Thursday, November 19, 2026

ဘဝတစ်သက်တာရင်ဆိုင်ဖြေရှင်းနိုင်ရေး ပညာကိုကြိုးပမ်းသင်ကြားအားထုတ်

 


“မြန်မာစကားပုံတွင် ‘ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်’ ဟု ဆိုကြပြီး ရေနှင့်အစားအစာသည် ခန္ဓာကိုယ်အသက်ရှင်ရပ်တည်ရန်လိုအပ်သကဲ့သို့ ပညာသည်လည်း လူတစ်ဦး၏ဘဝတစ်လျှောက်လုံး ရပ်တည်ရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေဗဟုသုတနှင့် အသိပညာမပြည့်စုံသူများသည် ဘဝတစ်လျှောက် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အခက်အခဲများစွာ ကြုံတွေ့နိုင်သောကြောင့် ‘ပညာအသက် ဘဝတစ်သက်’ ဟုလည်းဆိုနိုင်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်ပညာရေးဘွဲ့ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ ဩဝါဒခံယူပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပညာနှင့်ပတ်သက်၍ သိရှိလိုက်နာ မှတ်သားဆောင်ရွက်ရမည့် အချက် ၅ ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ပထမအချက်အနေဖြင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် သင်ကြားရေးအတွေ့အကြုံတို့ကို အမြဲတမ်းမြှင့်တင်နေကြရန်၊ ဒုတိယအချက်အနေဖြင့် ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှုကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ တတိယအချက်အနေဖြင့် ဆရာ့ကျင့်ဝတ်နှင့် စံနမူနာကောင်းများကို ထိန်းသိမ်းလိုက်နာကြရန်၊ စတုတ္ထအချက်အနေဖြင့် လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုရှိကြရန်၊ ပဉ္စမအချက်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာ ဆရာမလောင်းများကို နိုင်ငံတော်က စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပြီး အရည်အချင်းအရည်အသွေးပြည့်ဝသော ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်မည့် မျိုးဆက်သစ်များဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ထိုသို့လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများ၏ အသက်အရွယ်၊ သင်ယူနိုင်စွမ်းနှင့် လိုအပ်ချက်များအပေါ်မူတည်ပြီး သင့်လျော်သည့်သင်ကြားသင်ယူမှုနည်းလမ်းများကို အသုံးပြုကြရမည်ဖြစ်သည်။ ကျောင်းသားများကိုယ်တိုင် စူးစမ်းလေ့လာခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်သကဲ့သို့ စဉ်းစားတွေးခေါ်လုပ်ကိုင်တတ်ရန်နှင့် သင်ယူထားသည့်ပညာကို လက်တွေ့အသုံးချတတ်ရန် အခွင့်အလမ်းများ ဖန်တီးပေးကြရမည်ဖြစ်သည်။

ဆရာများသည် ကျောင်းသားများအား အသိပညာပေးသူအဖြစ်သာမက အတုယူအားကျရသည့် စံနမူနာပြဖြစ်ရမည်ဖြစ်ပြီး ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှု၊ တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုတို့ကို လက်တွေ့ကျင့်သုံးကြရမည်ဖြစ်သည်။ ဆရာများသည် ဘဝတိုးတက်ရေးအတွက် လမ်းညွှန်ပေးသူများဖြစ်ပြီး တပည့်များ၏ ဒုတိယမိဘပင်ဖြစ်သည်။ ကျောင်းသားများ၏ အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုနားလည်ပြီး သားသမီးအရင်းအချာကဲ့သို့သဘောထားကာ ကြင်နာမှု၊ စိတ်ရှည်မှုနှင့် လေးစားမှုတို့ကိုအခြေခံပြီး သင်ကြားလေ့ကျင့်ပေးကြရမည်။ စာသင်ကျောင်းသည် လုံခြုံစိတ်ချရသည့်နေရာဖြစ်ပြီး အနိုင် ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အရှက်ရစေခြင်းတို့ကို ရှောင်ရှားရမည်။ အားသာချက် များကိုဖော်ထုတ်ပြီး အားနည်းချက်များကို ပြုပြင်လာအောင် ကူညီပေးရမည်ဖြစ်သည်။ စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရားများ ကောင်းမွန်လာအောင် ပြုပြင်ပျိုးထောင်ပေးရမည်ဖြစ်သည်။

ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့်တာဝန်ရှိသူများကြားတွင် အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရမည်ဖြစ်သည်။ ဒေသ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်လည်း စေတနာထားပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဆရာများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အထူးစောင့်ထိန်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့စွမ်းဆောင်ရည်များ တိုးတက်လာအောင် စီမံသင်ကြားပေးရန် အရေးကြီးသည်။ သင်ကြားရေးအတွေ့ အကြုံများကို ပြန်လည်သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်ကိုဖော်ထုတ်၍ ပိုမိုကောင်းမွန်သည့် ပညာရေးနည်းလမ်းကိုအသုံးချရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆရာသည် နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် လက်ဦးဆရာများဖြစ်ပြီး ဆရာများ၏ သင်ကြားပေးမှုကြောင့် ကျောင်းသား ကျောင်းသူများ၏ အသိပညာတိုးတက်လာမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားလာမှု၊ မိမိကိုယ်ကို ယုံကြည်မှုရှိမှုနှင့် လူမှုပတ်ဝန်းကျင်တွင် တာဝန်ယူဆောင်ရွက်နိုင်မှုတို့သည် အနာဂတ်စိန်ခေါ်မှုများကို ကျော်လွှားနိုင်သည့် အသိပညာ၊ အတတ်ပညာနှင့် ဗလငါးတန်ပြည့်စုံသည့် အဖိုးတန်လူငယ်များဖြစ်လာနိုင်ရာ မိသားစုနှင့်နိုင်ငံတော်က အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ပေါ်ထွန်းလာအောင် ပညာကို အပတ်တကုတ်သင်ကြား လေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment