နေပြည်တော် နိုဝင်ဘာ ၁၈
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့တက်ရောက်၍ နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခြင်း၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် နှုတ်ခွန်းဆက်စကား ပြောကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက
ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ
ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊
ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ တက်ရောက်ကြပြီး
ဧည့်သည်တော် ၃၀၀ က လေ့လာသူအဖြစ် တက်ရောက်ကြကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်
ကော်မတီဥက္ကဋ္ဌတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက
တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့်
လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၀ တက်ရောက်သဖြင့်
၉၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ
အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော
တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ
ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က
ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး
ထုတ်ပြန်နိုင်ရန်အတွက် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
နည်းဥပဒေ ၉၂ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်
အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်
ဒေါက်တာမြင့်သူမြိုင်က ကော်မရှင်ဝန်ထမ်းများအပေါ် အကြံပြုဆွေးနွေးချက်နှင့်စပ်လျဉ်း၍
ကော်မရှင်ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းများနည်းတူ အခွင့်အရေးများရရှိခံစားနိုင်ရန်
သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်
ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရုံးခွဲများဖွင့်လှစ်မှုအပေါ် အကြံပြုဆွေးနွေးချက်နှင့်စပ်လျဉ်း၍
လက်ရှိတွင် ရုံးချုပ်နှင့် ရုံးခွဲ (၅) ခု ဖွင့်လှစ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးက
မူလဖွဲ့စည်းပုံအရ ခွင့်ပြုထားရှိပါကြောင်း၊ ယခုအခါ ရုံးချုပ်နှင့် ရုံးခွဲ (၄) ခု ရှိပြီး
နောက်ရုံးခွဲတစ်ခုကို ရှမ်းပြည်နယ်တွင် မြေနေရာရရှိနိုင်ရေး ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး
ရုံးခွဲများတိုးချဲ့နိုင်ရန် ဖွဲ့စည်းပုံပြင်ဆင်ချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင်
အနည်းဆုံးကော်မရှင်ရုံးခွဲတစ်ခုစီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လူ့အခွင့်အရေး အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပွဲများ
ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ စီးပွား ရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များသို့
သွားရောက်ဟောပြောခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးလက်နေပြည်သူများထံ
လူ့အခွင့်အရေး အသိပညာပေးမှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နေရပ်စွန့်ခွာပြည်သူများအပေါ် အကြံပြုချက်နှင့်စပ်လျဉ်း၍
ပြည်သူများအနေဖြင့် အချိန်အတိုင်း အတာတစ်ခု ကြာမြင့်လာသည်နှင့်အမျှ အခြေခံလူ့အခွင့်အရေးများ
အပြည့်အဝပြန်လည်ရရှိနိုင်စေ ရေး ဆက်လက်လေ့လာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပို့ချမှုနှင့်စပ်လျဉ်း၍
၂၀၂၅ ခုနှစ် အကျဉ်းဦးစီးဌာနတွင် သင်ခန်းစာပို့ချမှု (၁)ကြိမ်သာ ဆောင်ရွက်နိုင်ခဲ့သော်လည်း
သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများအား သင်ခန်းစာများ
ပိုမိုပို့ချနိုင်ရေးကော်မရှင်မှ အဆိုပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ကယားပြည်နယ်၊
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ တိုင်ကြားချက် လက်ခံရရှိမှုကို ဖော်ပြထားခြင်း
မရှိခြင်းနှင့်စပ်လျဉ်း၍ နယ်မြေအခြေအနေအရ တိုင်တန်းချက်များ ပေးပို့နိုင်ခြင်းမရှိဟု
ယူဆရပါကြောင်း၊ “တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း” ကြော်ငြာချက်ကို နိုင်ငံပိုင်သတင်းစာတွင်
တစ်လလျှင် (၂) ကြိမ်နှင့် FM အသံလွှင့်ဌာနများတွင် အခါအားလျော်စွာ ထည့်သွင်းဖော်ပြလျက်ရှိပါကြောင်း၊
ကော်မရှင် website တွင်လည်း ကြည့်ရှု၍ တိုင်ကြားနိုင်ပါကြောင်း။
ကော်မရှင်ထံ အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက
ပြန်ကြားမှုရာခိုင်နှုန်း နည်းပါးခြင်းနှင့်စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာပါ ပြန်ကြားရန်ကျန်ရှိသော
တိုင်တန်းစာ (၂၅) စောင်အနက် တိုင်တန်းစာ (၂၂) စောင်ကို ၂၀၂၆ ခုနှစ်အတွင်း၌ အကြောင်း
ပြန်ကြားလာခဲ့ပြီးဖြစ်ပါ၍ ပြန်ကြားလာရန် (၃) စောင်သာ ကျန်ရှိနေပါကြောင်း။
ကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေများကို လိုအပ်ချက်များရှိနေပါက
ပြန်လည်သုံးသပ်သင့်ပါကြောင်း အကြံပြုချက်နှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်တွင် ကော်မရှင်
အဖွဲ့ဝင်များပါဝင်သည့် ကော်မရှင်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်းပြီး
ပြန်လည်လေ့လာသုံးသပ်လျက်ရှိပါကြောင်း။
Online မှတစ်ဆင့် တိုင်ကြား/ ဖြေရှင်းပေးနိုင်အောင်လည်း
Application စီစဉ်ဆောင်ရွက်သင့် ကြောင်းနှင့်စပ်လျဉ်း၍ “တိုင်ကြားနိုင်ပါကြောင်း” ပြည်သူသို့
အသိပေးခြင်း သတင်းစာသားတွင်ပါဝင်သည့် QR Code စနစ်ဖြင့် ကော်မရှင် Website တွင် လွယ်ကူစွာ
ဝင်ရောက်လေ့လာပြီး တိုင်ကြားစာဌာနများသို့ တိုင်ကြားနိုင်ရန် ဆောင်ရွက်ထားရှိပါကြောင်း။
ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍
ကော်မရှင်အနေဖြင့် အလေးထား၍ မှတ်တမ်းများ ပြုစုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကော်မရှင်သို့ တိုင်တန်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍
တိုင်တန်းသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးနှင့်စပ်လျဉ်း၍ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။
ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့အား အကြံပြုချက်နှင့်စပ်လျဉ်း၍
လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ရှုစစ်ဆေးခြင်းများကို နယ်လ်ဆင်မန်ဒဲလား စည်းမျဉ်းများ
(Nelson Mandela Rules)၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
အမှုသတင်းအချက်အလက်များပေးပို့ရန် အကြံပြုချက်နှင့်စပ်လျဉ်း၍
ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းစာများတွင် ကော်မရှင်မှ
(၆) လတစ်ကြိမ် ထုတ်ပြန်လျက်ရှိပြီး တိုင်တန်းနိုင်သည့် နေရာများလည်း ထည့်သွင်းဖော်ပြထားပါကြောင်း။
ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့်စပ်လျဉ်းသော အကြံပြုချက်များနှင့်စပ်လျဉ်း၍
ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်ရသည့် အဖွဲ့အစည်းမဟုတ်ဘဲ
ကော်မရှင်ဥပဒေနှင့်အညီ လူ့အခွင့်အရေးချိုးဖောက်ခံရသော ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးပြီး
အကြံပြုချက်ပေးပို့ခြင်းကိုသာ ဆောင်ရွက်ရသော လွတ်လပ်သည့ အဖွဲ့အစည်း ဖြစ်ပါကြောင်း။
ကော်မရှင်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို
ထိခိုက်မှုမရှိစေနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့၏ မိတ်ဖက်နိုင်ငံများ၊
အဖွဲ့အစည်းများနှင့်နှစ်နိုင်ငံချင်းဖြစ်စေ၊ အဖွဲ့အစည်းနှစ်ရပ်အကြားဖြစ်စေ ထိတွေ့ဆက်သွယ်
ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်၏ ဆွေးနွေးအကြံပြုချက်အတိုင်း
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံမှုနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
အပေါ်ထားရှိသော သဘောထားများကို လာမည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါကြောင်း။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ”
ကို မူကြမ်းအဆင့်မှ ဥပဒေ ပြဋ္ဌာန်းနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်
အကြံပြုဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ထိုဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်ကို
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီး
ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သော
အသိပညာပေးစာအုပ်စာတမ်းများကို ဖြန့်ဝေ မှုဆိုင်ရာ အကြံပြုချက်နှင့်စပ်လျဉ်း၍ နှစ်စဉ်
စဉ်ဆက်မပြတ် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
၂၀၂၅ ခုနှစ် အစီရင်ခံစာကို ကိုယ်စားလှယ်များ၏ အပြုသဘောဆောင်သော ဆွေးနွေးအကြံပြုချက်များအပေါ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အလေးထားဂရုပြု ဆောင်ရွက်ရန်လိုအပ်သော
အချက်အလက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က
အဆိုပါနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ
ကျခံသုံးစွဲခဲ့သည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်က ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်များတွင်
ပြန်လည်ထူထောင်ရေးနှင့်နေရာချထားရေးလုပ်ငန်းများ၌ တန်ဖိုးနည်းအိမ်ရာ အလုံး(၆၀၀)တည်ဆောက်ရာတွင်
လိုအပ်သော ဘိလပ်မြေနှင့် အမိုးသွပ်များဝယ်ယူရန်အတွက် ကုန်ကျစရိတ် ငွေကျပ် ၁,၈၂၇ သန်းကိုလည်းကောင်း၊
ကရင်ပြည် နယ်အစိုးရအဖွဲ့မှ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများအား
ပြည်နှင်ရန် စောင့်ဆိုင်းနေစဉ်ကာလအတွင်း ၎င်းတို့အား ကျွေးမွေးစရိတ်အဖြစ် ငွေကျပ် ၁,၃၀၃
ဒသမ ၃၈ဝ သန်းကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အရေးပေါ်ရန်ပုံငွေမှ ကျခံ သုံးစွဲနိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ
တင်ပြခဲ့မှုအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၆) နှင့် (၉/၂၀၂၆)
တို့မှ ခွင့်ပြုခဲ့ပါကြောင်း။
သို့ပါ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေ
ဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတို့မှ
သီးခြားစီဆောင်ရွက်ရသည့် သဘောရှိသည့်အတွက် ဝန်ကြီးဌာနက ကြီးကြပ်သော ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေမှရယူပြီး
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့သို့ လွှဲပြောင်းပေးခဲ့ရပါကြောင်း၊
အဆိုပါပြည်နယ်နှစ်ခုသို့ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေမှ
ခွင့်ပြုခဲ့မှုသည် ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်အဖြစ် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသဖြင့်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအပိုင်း ၄၊ အရေးပေါ်ရန်ပုံငွေ
ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှတ်တမ်းတင်ခွင့်ပြုပါရန်
ရှင်းလင်းတင်ပြသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင်ဦးလွင်က ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားအတွက်
ကျခံသုံးစွဲခဲ့သည့် သာမန်အသုံးစရိတ် ထပ်မံလိုအပ်ငွေ ၈၀၃ ဒသမ ၈၉၁ သန်းကို ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ
ကျခံသုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း။
သို့ပါ၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်
မဟာမင်္ဂလာအခမ်းအနားအတွက် ကျခံသုံးစွဲခဲ့သည့် ထပ်မံလိုအပ်ငွေကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲမှုအား
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှတ်တမ်းတင်ထားရှိပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်က ဝန်ကြီးဌာနအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏
တာဝန်ပေးချက်အရ နိုင်ငံတော်ရုံးများ၊ နိုင်ငံတော်ဧည့်ဂေဟာများကို ပြင်ဆင်ထိန်းသိမ်းခြင်းများ
ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရဧည့်ဂေဟာ သုံးလုံး အကြီးစားပြုပြင်ခြင်းလုပ်ငန်းအတွက်
လိုအပ်ငွေ ငွေကျပ် ၁၄၉၃ ဒသမ ၆၄၄ သန်းနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက်တွင်ရှိသည့်
ရထားလမ်းနှင့် ကားလမ်းကူး(Level Crossing) များနှင့် ရထားလမ်းခုံးကျော်တံတားများကို
စီမံကိန်းအဖြစ် စီမံချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတင်ပြမည့်နေရာသည် နေပြည်တော်
ပုဗ္ဗသီရိမြို့နယ် အတွင်းရှိသည့် ရန်ကုန်-မန္တလေးမီးရထားလမ်း ခုံးကျော်တံတားတစ်စင်း
ပေ ၁၄၀၀ တည်ဆောက်ခြင်းအတွက် ငွေကျပ် ၃၃၇၁၈ သန်းကို တင်ပြခြင်းဖြစ်ပါကြောင်း။
အဆိုပါ လုပ်ငန်းနှစ်ခုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏
မူလရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးပြုခွင့်လျာထားခြင်းမရှိပါသောကြောင့် နိုင်ငံတော်၏
လိုအပ်ချက်အရ အဆိုပါလုပ်ငန်း နှစ်ရပ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စိစစ်ဖော်ပြပါအတိုင်း
အရေးပေါ်ရန်ပုံငွေမှလျာထား၍ ကျခံသုံးစွဲရခြင်းဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က
အတည်ပြု မှတ်တမ်းတင်ထားရှိပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၂၆-၂၀၂၇
ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ
သာသနာရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၁ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း
၂ ခု၊ ကယားပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆိုင်ရာ ၁ ခုနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဆိုင်ရာ
လုပ်ငန်း ၂ ခု စုစုပေါင်း လုပ်ငန်း ၆ ခုအတွက် ငွေကျပ် ၃၉၁၄၅ ဒသမ ၉၁၅ သန်း ကျခံသုံးစွဲထားမှုကို
လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံတော်၏အခြေ အနေအရပ်ရပ်နှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတ
ပြောကြားခဲ့သည့် နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍
လွှတ်တော်၏ သဘောထားရယူမှတ်တမ်းတင်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင် ဘာ ၂၉ ရက်မှ နိုဝင်ဘာ
၁၈ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး မကြာခင် အချိန်ပိုင်းတွင် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ
ပြီးမြောက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ကာလတွင် ဥပဒေပြုရေးလုပ်ငန်းတာဝန်များကို
အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး
ကို ကျေးဇူးတင်ရှိကြောင်း။
ယခု တတိယပုံမှန်အစည်းအဝေးကာလအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို
၁၁ ရက် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ မိမိတို့လွှတ်တော်၏ ဥပဒေပြုရေးအပိုင်းတွင် ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို
သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်
ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၂၆ - ၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ လွှတ်တော်နှစ်ရပ်
သဘောတူပေးပို့လာသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အကာအကွယ်ပေးရေးဥပဒေကြမ်းကို လွှတ်တော်တွင် ယနေ့မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရေး
ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို
စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု မှတ်တမ်းတင်ပေးနိုင်ခဲ့ကြောင်း။
အုပ်ချုပ်ရေးအပိုင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှပေးပို့သော
ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအမည်ပြောင်းလဲခြင်း၊ ပြည်ထောင်စုဝန်ကြီး အစားထိုးခန့်အပ်ခြင်း၊
ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီး ၂ ဦး ခန့်အပ်တာဝန်ပေးခြင်း၊ ဥပဒေကဲ့သို့
အာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်စေရေးကိစ္စတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးခြင်း၊
အဆုံးအဖြတ်ရယူအတည်ပြုခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုမှ
ပြည်ထောင်စုဝန်ကြီးနှစ်ဦး ပြောင်းလဲတာဝန်ပေးအပ် ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန် ပေးအပ်ခြင်းတို့ကိုလည်း လွှတ်တော်က
မှတ်တမ်းတင်ခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
နှစ်ပတ်လည်အစီရင်ခံစာများ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတို့နှင့်
စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးခြင်း၊ အတည်ပြုမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
နိုင်ငံတော်သမ္မတထံမှပေးပို့သော ၂၀၂၆ ခုနှစ်
စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့ အတွက် ဒီဇယ်ဆီ HSD(500 ppm)နှင့် သဘာဝ ဓာတ်ငွေ့ရည်
(LNG) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကိစ္စ၊ အာဆီယံ ရေနံဖူလုံမှုဆိုင်ရာ
သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရတို့အကြား
ဝင်ငွေ အပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုကာကွယ်ရေးသဘောတူစာချုပ်ကိစ္စ၊
ဘယ်လာရုစ်သမ္မတနိုင်ငံ DBRB နှင့် Belinvest-bank (ဘယ်လင်ဗက်စ်ဘန့်) JSC တို့ထံမှ ပို့ကုန်ချေးငွေ
ရယူနိုင်ရေးကိစ္စ၊ ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်း၏ လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က
ချေးငွေထုတ်ချေးခွင့်ပြုနိုင်ရေးကိစ္စများ၊ ပလက်ဝ- ဇိုရမ်ပူရ် ၂ လမ်းသွား လမ်းဖောက်လုပ်ခြင်း
စီမံကိန်းအတွက် မော်တော်ယာဉ် ၅ စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍
လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့်
ပြည်ထောင်စုသဘောတူစာချုပ်( Union Accord) အစိတ်အပိုင်း (၁)(၂)(၃)ပါ အချက်များနှင့်စပ်လျဉ်း၍
လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို
၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်လည် ကျင်းပသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာမည့်
၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်ဆိုင်ရာဥပဒေ၊
နည်းဥပဒေများ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ သတ်မှတ်ကာလအတွင်း ဆွေးနွေး၊ စိစစ်၊ အတည်ပြု
ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့်
၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပထမ(၆)လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့်
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက
စိစစ်နိုင်ရန် ကြိုတင်ပေးပို့ထားပြီးဖြစ်၍ လာမည့်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်
အစည်းအဝေးတွင် အစီရင်ခံစာများ တင်သွင်းနိုင်ရေး ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် တတိယအကြိမ်လွှတ်တော်
အသီးသီး၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပ ပြီးစီး၍ မိမိတို့နေထိုင်ရာ နယ်မြေဒေသအသီးသီးကို
ပြန်ကြမည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး လိုရာဆန္ဒပြီးမြောက်ပြီး
ဘေးမသီရန်မခဘဲ လိုရာခရီးအား အဆင်ပြေချောမွေ့စွာ ရောက်ရှိကြပါစေ၊ နောင်ပြန်လည်ကျင်းပပြုလုပ်မည့်
စတုတ္ထပုံမှန်အစည်းအဝေးကာလတွင် ကျန်းမာချမ်းသာစွာနှင့် ပြန်လည်ဆုံတွေ့နိုင်ကြပါစေဟု
ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစီအစဉ်ပြီးဆုံးကြောင်းနှင့်
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း
ကြေညာသည်။
သတင်းအဖွဲ့

No comments:
Post a Comment