Thursday, November 5, 2026

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ဗီယက်နမ်အပြည်ပြည်ဆိုင်ရာ ဒီဂျစ်တယ်ရက်သတ္တပတ် ၂၀၂၆ သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၄

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် သည် ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ် ဟောင်လောင်းမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်အပြည်ပြည်ဆိုင်ရာ ဒီဂျစ်တယ်ရက်သတ္တပတ် ၂၀၂၆ (Viet Nam International Digital Week 2026) သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် MUONG THANH LUXURY HA LONG CENTRE ၌ ကျင်းပပြုလုပ်သည့် ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ ဒီဂျစ်တယ်ရက်သတ္တပတ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကွမ်နင်းပြည်နယ် ပြည်သူ့ကော်မတီဥက္ကဋ္ဌ H.E. Mr. Nguyen Van Cong က ကြိုဆိုအမှာစကားပြောကြားပြီး ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး H.E. VU HAI QUAN က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် “စမတ်ကျသော ချိတ်ဆက်မှုများကို မြှင့်တင်ခြင်း၊ AI နည်းပညာ စီမံအုပ်ချုပ်မှုနှင့် AIအသွင်ကူးပြောင်းမှုကို အထောက် အကူပြုခြင်း (Advancing Smart Connectivity, AI Governance and Enabling AI Transformation)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှု၊ လူနေမှုဘဝ အရည်အသွေးမြှင့်တင်ရေးနှင့် နိုင်ငံတော်၏ ကြံ့ကြံ့ခံနိုင်စွမ်းတို့အတွက် မရှိမဖြစ် အရေးပါလာသည့်အတွက် ခိုင်မာသော ဒီဂျစ်တယ် အခြေခံအုတ်မြစ်များချမှတ်ရန်နှင့် ပြည်တွင်း ဒီဂျစ်တယ်စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်သကဲ့သို့ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသည့် ပြည်သူအားလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် ပုံစံဖြစ်စေရေးကိုလည်း သေချာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ တွက်ချက်မှု စွမ်းရည်အရင်းအမြစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများကို မျှဝေအသုံးပြုခြင်း၊ ယုံကြည်စိတ်ချရသော နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်နည်းပညာနှင့် AI ဆိုင်ရာမူဘောင်များ ဖော်ဆောင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်ပညာရှင်များအကြား အတွေ့အကြုံဖလှယ်ခြင်းတို့တွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဆန်းသစ်တီထွင်မှုများတွင် တာဝန်ယူမှုရှိပြီး အကျိုးကျေးဇူးများကို အားလုံးမျှဝေခံစားနိုင်သည့် ဒီဂျစ်တယ်အနာဂတ်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၂၉ ရက်တွင် "Workshop on Trusted Services Beyond Borders: Establishing Digital Trust Infrastructure for an AI-Driven World" ဆွေးနွေး ပွဲသို့ တက်ရောက်သည်။

ဒီဂျစ်တယ်ရက်သတ္တပတ် ၂၀၂၆ သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ဒီဂျစ်တယ်ကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် အစိုးရအေဂျင်စီများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ GSM Association ၊ UNDP နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာနည်းပညာကုမ္ပဏီများ၊ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်စက်ပစ္စည်းရောင်းချသူများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment