ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၊ မြန်မာနိုင်ငံမိုးလေဝသဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမိုးလေဝသအဖွဲ့အစည်းများက ယခုရက်ပိုင်းအတွင်း အထူးသတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်လာသည်ကို တွေ့ရသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်အပူချိန်ထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ပိုနေပြီး လေထုဖြစ်စဉ်မှာ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့်
ဒီဇင်ဘာလများတွင် အယ်လ်နီညိုအခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ဒီဂရီဆဲလ်စီးယပ်ဆိုသည်မှာ အပူချိန်တိုင်းတာသည့် ယူနစ်တစ်ခုဖြစ်ပြီး ယခင်က ဒီဂရီစင်တီဂရိတ်ဟု
လူသိများသည်။ ရေခဲစတင်ဖြစ်ပေါ်သည့် သုညဒီဂရီဆဲလ်စီးယပ်မှ ပုံမှန်လေဖိအားအောက်တွင် ရေဆူပွက်သော
၁၀၀ ဒီဂရီဆဲလ်စီးယပ်အထိ သတ်မှတ်ထားသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံများတွင်
၃၀ ဒီဂရီဆဲလ်စီးယပ်သည် သင့်လျော်သောအခြေအနေတွင်ရှိပြီး ဂျပန်နိုင်ငံကဲ့သို့ အအေးပိုင်းနိုင်ငံများတွင်
၂၀ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်သည် ပူပြင်းလာသည်ဟု ဆိုနိုင်သည်။ အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ်ထက်
ပိုလာတိုင်း ပူပြင်းလာသည်ဟု ဆိုနိုင်သည်။
ယခုအခါ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်
အအေးပိုင်း၊ အပူပိုင်းနိုင်ငံများသည် သတ်မှတ်ထားသည့် အမြင့်ဆုံးအပူချိန်ထက် ၂ ဒသမ ၅
ဒီဂရီဆဲလ်စီးယပ်ထက် ပိုလာသဖြင့် နိုင်ငံများအနေဖြင့် အလွန်ပူပြင်းသောရာသီဥတုဒဏ်ကို
ခံစားလာကြရသည်။ လာမည့်လများတွင် အယ်လ်နီညိုအခြေအနေသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာမည်ဟု
ခန့်မှန်းထားသဖြင့် နိုင်ငံများအနေဖြင့် အဘက်ဘက်တွင် အရေးပေါ်အခြေအနေများ ထုတ်ပြန်ထားပြီး
သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သောအခြေအနေများကို ကြိုတင်ပြင်ဆင်တွက်ဆ၍ အရေးပေါ်လုပ်ဆောင်သင့်သည်များကို
စီစဉ်ဆောင်ရွက်နေကြပြီဖြစ်သည်။ ရာသီဥတုပူပြင်းမှုအန္တရာယ်များသည် တဖြည်းဖြည်းမြင့်မားလာသည်ဖြစ်၍
ချက်ချင်းထိတွေ့ခံစားရမည်ဖြစ်သော ကျန်းမာရေးအန္တရာယ်နှင့် ရေရှည်ထိခိုက်ခံစားရမည့်
စားရေရိက္ခာပြဿနာများအတွက် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာမှုသည်
လူသားများ၏ အလိုဆန္ဒများအတွက် သဘာဝပတ်ဝန်းကျင်ကို အလေးမထားဘဲ ဆောင်ရွက်လာမှုအမျိုးမျိုးကြောင့်
ပေါ်ပေါက်လာသော သဘာဝဘေးအန္တရာယ်များဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ
ရေစီးကြောင်းတွင် သဘာဝတရားကြီးက ဖန်တီးပေးထားသော အကာအကွယ်များပျက်ယွင်းပြီး သမုဒ္ဒရာကြီးပူနွေးလာမှုအခြေအနေမှ
ယခုဖြစ်စဉ်များပေါ်ပေါက်လာခဲ့သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လာပြီး
မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့်
နွေရာသီကာလများတွင် အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်ဖြစ်စဉ်များ
ဖြစ်ပေါ်လာသည်။
အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့်
လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်မြင့်မားခြင်းနှင့် ရေရှားပါးခြင်းများဖြစ်ပေါ်နိုင်ပြီး
မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့်
စိုက်ပျိုးရေပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ အပူလျှပ်ခြင်း၊
ရေဓာတ်ခန်းခြောက်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု
လျော့နည်းသွားနိုင်ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းပြီး လျှပ်စစ်လိုအပ်ချက်မြင့်မားလာနိုင်သည့်
အခြေအနေများရှိလာမည်ဖြစ်သောကြောင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်များရှိသလို
ပြည်သူများအနေဖြင့်လည်း ရေကိုခြိုးခြံချွေတာသုံးစွဲခြင်း၊ လျှပ်စစ်ဓာတ်အားကို ချွေတာ၍
မဖြစ်မနေလိုအပ်သလောက်သုံးစွဲခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဖော်ပြပါ ရင်ဆိုင်ကြုံတွေ့နိုင်သည့်
သဘာဝဖြစ်စဉ်များနှင့်ပတ်သက်၍ ရေတို ဆောင်ရွက်ရမည့် အစီအမံများရှိသလို ရေရှည်ဆောင်ရွက်ကြရမည့်
အပူဒဏ်အန္တရာယ်ကာကွယ်ရေး၊ ရေခြိုးခြံချွေတာရေးအစီအစဉ်များကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
အရေးကြီးသည့် သောက်သုံးရေနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူတစ်ဦးချင်းစီအနေဖြင့်
ရေကိုအလေအလွင့်မရှိအောင် သုံးစွဲကြရန်နှင့် မိုးရေကို စုဆောင်းအသုံးပြုခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊
ရေငွေ့ပြန်မှုကိုလျှော့ချနိုင်သည့် ရေသုံးစွဲမှုနည်းလမ်းများအသုံးပြုခြင်း၊ ခြောက်သွေ့မှုဒဏ်ခံနိုင်သော
အပင်များစိုက်ပျိုးခြင်း၊ ရေနည်းနည်းဖြင့် အပင်ရှင်သန်စေရန်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါအစီအစဉ်များကို နိုင်ငံအစိုးရနှင့် သက်ဆိုင်ရာတို့က အလေးထားဆောင်ရွက်ကြမည်ဖြစ်သလို
ပြည်သူများအားလုံးကလည်း တက်ညီလက်ညီ အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment