Thursday, November 19, 2026

လူ့စွမ်းအားအရင်းအမြစ်၊ သုတေသနနှင့် မြန်မာ့မီးရထား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး

 


အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည် ရထားလုပ်ငန်းသက်တမ်းအရင့်ဆုံး နိုင်ငံဖြစ်သည်။ ၁၈၇၇ ခုနှစ်တွင် ရန်ကုန်- ပြည် ရထားလမ်းကိုဖွင့်လှစ်ခြင်းဖြင့် ရထားလုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၁၅၀ သက်တမ်းကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။

ရထားများကို အရှိန်နှုန်းမြှင့်တင်နိုင်ခြင်းအားဖြင့် ရထားများသည် မြို့လယ်ကောင်မှ မြို့လယ်ကောင်သို့ တိုက်ရိုက်ရောက်ရှိနိုင်ပြီး လေဆိပ်ကဲ့သို့ စောင့်ဆိုင်းချိန်မများသည့် အားသာချက်ရှိရာ လေကြောင်းလိုင်းများကို ယှဉ်ပြိုင်နိုင်သည်။ လျှပ်စစ်ရထားများသည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပေးသည်။ ကုန်တင်ကားများထက် ကုန်စည်တန်ချိန်အများအပြားကို စရိတ်သက်သာစွာ သယ်ယူနိုင်သည့် အားသာချက်လည်းရှိသည်။

ရထားလုပ်ငန်းကို နိုင်ငံ့စီးပွားရေးနှင့် ခရီးသွားလာရေး၏ အဓိကကျောရိုးအဖြစ် အောင်မြင်စွာအသုံးပြုနေသည့် နိုင်ငံများစွာ ကမ္ဘာပေါ်တွင်ရှိနေရာ မိမိတို့၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံတို့လည်း ပါဝင်ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိုင်ပေါင်း ၂၈၀၀၀ ကျော်ရှိ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးမြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ပိုင်ဆိုင်ထားရာ ကမ္ဘာ့မြန်နှုန်းမြင့် ရထားလမ်းစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်း ခုတ်မောင်းနိုင်သော ကျည်ဆန်ရထားများဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများကို အချိန်တိုအတွင်း ချိတ်ဆက်ပေးထားသည်။ ထို့အပြင် ခရီးသည်သယ်ယူပို့ဆောင်ရေးတွင်သာမက တရုတ်- ဥရောပ ကုန်တင်ရထားလမ်းကြောင်းကလည်း ကမ္ဘာ့ကုန်သွယ်ရေးကိုပါ ချုပ်ကိုင်ထားနိုင်သည်။

လူဦးရေသန်းပေါင်း ၁၄၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံတွင် ရထားလုပ်ငန်းအားဖြင့် နေ့စဉ်ခရီးသည် သန်း ၂၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ကမ္ဘာ့အကြီးဆုံး ရထားလုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်သည်။ ရထားလုပ်ငန်း သက်တမ်းရင့်နိုင်ငံကြီးဖြစ်သော အိန္ဒိယနိုင်ငံသည် မျက်မှောက်ကာလတွင် ရထားလမ်းအားလုံးကို လျှပ်စစ်စွမ်းအင်သုံး (Electrification) အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး Vande Bharat ကဲ့သို့ ပြည်တွင်းဖြစ် ခေတ်မီအမြန်ရထားသစ်များဖြင့် အဆင့်မြှင့်တင်အောင်မြင်မှုကို အရှိန်အဟုန်မြင့်မားစွာ ရရှိနေပြီဖြစ်သည်။

“မြန်မာ့မီးရထားလုပ်ငန်းသည် နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိလာပြီဖြစ်သော်လည်း ရထားပို့ဆောင်ရေးဆိုင်ရာ အရည်အသွေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့၌ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ယခင်က ပြည်ပနိုင်ငံများမှ ရထားတွဲများ ဝယ်ယူတင်သွင်း အသုံးပြု ခဲ့ရသော်လည်း ပြည်တွင်း၌ ရထားတွဲတည်ဆောက်ထုတ်လုပ်နိုင်သည့် စက်ရုံနှင့် အခြေခံစွမ်းဆောင်ရည်များရှိနေသဖြင့် ပြည်တွင်းအင်ဂျင်နီယာများ၏ နည်းပညာစွမ်းရည်ကိုအသုံးချ၍ ရထားတွဲများကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏မူဝါဒများ နှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့မီးရထားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးခြင်းအပြင် သုတေသနလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရထားလမ်း၊ ရထားတွဲ၊ စက်ခေါင်းနှင့် ပို့ဆောင်ရေး စနစ်များဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရထားသုတေသနဌာနတစ်ခု ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းဌာနမှတစ်ဆင့် ရထားပို့ဆောင်ရေးဆိုင်ရာနည်းပညာနှင့် လုပ်ငန်းစဉ်များကို လေ့လာသုတေသနပြု၍ လိုအပ်သည့် တိုးတက်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

လက်ရှိကာလ မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများကို အဆင့်မြှင့်တင်လျက်ရှိပြီး DEMU ရထားသစ်များဖြင့် ယခင်ထက် ပိုမိုမြန်ဆန်အချိန်မှန်စွာ ပြေးဆွဲပေးနေသည်။ ရထားလက်မှတ်ဝယ်ယူမှုကိုလည်း အွန်လိုင်းမှ ဝယ်ယူနိုင်သည့်စနစ်သို့ ပြောင်းလဲပေးနိုင်ခဲ့ခြင်းကြောင့် စီးနင်းသူခရီးသည်များ များပြားလျက်ရှိသည်။ ရထားပို့ဆောင်ရေးဆိုင်ရာ နည်းပညာများမှာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။

မြန်မာ့မီးရထားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ ရထားသုတေသနဌာန ထူထောင်ဖွင့်လှစ်ခြင်းတို့သည် အနာဂတ်ကာလ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ရထားလုပ်ငန်းကို ကမ္ဘာနှင့်ရင်ပေါင်တန်းစေနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment