နေပြည်တော် နိုဝင်ဘာ ၁၈
ပညာရေးတက္ကသိုလ်မှ လူငယ် ဆရာ ဆရာမများမှတစ်ဆင့် ကျေးလက်ဒေသရှိ မျိုးဆက်သစ်လူငယ်များကို အသိပညာများပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ပညာရည်ပြည့်ဝလာစေရန်၊ ဗဟုသုတကြွယ်ဝလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့အဖွဲ့အစည်း၏ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ၊ အနာဂတ်ခေါင်းဆောင်များဖြစ်၍ အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်ပါကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာ၊ အသိပညာများကို မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းပြီး ပြန်လည်သင်ကြားပေးရမည့် မြင့်မြတ်သည့် လူငယ် ဆရာ ဆရာမများကို ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာ ဆရာမများအဖြစ် မိမိဒေသလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ကျေးလက်လူငယ်ကဏ္ဍအပါအဝင်၊ ဘက်စုံလူငယ်ကဏ္ဍကို မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တိုက်တွန်းပြောကြားသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ရ လူငယ်ဆရာ ဆရာမများအား ယမန်နေ့ညနေပိုင်းက Naypyitaw State Academy ရှိ Recreation Center ၌ တွေ့ဆုံစဉ် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်ဆရာ ဆရာမများက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီး ပြန်လည်ဖြေကြားပေးခဲ့ပြီး ဗဟုသုတများတိုးပွား၍ စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန် သုတ၊ ရသစာအုပ်များကို လက်ဆောင်ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment