Thursday, November 19, 2026

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်


 

နေပြည်တော် နိုဝင်ဘာ ၁၈

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet- 34th AARM) ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Terendak (တီရန်ဒတ်) လေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့သည် အခမ်းအနားကျင်းပသည့်နေရာသို့ရောက်ရှိခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ပစ်ခတ်သည့် Novelty Shoot ပစ်ခတ်စဉ်တွင် ပါဝင်ပစ်ခတ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သေနတ်ပစ်ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းရောက်ရှိနေရာယူကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များက နိုင်ငံအလိုက်ဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသည့်အသင်းများအား ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားပြီး AARM အထိမ်း အမှတ်အလံကို အလံတိုင်မှ ပြန်လည်ရုပ်သိမ်းသည်။

ဆက်လက်၍ (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၏ မှတ်တမ်းဗီဒီယိုပြသပြီး ယဉ်ကျေးမှုအဖွဲ့များက မလေးရိုးရာအကအလှများဖြင့်လည်းကောင်း၊ မလေးရှားတပ်မတော်စစ်တီးဝိုင်းမှ တီးမှုတ်ဖျော်ဖြေမှုအားလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့နောက် မလေးရှားကြည်းတပ်ဦးစီးချုပ်က AARM အထိမ်းအမှတ်အလံကို (၃၅) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အင်ဒိုနီးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်ထံသို့ လွှဲ‌ပြောင်းပေးအပ်ပြီး အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် 34th AARM သေနတ်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် ကိုယ်စားပြုသေနတ်ပစ်အသင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းအနေဖြင့် အသင်း လိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု၊ တစ်ဦးချင်းပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု စုစုပေါင်း ရွှေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၄) နေရာရရှိခဲ့ကြောင်း သိရှိရသည်။

ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကွာလာလမ်ပူမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး၌ စစ်သံရုံးမိသားစုများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစု ဝင်များအနေဖြင့် တာဝန်ထမ်းဆောင်နေထိုင်စဉ် ကာလအတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကား ကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူသွားရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာ များ၊ ဥပဒေများကိုသိရှိအောင်လေ့လာ၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်ရန်နှင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို စနစ်တကျ ကြိုးစားလေ့လာကာ တာဝန်ထမ်းဆောင် သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စစ်သံရုံး ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်

No comments:

Post a Comment