Tuesday, November 3, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့အဆင့် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ တည်ဆောက်ပေးနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေထိုင်ရေး၊ လမ်းအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ မျိုးဆက်သစ်လူငယ်များအား ယဉ်ကျေးမှုဘဝနေနည်းဆိုင်ရာ အသိပညာစာပေများ သင်ကြားပေးနိုင်ရေး၊ ပုဂ္ဂလိကပိုင်ကျောင်းများ ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ရေး၊ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်းကိုးခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအား ပလိပ်မြို့အဖြစ် မြို့အဆင့်တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအား မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခွင့်ရရှိနိုင်ရေးတွက် မြို့အင်္ဂါရပ်နှင့် ပြည့်စုံရမည့်အချက် ၂၁ ချက်အနက် ၁၆ ချက်သာပြည့်စုံပြီး ကလေးများအပန်းဖြေရန် ဥယျာဉ်/ ကစားကွင်း၊ တိုးတက်လာမည့် လူဦးရေအတွက် မြို့ဧရိယာတိုးချဲ့မည့်အစီအမံ၊ အမှိုက်စွန့်ရန် မြေနေရာ၊ မိလ္လာစွန့်ရန် မြောင်းတူးမည့်မြေနေရာ၊ သုသာန်မြေနေရာ စသည့်အချက်ငါးချက်မှာ ကိုက်ညီမှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပလိပ်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ လောပိတမြို့၌ ရဲစခန်းရုံးနှင့် ဝန်ထမ်းများနေထိုင်ရန် အိမ်ရာအဆောက်အအုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ၂၀၂၁ ခုနှစ်၊ မတ်လတွင် KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများက လောပိတနယ်မြေရဲစခန်းကို သာလွန်အင်အားများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ရုံး/ နေအိမ်အဆောက်အအုံများအားလုံး ပျက်စီးခဲ့ပါကြောင်း၊ ရုံး/ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် လူနေထိုင်၍မရရှိတော့သဖြင့် တပ်ဖွဲ့ဝင်နှင့်မိသားစုများသည် ၂၃-၅-၂၀၂၁ ရက်နေ့မှ စတင်၍ ခြေလျင်တပ်ရင်း (လောပိတမြို့)နှင့် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် တွဲဖက်နေထိုင်၍ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

လောပိတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လက်ရှိနယ်မြေအခြေအနေအရ ခြေလျင်တပ်ရင်းတွင် အခြေပြုပြီး တပ်မတော်နှင့်အတူပူးပေါင်း၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိပါက အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီးခြင်းခံရသော လောပိတနယ်မြေရဲစခန်းကို ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ နယ်မြေရဲစခန်းရုံး အဆောက်အအုံတစ်လုံးနှင့် လေးခန်းတွဲ နှစ်ထပ်သံကူကွန်ကရစ် အဆောက်အအုံတစ်လုံးတို့အား နီးစပ်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားတောင်းခံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၏ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ ယာယီနေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ကျောက်ကြီး-နတ်သံကွင်း-ပဲနွယ်ကုန်းလမ်းအား အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ကျောက်ကြီး-နတ်သံကွင်းကားလမ်းတစ်လျှောက်တွင် KNU/ PDF အကြမ်းဖက်အဖွဲ့များက တပ်မတော်/ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ အများပြည်သူများ သွားလာအသုံးပြုသည့် မော်တော်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် လတ်တလောတွင် ကျောက်ကြီး-နတ်သံကွင်း ကားလမ်းအား အသုံးပြု၍မရနိုင်သေးပါကြောင်း၊ ကျောက်ကြီးမြို့နယ်တွင် ပြောင်းရွှေ့/ ရောက်ရှိ/ ထွက်ခွာမည့် ဝန်ထမ်းများ၊ တက္ကသိုလ်များသို့ ပညာသင်ကြားရန် သွားရောက်မည့် ကျောင်းသား/ ကျောင်းသူများ၊ ကျန်းမာရေးအရ ဆေးဝါးကုသမှုခံယူမည့်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက သက်ဆိုင်ရာနယ်မြေခံတပ်နယ်သို့ ခရီးသွားရောက်မည့်အခြေအနေကို သတင်းပို့တင်ပြကာ တပ်မတော်ယာဉ်တန်းဖြင့် ပို့ဆောင်ပေးလျက်ရှိပါကြောင်း။

ကျောက်ကြီးမြို့နယ် ကျောက်ကြီး-နတ်သံကွင်း ကားလမ်းမကြီး၏ ဝဲ/ ယာတွင်ရှိသော အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားနေသည့် ကျေးရွာများသို့ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိပြီး ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများ မြှုပ်နှံထားသည့် မိုင်းများကို တပ်မတော်မှ ရှင်းလင်းဆောင်ရွက်လျက်ရှိပါသောကြောင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသည့်အချိန်မှသာ သွားလာနေထိုင်နိုင်မည်ဖြစ်ပါကြောင်း။

ယာယီနေရပ်စွန့်ခွာပြည်သူများအား စိစစ်၍ ပြန်လည်နေရာချထားခြင်းနှင့်စပ်လျဉ်း၍ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်အတူ အကြမ်းဖက်သမားများ ရောနှောဝင်ရောက်လာမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျစိစစ်ပြီး အိမ်ထောင်စုအလိုက် ပြန်လည်နေရာချထားနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများ၏ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမှ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးပစ္စည်းများ အချိန်မီရရှိနိုင်ရေး သက်ဆိုင်ရာ ခရိုင်/ မြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ယခုအချိန်တွင် နတ်သံကွင်းမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ရံဖန်ရံခါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb များ၊ FPV drone များဖြင့် တိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိသဖြင့် လတ်တလောတွင် လုံခြုံရေးအခြေအနေအရ ဒေသခံပြည်သူများ ပြန်လည်နေထိုင်ရန် မသင့်လျော်သေးပါကြောင်း၊ လုံခြုံရေးအခြေအနေများ ကောင်းမွန်သည့်အချိန်မှသာ ယာယီနေရပ်စွန့်ခွာပြည်သူများကို ပြန်လည်နေရာချထားခြင်း၊ တိုက်ပွဲဖြစ်ပွားခဲ့သောကျေးရွာများ၏ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၏ မျိုးဆက်သစ်များ၏ ကျောင်းပညာရေးတွင် ယဉ်ကျေးမှုဘဝနေနည်းဆိုင်ရာ အသိပညာစာပေများ သင်ကြားပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန်ရည်မှန်း၍ ယဉ်ကျေးမှုဆိုင်ရာ ပြည်သူ့နီတိ၊ ဒီမိုကရေစီသဘောသဘာဝ၊ ဥပဒေဆိုင်ရာသင်ခန်းစာများ၊ ယဉ်ကျေးမှုဘဝနေနည်းဆိုင်ရာ အသိပညာစာပေများစသည်တို့ကို ကျောင်းသား ကျောင်းသူများအား သင်ကြားပေးရုံသာမက မျိုးဆက်သစ်များအား လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိသည့် ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်များတွင် တက်ရောက်လျက်ရှိသည့် ဆရာ ဆရာမ လောင်းလျာများကိုလည်း ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဟားခါးမဲဆန္ဒနယ်မှ ဦးဗန်နီ၏ ဥပဒေမဲ့ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအား အရေးယူရန်နှင့် တရားဝင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်ကြပ်မတ်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခွင့်ပြုခဲ့သည့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကကျောင်းဆရာများ၊ စီမံဝန်ထမ်းများ (အချိန်ပိုင်း၊ အမြဲတမ်း) တို့အား DCS ပြုလုပ်ထားသည့် ဆရာ ဆရာမများ သင်ကြားမှုမရှိစေရေး သေချာစွာစိစစ်ကြပ်မတ်ရန်၊ စာသင်ကြားခြင်းတွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန်နှင့် ပုဂ္ဂလိက ဆရာ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များအား သေချာစွာစိစစ်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကိုယ်ရေးမှတ်တမ်းများ တင်ပြရာတွင်လည်း ယခင်ပညာရေးဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိ/ မရှိ၊ DCS ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဝန်ခံကတိပြုချက်၊ ဘွဲ့လက်မှတ်မိတ္တူများအား ကာယကံရှင်နှင့် သက်ဆိုင်ရာ ကျောင်းတည်ထောင်သူတို့မှ မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး ကျောင်းအလိုက်စုစည်းကာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့စေလျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေမဲ့ လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ အတန်းကျော်လွန်တက်ရောက်ခွင့်ပြုခြင်း ဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါက ပုဂ္ဂလိကပညာရေး ဥပဒေပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေးနည်းလမ်းအတိုင်း ပြစ်ဒဏ်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားနိုင်ရေး မည်သည့်နှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေပညာ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-8) (Grade-9)တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11, Grade-12 တန်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိပါကြောင်းနှင့်ဆက်လက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ် ဂုံမင်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် (66KV) ခွဲရုံတည်ဆောက်ပေးရန် မည်သည့်ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ကျောင်းကုန်းမြို့နယ် ဂုံမင်းကျေးရွာ ဓာတ်အားရရှိရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက အဆိုပါဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားရယူ၍ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင်နှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေထရန်စဖော်မာတစ်လုံး တည်ဆောက်၍ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရေးအတွက် ခွဲရုံမြေနေရာအား အခြားနည်းသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ဆဲဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက နီးစပ်ရာဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ဂုံမင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင်နှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။

သာကေတမဲဆန္ဒနယ်မှ ဒေါ်အေးမြမြကြိုင်၏ သာကေတမြို့နယ်အတွင်း 11KV Feeder Lines  များ၊ 400 V Lines များနှင့် Transformer များကို အပိုင်းလိုက် အသစ်လဲခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လက်ရှိဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ်အတွင်း မည်သို့စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က သာကေတမြို့နယ်အတွင်းရှိ စက်မှုဇုန်အား ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှစ၍ LNG ဓာတ်အားဖြင့်လည်း ဓာတ်အားဖြန့်ဖြူးပေးထားပါသဖြင့် ယခင်နှစ်များထက် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ မီးသုံးစွဲသူများအနေဖြင့် သုံးစွဲသည့်ယူနစ်အား မိမိကိုယ်တိုင် ဖတ်ရှုမှတ်သားနိုင်ရေးအတွက် AMI စနစ်သို့ ပြောင်းလဲခြင်းလုပ်ငန်းများအား ယခုနှစ် စက်တင်ဘာလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ မီတာအလုံး ၆၇၈၀ အား AMI စနစ်သို့ ပြောင်းလဲပေးထားပြီး ကျန်မီတာ ၃၃၉၂၆ လုံးအား ယခုနှစ်အကုန်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်းနှင့် 11KV Feeder Line များ၊ 400 V Line များနှင့် ထရန်စဖော်မာများအား အပိုင်းလိုက် အသစ်လဲခြင်း (သို့မဟုတ်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လက်ရှိဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုချက်ပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းလင်း၏ မိုးနဲမြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ လွယ်ဆိုင်၊ နမ့်အွန်နှင့် ပါဟာကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ နောင်ဟီးကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆိုင်၊ နမ့်အွန်နှင့် ပါဟာကျေးရွာ သုံးရွာ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂ ဒသမ ၃၅ မိုင်၊ ၁၀၀ ကေဗွီအေထရန်စဖော်မာ သုံးလုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၄၇ မိုင်အား ရှမ်းပြည်နယ်အစိုးရငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ရွာစဉ်အလိုက် ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို နိုဝင်ဘာ ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment