Thursday, November 5, 2026

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား

 

နေပြည်တော် နိုဝင်ဘာ ၄

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူထားပြီး ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာလူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမည့် ရေဂါလန်ပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာ ကြိုတင်တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တာဝန်ရှိသူများအား မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ခ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန် စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူဦးဆောင်သော စီမံကိန်းများ ဖော်ဆောင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment