
ပလတ်စတစ်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များထုတ်လုပ်သုံးစွဲမှုနှင့်
ပတ်သက်ပြီး ပြည်သူလူထု ကို အသိပညာပေးခြင်း၊ လူထုလှုပ်ရှားမှုများနှင့် ဒေသန္တရအစီအစဉ်များကို
ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စံနမူနာပြ အကောင်အထည်ဖော်မှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး
လက်တွေ့ဆောင်ရွက်ချက်ဖြစ်သည့် Sunday Stop ၊ Monday Stop အစီအစဉ်များအဖြစ်အပတ်စဉ် ပလတ်စတစ်နှင့်
ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း။
ပလတ်စတစ်ထုတ်လုပ်သည့် ဓာတုကုန်ကြမ်းများ
စိစစ်နိုင်ရန်အတွက် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လုပ်ငန်း လိုင်စင်၊ မှတ်ပုံတင်နှင့်
စံချိန်စံညွှန်းထောက်ခံချက် များကို ပူးပေါင်းစိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင်ကျန်းမာရေးဝန်ကြီးဌာနနှင့်
ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ
စီမံခန့်ခွဲမှုဆိုင်ရာ စံပြုလုပ်ထုံးနှင့် လုပ်ငန်းလမ်းညွှန် ဆိုင်ရာကိစ္စများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်
မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ် လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့်
စံပြုလုပ်ထုံးလုပ်နည်းများ (Standard Operating Procedures-SOP)ကို အကောင်အထည်ဖော်ရာ
တွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏
ဦးဆောင် လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊
ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဏ္ဏဝါပတ်ဝန်း ကျင်ညစ်ညမ်းမှုကို
ထိရောက်စွာ ကာကွယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
နိုင်ငံတကာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊
ဥပဒေ၊ မူဝါဒများ၊ အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်(၂၀၂၆-၂၀၃၅)နှင့်အညီ
တစ်ခါသုံးပလတ်စတစ်ပစ္စည်းများနှင့် ကြွပ်ကြွပ် အိတ်များ သုံးစွဲမှုလျှော့ချရေးအတွက်
စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း အသိပညာပေးခြင်းနှင့် ပလတ်စတစ်အစားထိုး
ပစ္စည်းများပိုမိုအသုံးပြုလာစေရေးအားပေးမြှင့်တင် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်
ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်း ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ
အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း၍
အဆင့်လိုက် စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုရှင်၏သဘောထားအား မေးမြန်းရာ အဆိုရှင်က အဆိုအား အတည်ပြုပေးပါရန်ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုအားအတည်ပြုရန်လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသည့်အတွက် အဆိုအား အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက် တတိယအကြိမ် အမျိုးသား လွှတ်တော်တတိယပုံမှန်အစည်းအဝေး
၁၅ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီးအစည်းအဝေး ၁၆ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၁ ရက်တွင်
ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment